Tuesday, May 27, 2014

ကြက်သား ဒန်ပေါက်



ပါဝင်သော အရာများ
ကြက်ရင်အုပ် ၅ခု
ဒိန်ချဉ်
ကြက်သွန်နီ
ကရဝေးရွက်
သစ်ဂျပိုးခေါက်
လေးညှင်း
ဖလာ
မဆလာ ၃မျိုး (နာမည်မခေါ်တတ်လို့ပါ။ ကုလားဆိုင်တွေမှာ သွားဝယ်ရင် သီးစုံချဉ်ဟင်းချက်ဖို့ဆိုရင် ၃မျိုးပေးတတ်တယ်။ ရန်ကုန်ကနေ၀ယ်လာတာ)
ထောပတ်
သခွားသီး
ချဉ်ပေါင်
ခရမ်းချဉ်သီး
မြစ်
ငပိစိမ်းစား
သံပုရာသီး
ငရုတ်သီးစိမ်း
နံနံပင်
စပျစ်သီးခြောက်
သီဟိုစေ့
အစိမ်းရောင် ပဲလုံးစေ့
ဆား
အချိုမှုန့်
Basamati Rice
Yellow Colouring
ငရုတ်အရောင်တင်မှုန့်

ကြက်သွန်နီ ၅လုံးကို အခွံခွာ ပါးပါးလှီးထားပါ

ကြက်ရင်အုပ် ၅ခုကို မနှယ်ခင် ဓားနဲ့အပေါ်က နဲနဲလှီးပါ။ ဇလုံ၁ခုထဲမှာ ကြက်ရင်အုပ်၅ခုကို ဆား၊ အချိုမှုန့်၊ မဆလာ ၃မျိုး၊ သစ်ဂျပိုးခေါက် ၁ခု၊ ကရဝေးရွက် ၅ရွက်၊ ဖလာ ၅စေ့၊ လေးညှင်း ၅စေ့၊ ဒိန်ချဉ် ဟင်းခတ်ဇွန်း ၃ဇွန်း၊ ထောပတ် ၁ခုရဲ့ ၁၀ ပုံ မှာ ၁ပုံစာ၊ ငရုတ်အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းရောနှယ်ပြီး မချက်ခင် ၁ည ရေခဲသေတာထဲတွင်နှပ်ထားပါ၊

Basamati ဆန်ကို ၃လုံးခွဲ ဆန်ဆေးသလိုဆေးပြီးသစ်ဂျပိုးခေါက် ၁ခု၊ ကရဝေးရွက် ၅ရွက်၊ ဖလာ ၅စေ့၊ လေးညှင်း ၅စေ့၊ စပျစ်ခြောက် (ကြိုက်သလောက်ထည့်နိုင်ပါတယ်)၊ သီဟိုစေ့ (ကြိုက်သလောက်ထည့်နိုင်ပါတယ်) အစိမ်းရောင် ပဲသီးစေ့ (ကြိုက်သလောက်ထည့်နိုင်ပါတယ်)၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်းထည့်ပြီး ထမင်းချက်သလိုချက်ပါတယ်။ Rice Cooker နဲ့ချက်ပါတယ်။

ဒယ်အိုး ၁လုံးထဲမှာ ဆီ ၂၀သားထည့် ဆနွင်းနည်းနည်းထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်ကို ကြော်ပါတယ်။ ကြက်သွန်နီ ကျက်လာရင် ဆယ်ပြီး ဆီကိုသတ်သတ်ဖယ်ထားပါတယ်။

ဆီ ၃ကျပ်သားထည့်ပြီး လုံးထားသော ကြက်သားကိုထည့် ကြက်သွန်ကြော်ထည့်ပြီး မီးအေးအေးနဲ့လုံးပါတယ်။ ရေမကျန်အောင် ကြက်သားကိုချက်ရပါတယ်။

ဆန်ကြက်ရင် အိုးအကြီးကြီး ၁လုံးထဲမှာ ထမင်း ၁လွှာခင်းပါတယ်။ အရောင်ဖြန်းပါတယ်။ လက်ဖက်ရည်ဇွန်း ၃ဇွန်း သုံးပါတယ်။ ၂ဇွန်းက ကျဲကျဲဖြူးတာပါ။ ကျဲကျဲဖြူးတော့ အ၀ါရောင်ရပါတယ် ၁ဇွန်းက ၁နေရာထဲဖြူးတော့ အနီရောင်ရပါတယ် (အရောင်ဖြန်းတာအရေးကြီးပါတယ်။ အကုန်အပြည့်မဖြူးရပါဘူး ကျဲတောက်တောက်ဖြူးရပါတယ်)

အပေါ်ကနေ ထမင်း ၁လွှာ ထပ်ဖြူးပါတယ် အပေါ်ကနေ ကြက်သားထည့်ပါတယ်

အပေါ်က ထမင်း ၁လွှာ ထပ်ဖြူးပါတယ်။

မီးအေးအေးနဲ့ တည်ပါတယ် ထမင်းခပ်တဲ့ဇွန်းနဲ့ ဖွဖွလေး မွှေပါတယ်

ကြက်သားဒန်ပေါက်ရပါပြီ ... အကျက်ဖောက်နည်းနဲ့ချက်တာပါ



အချဉ်အတွက်က 

သခွားသီး ကြက်သွန်နီ ပါးပါးလှီး သံပုရာသီး ၁ခြမ်း၊ နံနံပင် ငရုတ်သီးစိမ်း ပါးပါးလှီး၊ ဆားအချိုမှုန့်နယ်ပါတယ်

ချဉ်ပေါင်ဟင်းချိုအတွက်က
ချဉ်ပေါင်ရွက်ခြွေ၊ မြစ်ပါးပါးလှီး
ဒယ်အိုး၁လုံးမှာ ရေထည့်ပြီး ရေဆူလာရင်  ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ ၂မွှာကိုထည့်၊ ငပိစိမ်းစား အနည်းငယ်၊ ထောင်းထားသော ပုဇွန်ခြောက်ထည့်ပါ၊ ကြက်သွန်ဖြူအနံပျောက်မှ ချဉ်ပေါင်ရွက်၊ မြစ်ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ မြစ်နှုးပြီး ချခါနီးအချိန်မှ ငရုတ်သီးစိမ်း ခရမ်းချဉ်သီးထည့်ပါ။



Monday, May 26, 2014

ဒုတိယ ကလေး ရိုးရိုး မွေးခဲ့စဉ်

ဒုတိယ ကလေးကို သူများ ကလေးတွေလို အဓိပတိဖွား လိုချင်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကလေးကံကို မိဘက လုပ်ယူသလို ဖြစ်နေတယ်။ ကျွန်မ အမြင်ကိုပြောချင်ပါ။ ဘာနေ့သားပဲရရ၊ ဘာဖွားပဲဖြစ်ဖြစ် ကလေးကံကို မပြင်တော့ပါဘူး။ ကျွန်မ ဆုတော့ တောင်းတယ်။ ကျွန်မ ဗိုက်ကလေးကို ပုတ်ပြီး သားသား နေ့မကောင်းဘူး မနာနဲ့ဦးနော် ဆိုပြီး သားသားနဲ့ အပြန်အလှန် စကားပြောကြတာ။ ကိုယ်ဝန် ၃၇ ပတ် ပြည့် တဲ့နေ့မှ ခွင့်စ ယူပါတယ်။ ရုံးက Users တွေက ပြောကြတယ်။ လမ်းအများကြီး လျောက်ရင် စောစော ကြိုမွေးတတ်တယ်။ ပထမကလေး မွေးတဲ့အချိန်ထက် သေချာတယ် စောပြီး မွေးမှာ။ ပြောပါများလာတော့ ကျွန်မကြောက်လာတယ်။ အဲဒီအရှေ့မှာ ၁ယောက်ရှိတာကို။ ခွင့်ယူသွားတဲ့နေ့ ည ၁၂နာရီမှာ ကလေးမွေး သွားတယ်။ ကျွန်မက သူ့ထက်လမ်းပိုလျောက်ရတော့ အဲဒီလိုပဲ ထင်ကြေးပေး ကြတယ်။ အဲဒါနဲ့ ခွင့်ကို ကြိုယူဖြစ်တယ်။ ယောင်္ကျားလေး လွယ်ထားရတဲ့ ကိုယ်ဝန်က နောက်ကျတယ်။ သားကြီးကို ကို်ယ်ဝန် ၃၉ ပတ်နဲ့ ၆ရက်မှာ မွေး ပြီး သားငယ်ကို ကိုယ်ဝန် ၃၉ ပတ်နဲ့ ၂ရက်မှာမွေးပါတယ်။ စောတယ်နော် ၄ရက်ပဲ။ ခွင့် ၁၀ ရက်ကို နှမြောလိုက်တာနော့။ သားငယ်လေးနဲ့နေရမယ့်အချိန် နည်းသွား တာပေါ့။

၁၆ ရက်နေ့မတိုင်မီ လွန်ခဲ့တဲ့ ၃ရက်က ဆီးစပ်နားမှာ သန်ထိုးသလို နာပါတယ်။ အိမ်သာထဲသွား ပြန်လာ ပြီး စောင်းအိပ်နေလိုက်ရင် ပျောက်သွားရော၊ အဲဒီလို ၃ရက် ဆက်တိုက်ဖြစ်နေရာကနေ ၁၅ ရက်နေ့ ည ၇နာရီခွဲမှာ Facebook မှာ စိတ်ညစ်ညစ်နဲ့ status ရေးမိတယ်။ မြန်မာ အယူအဆအရ တနင်္ဂနွေ ကနေ အင်္ဂါ အထိကောင်းပါတယ်။ Wednesday, Thursday, Saturday မကောင်းဘူး။ ဖြစ်ချင်တော့ ကြာသ ပတေးနေ့ ည ၇နာရီခွဲကျော်ကျော်မှာ ဆီးစပ်က သန်ထိုးသလို နာပါတယ်။ အရင် ၃ရက်ကလဲ အဲဒီလို နာဖူးတော့ ဒီအတိုင်းပဲ နေလိုက်ပါတယ်။ နာလိုက် အိမ်သာသွားလိုက်ပေါ့။ ၄၅ မိနစ် ၁ကြိမ်နာပါတယ်။ စောင်းအိပ်ကြည့်တယ်။ ဒါပေမယ့် မရဘူး။ နောက် နာရီဝက် ၁ကြိမ် နာလာပါတယ်။ ယောင်္ကျားကို မေး ကြည့်တော့ ၅မိနစ်ခြား ၁ကြိမ်နာမှ ဆေးရုံ ဖုံးဆက်လို့ရမှာတဲ့။ အဲဒီအချိန် နာလာတယ် ပျောက်သွား တယ် ဆိုရင်  ယောင်္ကျားကိုပြောတယ်။ ဒီလိုနဲ့ ည ၁၁ နာရီကျော်လာတော့ ပိုဆိုးလာတယ်။ ၁၅ မိနစ် ခြား ၁ခါ နာလာ တာ။ ယောင်္ကျားက ဖုံးခေါ်ကြည့်လိုက်မလား။ အခြေအနေသိရတာပေါ့။ ကျွန်မက အစောပိုင်း ကတည်း က ခေါ်ချင်နေတာ။ ဆေးရုံ သွားဖို့ အထုတ်လဲ ထုတ်ထားတယ်။ ယောင်္ကျားက အဲဒီညက အိတ် စစ်ကြည့်တော့ ကလေးအတွက် မေ့ပြီး မထည့်ထားမိလိုက်ဘူး။ ဒါနဲ့ ယောင်္ကျားက NUH  ဆေးရုံ Emergency ကို ဖုံးဆက် တယ်။ ကျွန်မ IC၊ ဘယ်လိုစဖြစ်သလဲဆိုတာရယ်၊ အခုကလေးက ပထမကလေး လား၊ ဒုတိယ လားမေးတယ်။ ဆေးရုံက အဲဒါဆို အခုချက်ခြင်း လာခဲ့ပါဆိုပြီး လင်မယား ၂ယောက်  ဆေးရုံ သွားဖို့ ပြင်ရတယ်။ သားကြီးကိုတော့ အဖိုးနဲ့ ကလေးထိန်းနဲ့ထားခဲ့ပြီး သားကြီး မသိအောင်ဆေးရုံကို Taxi On Call ခေါ်ပြီး ထွက်လာတယ်။ Taxi ပေါ်မှာ နာတာက ၁၀မိနစ်ခြား ၁ခါနာတယ်။ ကလေးက ဗိုက်အပေါ်ကို ကုန်းတက်ပြီး နာသလို နာတာ။ Delivery Suites ကိုတွန်းလှည်းနဲ့ မသွားပဲ လမ်းလျောက် သွားခဲ့တယ်။ ည ၁၂ နာရီကျော်ကျော်မှာ NUH ဆေးရုံ ရောက်ပါတယ်။ 

Delivery Suites ကို ယောင်္ကျားက လွဲပြီး ဘယ်သူမှ ၀င်ခွင့် မပေးပါဘူး။ အ၀င်ဝမှာ IC ပြောပြလိုက်တာနဲ့ သိပြီးသားဆိုတော့ ကျွန်မမွေးမယ့် အခန်းထဲကို ခေါ်သွားပါတယ်။ တိုက်ဆိုင်စွာ သားကြီး မွေးတဲ့အခန်း နံပါတ် ၆ ပဲ ပြန်ရပါတယ်။ အဲဒီမှာ လုပ်နေတဲ့ Nurse တွေက ကျွန်မတို့ကို မှတ်မိတယ်။ IC, Passport ပြပြီး ဖြစ်စဉ်ပြန်ပြောပြပါတယ်။ မွေးခန်းက အရမ်းအေးတာ။ ကျွန်မ တကိုယ်လုံး ဂတ်ဂတ်နဲ့ လက်တွေရော ခြေထောက်တွေရော တုန်နေရော၊ ရောက်တယ်ဆိုတာနဲ့ ကျွန်မက အိမ်သာထဲသွားပြီး ဆီးသွားတယ်။ ၁ခါသွား ၅မိနစ်ကျော်ကျော်ကြာတယ်။ ရောက်ရောက်ချင်း ကလေးနှလုံးခုန်နှုန်းတိုင်းတဲ့ကိရိယာ ကိုယ်မှာပတ်ပေး တယ်။  ပြီးရင် ကုတင်ပေါ်ရောက်ပြီးဆိုတာနဲ့ ထပ်သွားချင်ပြန်ရော။ Nurse တွေနဲ့ အဲဒါနဲ့ပဲ ကျွန်မက အလုပ် ရှုတ်နေတာ။ ကုတင်ပေါ်ရောက်လိုက် အိမ်သာထဲသွားချင်လိုက် အဲဒီလိုဖြစ်နေ တာ။  နောက်ဆုံး ၁ကြိမ် Pass Urine လုပ်မှပဲ သွေးတွေဆင်း လာတော့တယ်။ အဲဒီတော့မှ ကလေးမွေးတော့မှာ သေချာ သလောက်ဖြစ်နေပြီ။ ဆေးရုံက ဗိုက်နာရမယ်၊ ရေမွာပေါက်ရမယ်၊သွေးဆင်းရမယ်။ အဲဒီ ၃ချက်ထဲက ၁ခုခုဖြစ်ပြီဆို ဆေးရုံကိုအမြန်ဖုံးဆက်ပါ။ ကလေး မလှုပ်တော့ဘူးဆိုလဲ အမြန်ပြေးလာခဲ့ပါ။ ၁နေ့ကို ၁၀ကြိမ်ထက်မနည်းလှုပ်ရမယ်။ ကျွန်မကလေးက ၁နေ့ အကြိမ် ၁၀၀ လောက်ရှိမယ်။ အချိန်တိုင်း လှုပ်နေတာ။ ခဏနေတော့ တာဝန်ကျဆရာဝန်မတွေရော ဆရာဝန် ငယ်ငယ်လေးတွေရောက်လာတယ်။ သားအိမ်ဘယ်လောက် ပွင့်နေပြီလဲဆိုတာ မေးကြည့်တယ်။ အဲဒါနဲ့ နောက် ဆရာဝန်မလေး ၁ယောက် ရောက်လာပြီး Virgina ထဲ လက်ထည့်ပြီး သားအိမ်စမ်းတယ်။ အဲဒီ အချိန်နာသလားမမေးနဲ့ တော်တော်နာ တယ်။ သားအိမ်က 3 cm ပွင့်နေပါပြီ။ ဘာနဲ့မွေးမှာလဲဆိုပြီးမေးကြပါတယ်။ Epidural ရွေးထားတယ် ဆိုတော့ ထိုးပေမယ့် ဆရာဝန်လာလိမ့်မယ် ဆိုပြီး စောင့်နေပါတယ်။ အခန်းထဲမှာ လင်မယား ၂ယောက်ထဲ။ ကလေးအော် သံလေးတွေ ၁ယောက်ပြီး ၁ယောက်ကြားနေရတယ်။ Nurse လဲ အခန်းထဲမှာ မရှိပါဘူး။ အိပ်ရာထဲ လဲနေပေမယ့် အိမ်သာထဲသွားချင်ပြန်ရော။ ခေါင်းလောင်းနှိပ်ပြီး ခေါ်ရတယ်။ စိတ်တောင်တိုရ တယ်။ Nurse ကိုမေးကြည့်တော့ ဒီနေ့ မွေးလူနာ အရမ်းများတယ်။ တချို့ဆို ပြန်လွတ်ရတယ်။ သားအိမ် မပွင့်ရင်တော့ နာလဲ ပြန်ရတာ များတယ်။ ခဏနေ ဆရာဝန် ရောက်လာပြီး Epidural မထိုးခင်  Cause & Effect သေချာဖတ်ပြီး သဘောတူကြောင်း လက်မှတ်ထိုးရပါတယ်။ Epidural မထိုးခင် အမေ Pressure မကျအောင်နှင့် ကလေး မထိခိုက်အောင် ဆေးသွင်းရပါတယ်။ အဲဒီအချိန် ကျွန်မက ဆီးအရမ်းသွား ချင်တယ်။ အောင့်ထားရတာ ငရဲကျနေသ လားအောင်းမေ့ရတယ်။ ဗိုက်ကလဲ ၁၀ မိနစ်ခြား ၁ခါနာနေတာ။ ပိုက်ထိုးထားရင် ဆီးသွားလို့ မရတော့ဘူး။ နောက်ဆုံး ဘယ်လိုမှ မအောင့်နိုင်လို့ ခေါင်းလောင်းတီးပြီး ခေါ်ရပြန်တယ်။ ဆေးသွင်းထားတာ ကိုင်ပြီး အိမ်သာထဲဝင်ပါတယ်။ ဆီးသွားတာ ၁၀မိနစ်ကျော်ကျော်ကြာ ပါတယ်။ ပြီးသွားပြန်ရင်လဲ ထပ်သွားချင်ပြန်ရော။ ဆေးသွင်းထားတာ တ၀က်ကျော်လောက်မှ Epidural ကစလို့ရတယ်ဆိုတော့ ဆရာဝန်အလာ စောင့်နေရပါတယ်။ ကျွန်မမှာ ဆီးရယ် အရမ်းချမ်းနေလို့ တကိုယ်လုံး တုန်နေတာ ၂ခုက ကျွန်မ အတွက် အတော့်ကို ဆိုးပါတယ်။ 

Epidural ထိုးဖို့ ဆရာဝန်မလေးရောက်လာပါတယ်။ ငယ်ငယ်လေးတွေပါ။ သူတို့ကို ကြည့်ပြီး မွေးထားတဲ့ သားတွေကို သူတို့လို ဖြစ်ချင်တာပါပဲ။ Epidural ထိုးနေတဲ့ အချိန် သံဗုဒ္ဓေ၊ သရဏဂုံရွတ်နေတာ။ လူကလဲ အေးပြီး တကိုယ်လုံး တုန်နေတာ။ အင်္ဂုလိမာလသုတ်က ကျက်ဖို့မေ့သွားတယ်။ ဆေးထိုးနေတဲ့ အချိန် လှုပ်လို့ မရဘူး။ ထိုးပြီးသွားတော့ ကျွန်မရဲ့ သွေးခုန်နှုန်းကို နာရီဝက်ခြား ၁ခါ အလို အလျောက် စစ်ထားပေးပါတယ်။ ကျွန်မရဲ့ ဗယ်ဘက်က ကလေး နှလုံးခုန်နှုန်းဖြစ်ပြီး ညာဘက်က ကျွန်မရဲ့ သွေးခုန်နှုန်းကို စစ်တာပါ။ ကျွန်မရဲ့ ဗယ်လက်မှာ Epidural အရည်သွင်းတာပါ။ ညာလက်မှာက Blood Pressure မတက်အောင် ထိန်းပေးတဲ့ အရည်ပါ။ ဆီးပိုက်တပ်ပေးပါတယ်။ ဆီးပိုက်တပ်မှပဲ ကျွန်မမှာ ဆီးခဏခဏ သွားခြင်းမှ ကင်းဝေးသွားပါတော့တယ်။ ဆရာဝန်တွေကော Nurse ပါ အပြင် ထွက်သွားကြပါတယ်။ လူနာရှင် မအိပ်အောင် စကားပြောပေးနေပါ။ အဲဒီတော့ ၂ယောက်သား သောကြာသား ဖြစ်မယ့် သားလေး ကို ပေးဖို့နာမည်စဉ်းစားကြပါတယ်။ Epidural ထိုးထားပေမယ့် ဒီ ၁ခါ အရင် ၁ခါကလို  ရာနှုန်းပြည့် မသက်သာပါဘူး။ ၃၀ရာခိုင်နှုန်းက နာပါတယ်။ ၁၀မိနစ် ၁ကြိမ်ပေါ့။ သူနာပြု ၁လှည့် ဆရာဝန် ၁လှည့် ကျွန်မရဲ့ ခြေထောက်ကို ထုံနေလား မထုံဘူးလားဆိုတာ လာစမ်းတာပါ။ နောက်ဆုံး မမွေးခင်အထိ ဗယ်ဘက်ခြေထောက်က လုံးဝထုံသွားပြီး ညာဘက်ခြေထောက်က ၈၀ရာခိုင်နှုန်းပဲ ထုံပါတယ်။ 

ဆရာဝန် ၁ယောက် ၀င်လာပြီး သားအိမ်ထပ်စမ်းပါတယ်။ ဒီ၁ခါတော့ ပထမ ၁ခါလို မနာတော့ဘူး။ သားအိမ် 5 cm ပွင့်နေပြီး ရေမွာ ဖောက်မလားဆိုပြီး မေးပါတယ်။ ရေမွာဖောက်ရင် မွေးတာ ပိုမြန်တယ်ပြောပါတယ်။ ၂ယောက်စလုံးက ဆရာဝန်မ သဘော အတိုင်းပဲ ကောင်းသလို လုပ်ပေးပါ ဆိုတော့ ရေမွာဖောက်ပေးသွားပါတယ်။  ကျွန်မကတော့ ၁ချက် ၁ချက် ငိုက်ငိုက်ကျသွားတယ်။  ကျွန်မကတော့ ကလေးရဲ့ နှလုံးခုန်နှုန်း ကျွန်မရဲ့ သွေးခုန်နှုန်းကို အချိန်တိုင်းနားထောင်နေတာပါ။ အဲဒီအချိန် ခေါင်းထဲဝင်လာတာ အရေးပေါ် ခွဲစိတ်ခန်းထဲ ၀င်လိုက်ရင်တော့ .. ကျွန်မက အရင် ၁ခါလို ဘယ်အချိန် သားအိမ်ပွင့်တယ်ဆိုတာ မှတ်မထားနိုင်တော့ပါဘူး။ ၁၀မိနစ်ခြား ၁ကြိမ်ဗိုက်က နာနေတာ။ ၁၀၀ ရာခိုင်နှုန်းသာ နာလို့ကတော့ တွေးတောင် မတွေးရဲဘူး။ အစက ဒီအ တိုင်းမွေးမလို့ စိတ်ကူးနေတာ။ အရင်၁ခါ Epidural ထိုးပြီးမွေးတာ ခါးနာတာက ကျန်ခဲ့တယ်။ 

မနက် ၆နာရီခွဲ မှာ Nurse ရောက်လာပြီး သားအိမ် ဘယ်လောက်ပွင့်နေလဲဆိုတာ စမ်းပါတယ်။ ပြီးတော့ ဆရာဝန်မ ၀င်လာပြီး ထပ်စမ်းပါတယ်။ သားအိမ်က 9 cm ပွင့်နေပြီ။ အားလုံး ကျွန်မ အခန်းထဲကို အသီးသီး ရောက်လာကြပါတယ်။ မိန်းမ ဆရာဝန် ၃ယောက် (အဖြူမ ၁ယောက်) ယောင်္ကျား ဆရာဝန် ၁ယောက်ပါ။ Nurse မရှိပါဘူး။ မွေးတော့မယ့်အချိန် ကျွန်မ သွေးခုန်နှုန်းက ၈၈ ၅၇ နောက်ဆုံးမှတ်မိ တာ။ ၁ချိန်ထဲ ကျွန်မ ကလေး နှလုံး ခုန်သံလဲ မကြားရတော့ဘူး။ ဆရာဝန်မက ကျွန်မကို ဗယ် ဘက်စောင်းအိပ် ခိုင်းပါ တယ်။ ခဏနေတော့ ကလေး နှလုံးခုန်သံ ပြန်ကြားရပါတယ်။ အဲဒီအချိန် ကျွန်မ ရင်ထိပ်သွားတာပဲ။ ကျွန်မတော့ ခွဲခန်းထဲ ၀င်ရမလားဆိုပြီး။ မနက် ၇နာရီမှာ ကလေးကို မွေးဖို့ ပြင်ဆင်ပါ တယ်။ ဗယ်ဘက် ခြေထောက် မလှုပ်နိုင်တော့ အားလုံး ၀ိုင်းထူပေးပါတယ်။ Pass Urine or Pass Motion ထွက်ချင်သလား မေးပါတယ်။ ကလေးလှုပ်ပြီးဆိုရင် အသက်ပြင်းပြင်းရှူပြီး အောက်ကိုညစ်ပါ။ ဒီ ၁ခါ မွေး တဲ့ပုံက အရင် ၁ခါ မွေးပုံနဲ့မတူဘူး။ ရေသောက်ဖို့ အဆင့်သင့်ရေ၂ခွက် ချထားပေးပါတယ်။ အသက်ကို ပြင်းပြင်းရှုပြီး အောက်ကို ညစ်ထုတ်ရတာပါ။ ၂ခါလောက်ညစ်လိုက် မောတော့ ရေတောင်းသောက်တော့ အဲဒီမှာ ပြသာနာစတာပဲ။ ပေးထားတဲ့ရေက ရေနွေး၊ ကျွန်မက ရေအေးစိမ့်နေမှ ရေငတ်ပြေတာ။ ရေနွေးသောက် လိုက်တော့ ပိုပြီး ရေငတ်။ မညစ်နိုင်။ ဒါပေမယ့် ကျွန်မ အားစိုက်ပြီးလုပ်ပါတယ်။ အရင်၁ခါ သားကြီးတုန်းက ကျွန်မ မညစ်နိုင်လို့ သားခေါင်းက မလှဘူး။ ၁၀ကြိမ်မလုပ်လိုက်ရပါဘူး။ ကလေးထွက် သွားပါတယ်။ ကလေးခေါင်း ၁၀က်မြင်ရတဲ့အချိန် မွေးလမ်းကြောင်းချဲ့လိုက်ပါတယ်။ မွေးလမ်းကြောင်းချဲ့မှ ကလေးက ၁ကြိမ်ညစ်လိုက်တာနဲ့ထွက်ရော၊ မနက်၇နာရီခွဲကျော်ကျော် မှာမွေးပါတယ်။ မေ ၁၆ သောကြာ သားပါ။ 3.3 kg ပါ။ အရပ်က 51 cm ပါ။ 

Giving Oxygen

ဒီ၁ခါ သားငယ်ခေါင်းက သားကြီးခေါင်းလောက် မဆိုးပါဘူး။ ထွက်စ ၁ကြိမ်ပဲငိုပြီး နောက် မငိုပါဘူး။ ထွက်ပြီး ၁မိနစ်တောင် မကြာဘူး ကျွန်မကိုယ်ပေါ်ကို တင်ပါတယ်။ မိခင်ရဲ့ ကိုယ်ငွေ့ကို ကလေးကို ပေးတာပါ။ ကလေးကို Oxygen တိုင်းကြည့်တော့ ၈၀ ပဲရှိတယ် ပုံမှန် ၁၀၀ ရှိရမှာ။ ကလေးက အမေ့ဝမ်းထဲမှာ ရှိနေတဲ့အချိန်နဲ့ အပြင်ကအချိန် မတူလို့ အဲဒီလိုဖြစ်တာ။ တာဝန်ကျ ကလေးဆရာဝန် ရောက်လာပြီး ၁နာရီ Oxygen ပေးရမယ်။ Oxygen ပေးလို့မှ မတက်လာဘူးဆိုရင် ကလေးကို ICU ထဲ ထားရမယ်တဲ့။ ကျွန်မထားတဲ့ ကုတင်နဲ့ ကလေးကုတင်က နည်းနည်းလှမ်းတယ်။ ကျွန်မခြေရင်းမှာ ပေမယ့် ခြေထောက်က ထုံနေတော့ ဘာမှ လှုပ်လို့မရဘူး။ ယောင်္ကျားပြောသမျှ နားထောင်ရလို့ သိရတာ။ ကလေး ကို Oxygen ပေးနေတဲ့ အချိန် ကျွန်မပေါင်ကို ဆေး၁လုံး ထိုးသွင်းပါတယ်။ ပြီးတော့ မွေးလမ်းကြောင်း ချုပ်ပါတယ်။ ချုပ်ရိုး ချုပ်အပြီး ကျွန်မကိုယ်ပေါ်မှာ တပ်ထားတာတွေကို အကုန်ဖြုတ်ပါတယ်။ Epidural ထိုးပြီးတိုင်း ကျွန်မ အဖျားတက်တယ်။

My Sons - Mickey & Nicky

မနက် ၇နာရီခွဲမှာ Nurse ပြောင်းပါတယ်။ ဆရာဝန်တွေကတော့ မပြောင်းပါဘူး။ Nurse ၁ယောက် ရောက်လာပြီ ဒီနေ့အတွက် တရုတ်စာ မှာထားကြောင်းလာပြောပါတယ်။ ခဏနေတော့ မနက်စာ စားဖို့ လာပို့ပါတယ်။ မနက်စာ စားအပြီး ချုပ်ရိုးချုပ်အပြီးမှာ ကလေး ဆရာဝန် ရောက်လာပြီး စိတ်ချသွားပြီ လာပြောပါတယ်။ Nurse ကို အကူအညီ တောင်းပြီး မိသားစု ၃ယောက် ဓာတ်ပုံ ရိုက်ကြပါတယ်။ Ward ထဲပြောင်းဖို့အတွက် ကုတင်စောင့်နေကြပါတယ်။ ကုတင်လာတော့ ကျွန်မဘေးမှာ ကလေးထားပြီးသွားပါ တယ်။ ကုတင်ကိုတွန်းပြီး သွားတာ ကျွန်မအတွက် ခေါင်းတော်တော်မူးပါတယ်။ ကျွန်မနေမယ့်နေ ရာရောက်တော့ ကြည့်လိုက်တာ ၄ယောက် ၁ခန်း B1 Class ဖြစ်နေတယ်။ ကျွန်မယူထားတာ B2 Class ၆ယောက် ၁ခန်းပါ။ B2 Class မှာလူပြည့်နေလို့ B1 Class ပေးထားတာပါ။ B2 Class ဈေးနှုန်းပဲယူပါတယ်။

From My Office

Nurse ကတော့ ၁နာရီခြား ၁ခါ BP နဲ့ အဖျား လာလာတိုင်းပါတယ်။ အဖျားက တက်လိုက် ကျလိုက်ပါပဲ။ ၃နာရီလောက်နေတော့ ဗယ်ဘက်ခြေထောက်ထုံတာ ပျောက်သွားပါတယ်။ လမ်းဆင်းလျောက်ကြည့်ပါ တယ်။ ကလေးကိုတော့ ခဏခေါ်သွားပြီး ကျွန်မနားမှာပဲထားပါတယ်။ ဆရာဝန်လဲ လာမေးကြပါတယ်။ ကျွန်မကလေးက အတော်လေးကို အေးပါတယ်။ အချိန်တိုင်း အိပ်နေတာ။ ကျွန်မကလဲ မွေးမွေးချင်း နို့လုံးဝ မထွက်ပါဘူး။ သားက လိမ်မာတယ်။ မငိုဘူး။ ညရောက်တော့ အမေကုတင်မှာ ထားပြီး အိပ်တယ်။ ဘေးကနေ ခေါင်းအုံး ၂လုံး ကာပြီး အိပ်တာ။ အိပ်လို့မရဘူး။ ကျွန်မခြေရင်း ဟိုဘက်က ကုလားကလေးက ငိုတာ ၁ညလုံးပဲ။ ည ၁နာရီကျော်တော့ ဘေးကုတင်က ရောက်လာတယ်။ အဲဒီကလေးလဲ ငိုတာပဲ။ ကျွန်မလဲဒီ ၁ခါတော့ပင်ပန်းလို့ အိပ်တယ်။ Nurse က ၁နာရီ ၁ကြိမ်လာတိုင်းနေတာလေ။ ညနေပိုင်းမှာ အဖျားကျသွားပါတယ်။ မနက်ဖြန်ဆေးရုံက ဆင်းရမလားမသိဘူး။ မနက်ရောက်တော့ဆရာဝန်လာစစ်ပြီး ဆေးရုံက ဆင်းလို့ ရပြီ ဖြစ်ကြောင်းပြောပါတယ်။ ကလေးကိုလဲ ကလေး ဆရာဝန်ကစစ်ဖို့ရယ် ကာကွယ်ဆေး ၂လုံးထိုးဖို့မနက် ၈နာရီမှာ လာခေါ်သွားပါတယ်။ ၉ နာရီလောက်နေတော့ကလေး ဆရာဝန်ရောက်လာပါတယ်။ သားကြီးကို ပြနေတဲ့ ကလေးဆရာဝန်ပါပဲ။ ကျွန်မ တော်တော်ပျော်သွားတာ။ ကလေးဆရာဝန်ကို တောင်းဆိုလိုက်သေးတယ်။ ကျွန်မ သားငယ်ကိုလဲဆက်ကြည့်ပေးဖို့ပါ။ ကလေး ဆရာဝန်က ပြောသွားတယ်။ မထင်ရဘူး ကျန်းကျန်းမာမာနဲ့ ကလေး နောက်၁ယောက်ကို ချောချော ရှူရှူမွေးနိုင်တယ်ဆိုပြီး ပြောသွားပါသေးတယ်။ ကလေး ဆရာဝန်က သားငယ် အခြေအနေ ကိုပြန်ကြည့် ချင်ပါတယ်ဆိုပြီး တင်္နလာနေ့ ပြန်လာခဲ့ခိုင်းပါတယ်။ သားငယ်ကို ၁၁နာရီမှာ ပြန်လာ ပို့ပေးပါ တယ်။ စနေ နေ့လည် ၁၂ နာရီမှာ ကျွန်မရုံးကနေ Congratulations ပန်းခြင်းပို့ပေးပါတယ်။ စနေ နေ့လည် ၁နာရီ မှာ ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

မထင်မှတ်ပဲ သား ၂ယောက် မိခင်ဖြစ်သွားရပြန်ပြီပေါ့ ...

6 Days Old Nicky

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် …..

Saturday, May 24, 2014

ဒုတိယ ကလေး မမွေးခင် ကုန်ကျစရိတ် နှင့် မွေးပြီး ကုန်ကျစရိတ်

Blog မရေးတာ ၂နှစ်နီးပါးတောင်ရှိသွားပြီ။ သတိတောင်မထားမိပါဘူး။ အားလုံးကို တောင်းပန်ပါတယ်။ Blog ရေးချင်စိတ် ကုန်သွားတာ ကိုယ်ချက်တဲ့ ဟင်းပုံတွေကို ကူးယူပြီး Facebook မှာ ကိုယ်ချက်သလို ကူးယူထားတာ တွေ့နေရလို့ပါပဲ။ ဒါတွေ ထားလိုက်ပါတော့။

ဒုတိယကလေး ကိုယ်ဝန်လွယ်ထားချိန်မှာ ကိုယ်ဝန်လွယ်ထားမှန်းတောင် မသိပါဘူး။ မနက်ရုံးသွားရင် Bus စီးသွားတော့ တိုက်အနောက်မှာ တံတားကူးပြီး စောင့်စီးရတယ်။ တံတားကိုတက်တော့ လူက အရင်လို အမော မခံနိုင်ဘူး။ ဘာလုပ်လုပ်မောနေတာ။ အပြန်လဲ တံတားဖြတ်ရတယ်။ အပြန်က တံတားက ပိုပြီး မတ်တယ်။ ဘာလို့ မောမောနေလဲ ရုံးအဟောင်းကနေ ရုံးအသစ်ကိုပြောင်းတာ မကြာသေး၊ အဲဒီမှာ ဇာတ် လမ်း စ တာပဲ၊ ရုံး အကူးအပြောင်းမှာ အဲဒီအကြောင်းအရာ ကိုပဲခေါင်းထဲ ထည့်ထားတော့ ကျန် တာတွေ မေ့သွား တယ်။ ရုံးအသစ်ကို စရောက်တဲ့နေ့ ဖျားတာ တော်တော်ဖျားတာ။ ဖျားရက်နဲ့ အလုပ် လုပ်နေ တာ။ အဲဒါကို လဲ ကိုယ်က သတိမထားမိဘူး။ ကိုယ့်ဟာကိုယ်ပြန်သုံးသပ်တော့ အဲဒီတော့မှ သတိရတယ်။ မလာ တာ တော်တော်ကြာနေပြီ။ အဲဒါနဲ့ ရုံးက အရင်တုန်းက ထမင်းတူတူစားတဲ့ User ၂ယောက်ရှိတာ ၁ယောက်က အပျိုကြီး ၁ယောက်က ကလေး ၄ယောက်အမေ။ ကလေးရှိတဲ့ သူ့ကို သွားမေးတယ်။ သူက Pregnancy Test ၀ယ်ပြီးစစ်ဖို့ အကြံပေးတယ်။ ချက်ခြင်း မလုပ်ဖြစ်သေးဘူး။ ၁ပတ်လောက်နေ ရုံးက အပြန် အိမ်မှာ အိတ်ချပြီး ခဏနော်ဆိုပြီး အိမ်အောက်ဆင်း Watsons မှာ သွားဝယ်တယ်။ 

အိမ်ရောက်တော့ အိမ်သာထဲ ၀င်ပြီး စစ်ကြည့်တော့ မျဉ်း ၂ကြောင်းပေါ်နေတယ်။ ဒုတိယ ဆိုတော့ အရိုး သား ဆုံးပြောရရင် မလိုချင်တာ။ ယူဖို့ အစီအစဉ်မရှိတာ။ မထင်မှတ်ပဲရသွာတာ။ ဘာကြောင့်မ လိုချင်လဲ ဆိုတော့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကြောင်းအရာတွေ အများကြီး။ Maid ငှားရမယ်။ ပိုက်ဆံက ၂ဆကုန်မယ်။ အဓိကက Maid ငှားရမှာ တော်တော်ကိုကြောက်လန့်နေတာ။ ခဲမှန်ဖူးတဲ့ စာသူငယ် လိုဖြစ်နေတာ။ ယောင်္ကျားနဲ့တိုင်ပင်ရတယ်။ သူ့ဆီက ကတိ၁ခုရတာနဲ့ အဲဒီကတိကြောင့် ကလေးယူဖို့ သဘောတူဖြစ်သွားတယ်။ 

ဒုတိယကလေးက ပထမကလေးနဲ့ မတူပါဘူး။ မနက်ဆို ရုံးမသွားခင် အန်တယ်။ နို့သောက်လို့ လုံးဝ မရ ဘူး။ ရုံးရောက်ရင် ဘာမှမဖြစ်တော့ဘူး။ ကောင်းသွားရော။ ရုံးပြန်တော့မယ့်အချိန် ၅နာရီဆို စအန်ပြီ။ ၅နာရီထိုးတာနဲ့ ရုံးက အိမ်သာထဲမှာ အန်တာ ၅:၁၅မှ အိမ်သာကထွက်ဖြစ်တယ်။ ကြားရက်ဆိုအန်တာပဲ ရှိတာ။ ရုံးပိတ်ရက်ဆိုရင် ရောဂါက ၁မျိုးပြီး ၁မျိုးဖြစ်တယ်။ ၃ပတ်လောက် ဆက်တိုက် ခေါင်းကိုက် ခေါင်းမူး တယ်။ ချင်ခြင်းတက်တာ မရှိဘူး။ စားသောက်ဆိုင်ရောက်ရင် ဘာစားရမှန်း မသိဘူး။ စားတော့လဲ ၀င်သွား တာပဲ။ ကိုယ်ဝန် ၄လ မတိုင်ခင် ၁ခုပြီး ၁ခု ဖြစ်နေတာ။ ချုချာတယ် ပြောရင်ရတယ်။ နားငြီးတဲ့ ဒဏ်တော့ မခံနိုင်ဘူး။ ထမင်းစားချိန် ၁ယောက်ထဲ စားတာများတယ်။ နားငြီးလို့။ ဒုတိယကလေးကိုယ်ဝန်ဆောင်စဉ် အလုပ်လုပ်တယ်။ အလုပ်မထွက်ဘူး။ PR က June မှာ Expired ဖြစ်မှာ ဆိုတော့ PR တိုးနေစဉ် အလုပ်ရှိမှ ရတာလေ။ 2 April မှာ PR သက်တမ်းတိုးဖြစ်ပါတယ်။ ၅နှစ်ထပ်ရပါတယ်။ မတိုးခင် ၃လအလို အိမ်ကို တိုးဖို့ အကြောင်းကြားစာပို့ပါတယ်။ 5 April မှာ ICA က Reminder စာပို့ပါတယ်။ အဲဒီအချိန်မှာ တိုးပြီး သွားပါပြီ။ ကိုယ်ဝန်ဆောင်က လမ်းများများလျောက်ရတယ်တဲ့။ လုပ်ရတဲ့ အလုပ်က လမ်းလျောက်တာ များတော့ အိမ်ရောက်ရင် လမ်းလျောက်ဖို့တောင် မလိုတော့ပါဘူး။ ကိုယ်ဝန်ဆောင်စဉ် ရှောင်တာ ၁ခုက ကောက်ညှင်းပဲရှောင်တယ်။ ကိုယ်ဝန်ဆောင် ကောက်ညှင်းစားရင် အချင်း ကပ်တတ်တယ်ဆိုလို့ပါ။ 

NUH ကို ဘာကြောင့် ရွေးလဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာပဲ အလှည့်ကျဆရာဝန်နဲ့ပြရတာ။ ဆရာဝန် ၁ယောက် ထဲ သီးသန့်မရှိဘူး။ ရွေးလို့တော့ရတယ်။ ရွေးရဖို့ဆိုတာကလဲ ကျွန်မတို့က ဘယ်သူကိုရွေး ရမှန်း မသိ။ Clinic G မှာပဲ လစဉ် Appointment ယူပြီးပြရတာ။ မွေးပြီးသွားရင်တော့ ကလေး ကို ပြမယ့်ဆရာ ၀န်က ကလေး ၄နှစ်အထိ ၁ယောက်ထဲပဲ။ ကလေးအမေက PR ဆိုရင် ကလေးက Foreigner ဖြစ်ပေမယ့် ကလေးအမေကြောင့် Government Subsidised ရတယ်။ သားအကြီးကိုပြတဲ့ ကလေးဆရာဝန်ကို သားအငယ်ကိုပဲ ပြချင်တာကြောင့် ဒုတိယအကြိမ်လဲ NUH ကို ရွေးဖြစ်တာပါ။

5-Oct-13 :
ကိုယ်ဝန်ကို NUH မှာပြဖို့အတွက် Polyclinic သွားပြီး Pregnancy Test စစ်ကြည့်တာ မျဉ်းကြောင်း ၂ကြောင်းပေါ်နေလို့ လာပြတာပါ စစ်ပေးပါဆိုပြီး ဆရာဝန်ပြ ပြီးတော့ ဆရာဝန်က NUH/KK ဆိုပြီး ၂မျိုးရွေးခိုင်းပါတယ်။ KK ကိုသွားချင်ပေမယ့် NUH မှာ သားသားကိုပြတဲ့ ကလေးဆရာဝန်ကိုပဲ ပြန်လိုချင်တာကြောင့် NUH ကိုသွားမယ်ဆိုပြီး Referral Letter တောင်းခဲ့ပါတယ်။ ဆေးခန်းပြခ ကုန်ကျစရိတ်က S$ 31.10 ပါ။ 

31-Oct-13 :
NUH မှာ Referral Letter ပြပြီး ပထမဆုံးအကြိမ် ဒုတိယ ကိုယ်ဝန်ဖြစ်ကြောင်းပြောပြီး ဆရာဝန်ကို ကျွန်မရဲ့ နောက်ဆုံး ရာသီလာချိန်မသိဘူးဆိုတော့ ကျွန်မဗိုက်ကို scan လုပ်ပါတယ်။ သားသားတုန်းက scan မလုပ်ခဲ့ပါဘူး။ ပုံမှန်က ၃လမှ scan လုပ်တာပါ။ ကလေးက ၈ပတ်ရှိနေပြီး EDD is 21 May 14။ လင်မယား ၂ယောက်စလုံး အထူးအဆန်းဖြစ်နေပါတယ်။ သားသားတုန်းက သူဒီအချိန်မှာ scan မရိုက်ခဲ့ ပါဘူး။ ကုန်ကျစရိတ်က 50 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 39 ပါ။ 

7-Nov-13 : 
ကိုယ်ဝန်ရှိတဲ့ အတွက် ဆေးစစ်ရပါတယ်။ သွေးအုပ်စု - or +, Hepatitis B, AIDS, Down Syndrome, etc .. စစ်ရတဲ့ ရောဂါက တော်တော်များပါတယ်။ ကျွန်မ သိပ်မမှတ်မိတော့ပါဘူး။ ကုန်ကျစရိတ်က 273.20 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 107.30 ပါ။

5-Dec-13 :
ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဆရာဝန်ဆီကို ၁လ ၁ကြိမ်ပြရပါတယ်။ ကိုယ်ဝန် ၃၂ပတ် မပြည့်ခင် အချိန်အထိပါ။ အဲဒီနေ့က ကျွန်မ စိတ်အတိုရဆုံးနေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ပြရတဲ့ဆရာဝန်က လူငယ် ၁ယောက်ပါ။ ကျွမ်းကျင်ပုံ မရပါဘူး။  ပြီးခဲ့တဲ့အပတ်က ကျွန်မဆေးစစ်တာတွေကို ပြောပါတယ်။ အားလုံး Negative ပါ။ Down Syndrome က 10% လောက် မကောင်းဘူး၊ ဒီကလေး မွေးရင် ၁၀ ရာခိုင်နှုန်းက ပျက်ကျမှာပဲတဲ့။ ကလေးလှုပ်လားတဲ့။ ကျွန်မကလဲ မလှုပ်ဖူးဆိုတော့ scan ရိုက်မယ်ဆိုပြီး အခန်းထဲ ခေါ်သွားပါတယ်။ Scan ရိုက်တော့လဲ ကောင်းကောင်းမရိုက်ဘူး။ ကျွန်မက မေးတယ်။ ကလေးခေါင်း ဘယ်ရောက်နေပြီလဲ ဆိုတော့ နင်သိစရာမလိုသေးဘူး အစောကြီးရှိသေးတယ်။ နောက်၁ခေါက်မေးတယ်။ အဲဒီအတိုင်းပဲပြန်ပြောတယ်။ ပုံစံကြည့်ရတာ ကလေးခေါင်းဘယ်ရောက်နေလဲဆိုတာ ကြည့်တတ်မယ့်ပုံ မပေါ်ဘူး။ ပြီးတော့ လူနာခန်းထဲပြန်သွားပါတယ်။ ကျွန်မ Down Syndrome အကြောင်းထပ်မေးပါတယ်။ Result ကို သေချာ မရှင်းပြနိုင်ဘူး။ မေးလိုက်တိုင်း ၁၀ ရာခိုင်နှုန်း ကလေးက အဖတ်မတင်ဖို့များတယ်ပဲ ပြောနေတယ်။ ကျွန်မလဲ ထွက်ခါနီး စိတ်တိုတိုနဲ့ ပြောလိုက်တယ် ကျွန်မကိုယ်ဝန် ၄လထဲရောက်နေပြီး ပျက်မကျဘူးလို့။  နောက် ၂ပတ်နေရင် ပြန်လာခဲ့ဆိုပြီး ဆေးမှတ်တမ်းမှာ ၂ပတ် နေပြဖို့ ရေးထားပါတယ်။ ကုန်ကျစရိတ်က S$46 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 28 ပါ။

အဲဒီ အပတ်က ရုံးမှာ ခွင့်ယူဖို့ မလွယ်တဲ့ အပတ်ပါ။ ဆေးခန်းပြပြီးတော့ ရုံးတန်းသွားပါတယ်။ ပြီးတော့ ရုံးက လူတွေကို ဆေးမှတ်တမ်းပြပြီး လိုက်မေးပါတယ်။ " စိုးရိမ်ဖို့မလိုဘူး အလကားတဲ့။ သူကလေးတုန်းက ဆရာဝန်က ဖျက်ချခိုင်းတာ။ ဖျက်မချပဲ မွေးလိုက်တာ မွေးလာတော့ အကောင်းပဲ။ ဘာမှ မဖြစ်ဘူး။ သားတောင် secondary ရောက်နေပြီ မျိုး ခေါင်းထဲမထည့်နဲ့"တဲ့။ NUH မှာ ဆရာဝန်ပြဖို့ ၅ရက် အလိုတိုင်း Phone ကို SMS ပို့ပြီး သတိပေးတတ်ပါတယ်။ ဖြစ်ချင်တော့ မနက်ဖြန်ပြရမယ်ဆိုတော့ Admin က ကျွန်မ Mobile ကို Phone ခေါ်လာပါတယ်။ မနက်ဖြန်လာမှာလာဆိုတာ။ ကျွန်မကလဲ မလာနိုင်ဘူး အလုပ်မှာ ခွင့်ယူဖို့မလွယ်ဘူး။ ငါ့ကို ချိန်းတဲ့ ဆရာဝန်ကို ငါလုံးဝ မကြိုက်ဘူး ပြီးခဲ့တဲ့ အခေါက်က ငါက ကလေးခေါင်း ဘယ်မှာလဲ မေးတာ မဖြေနိုင်ဘူး။ ငါ့ကို ကလေးခေါင်းက ဘယ်နေရာရောက်နေ ရောက်နေသိဖို့ မလိုဘူး။ စောသေးတယ်ပြောတယ်။ စောသေးတယ် ဆိုတာငါသိတယ်။ ငါလိုချင်တာ ငါက ကလေးခေါင်း ဘယ်ရောက် လဲမေး ရင် အောက်ရောက်ရင်ရောက်တယ် အပေါ်မှာဆို အပေါ်မှာ ပြောရမှာပေါ့။ ငါနားလည်တာ ဆရာဝန် ဆိုတာ လူနာမေးရင် ကောင်းကောင်းရှင်းပြနိုင်ရမယ်။ အဲဒါနဲ့ Admin လဲ နောက်ရက်ချိန်းပေး တယ်။  နောက် ၁ကြိမ် သွားတဲ့ အခါ အဲဒီ အခန်းနံပါတ် ၁မှာ အဲဒီ့ဆရာဝန်ကို လုံးဝ မတွေ့တော့တာပါပဲ။ ဘယ်လောက်ဆိုးတဲ့မွန်မွန်လဲနော်။ 

14-Dec-13 :
ကိုယ်ဝန် ၁၇ ပတ်မှာ ဘာလေးလဲဆိုတာကို သိချင်တာရယ် Down Syndrome Result ကို သေချာသိချင် တာရယ်ကြောင့် သူငယ်ချင်းဆရာဝန်ဆီပြမယ်ဆိုပြီး သူငယ်ချင်း အကူအညီနဲ့ Appointment ကြိုယူပြီး Raffles Hospital - Tampines Branch ကိုသွားခဲ့တယ်။ ဒုတိယကလေးလဲ ယောင်္ကျားလေးပါပဲ။ ဆရာဝန် က NUH မှာ စစ်ထားတဲ့ Down Syndrome Result ကို သေချာရှင်းပြခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်မတို့ ၂ယောက်လဲ စိတ်အေးခဲ့ရတော့တယ်။ ကုန်ကျစရိတ်က S$ 349.25 ပါ။ 

15-Jan-14 : 
ကိုယ်ဝန် ၂၂ပတ်ပြည့်ချိန်မှာ Package ယူပါတယ်။ မယူလဲရပါတယ်။ ကိုယ်ဝန် ၂၂ပတ်ကနေ မမွေးခင် အချိန်အထိ ကုန်ကျစရိတ်က S$ 450 ပါ။ 

ကိုယ်ဝန် ၂၂ပတ်မှာ ဘာလေးလဲဆိုတာသိရပါတယ်။ ကျွန်မက ကြိုပြီး ၁ခြားဆေးခန်းမှာ ပြထားတဲ့အတွက် ယောင်္ကျားလေးဆိုတာ ထပ်ကြားရုံပါပဲ။ အဲဒီ အချိန် ကလေးခေါင်းက အပေါ်ကလွဲလို့ အားလုံး အခြေ အနေကောင်း ပါတယ်။ 

17-Feb-14 : 
Glucose Test စစ်ဖို့အတွက် သွားရပါတယ်။ မစစ်ခင်မနက်လင်းအားကြီး ၁၂နာရီကစပြီး အစားမစားဖို့နဲ့ ရေမသောက်ဖို့ပြောထားပါတယ်။ သွေးဖောက်တယ်။ Glucose အရည် Orange အနံ နဲ့ ပုလင်း ၁ပုလင်းကို ၁၀မိနစ်အတွင်း အပြီးသောက်ဖို့ပြောပါတယ်။ ၂နာရီအတွင်းမှာ သောက်ထားတာတွေ အန်မထွက်ရပါဘူး။ အန်လဲမအန်ရပါဘူး။ Glucose Test က Package မှာ မပါတဲ့အတွက် ပိုက်ဆံပေးရပါတယ်။ ကုန်ကျစ ရိတ် က S$ 14.70 ပါ။

24-Apr-14 :
ကိုယ်ဝန် ၃၆ပတ်မှာ Virgina ထဲက အရည်ကိုယူပြီး စစ်ပါတယ်။ မွေးလာရင် ကလေးက ရောဂါပိုးရှိ မရှိစစ်ရတာပါ။ ရောဂါပိုးရှိရင် မမွေးခင် မိခင်က ဆေးကြိုသောက်ရပါတယ်။ အဲဒီအတွက် Package ထဲမှာ မပါတဲ့အတွက် ကုန်ကျစရိတ်က S$ 33 ပါ။

ကိုယ်ဝန် ၃၂ပတ် မတိုင်ခင် ၁လ ၁ကြိမ် ဆရာဝန်ကို မှန်မှန်ပြရပါတယ်။ 

ကိုယ်ဝန် ၃၂ ပတ်ကနေ ကိုယ်ဝန် ၃၇ ပတ် အထိက ၂ပတ် ၁ကြိမ် ပြရပါတယ်။

ကိုယ်ဝန် ၃၇ ပတ်ကနေ မမွေးခင်အချိန်အထိ ၁ပတ် ၁ကြိမ် ပြရပါတယ်။ 

Package ယူထားတဲ့အတွက် ပိုက်ဆံ ပေးစရာမလိုပါဘူး။ အရေးကြီးမှ ပေးရတာပါ။ ကိုယ်ဝန် ၃၂ ပတ်မှာ Scan ထပ်ရိုက်တော့ ကလေးခေါင်းက အောက်စိုက်သွားပြီ။ ကျွန်မက Normal Delivery ပဲသွားချင်တာ။ Water Level လဲ ပုံမှန်ပဲ။ Water Level ပုံမှန်ဖြစ်အောင် ရုံးက Monitor မှာ Drink Water လို့ ကိုယ့်ဟာ ကိုယ် သတိပေးထားတယ်။ မဟုတ်ရင် ရေသောက်လေ့ သောက်ထ သိပ်မရှိလို့ပါ။ ရေသောက်ရင်လဲ ရိုးရိုးရေသောက် မရဘူး။ ရေခဲတုံးတွေ အများကြီးထည့်ပြီး ရေက အေးစိမ့်နေမှ သောက်လို့ရတယ်။ ကလေး ဖွံထွားမှုကလဲ ပုံမှန်ပဲ။

ကျွန်မ ကိုယ်ဝန်ဆောင်စဉ် ဆေးစစ်တိုင်း ရလာတဲ့ Result အားလုံးက Negative တွေချည်းပါပဲ။

ကိုယ်ဝန် ၃၆ပတ်မှာ ကလေးမွေးခါနီးအချိန် ဆေးရုံကို အရေးပေါ်ဆက်သွယ်ဖို့ ဖုံးနံပါတ်၊ ဘယ်အခန်း ယူမယ် ဆိုတာ Financial Consultant နဲ့တွေ့ရပါတယ်။ ကျွန်မရွေးထားတာ B2 Class က ၆ယောက် ၁ခန်းပါ။ သားကြီးမွေးတုန်းကလဲ B2 Class ပါပဲ။ ၂ယောက်မွေးထားတော့ မိဘ အနေနဲ့ ဘက်လိုက်မှု မရှိအောင် B2 Class ပဲယူတာပါ။ Class C ယူထားရင် ၁ပြားမှ ပေးစရာ မလိုပါဘူး။ PR ဆိုရင် CPF MediSave ကနေ ဖြတ်လို့ရပါတယ်။ ၂ယောက်ရှိရင် ၂ယောက်ဆီကနေ CPF MediSave ထဲက ပေးလို့ရပါတယ်။

ကိုယ်ဝန် ၃၇ ပတ်ပြည့်တဲ့နေ့မှာ ရုံးကနေ Maternity Leave till 30th June အထိယူထားပါတယ်။ 

5-Oct-13   : Polyclinic                                               = S$ 31.10
31-Oct-13 : NUH First Time                                       = S$ 50 (39)
7-Nov-13  : First Trimester Screening+Test                 = S$ 273.20 (107.30)
5-Dec-13   : Service                                                  = S$ 46 (28)
14-Dec-13 : Raffles Hospital                                       = S$ 349.25
15-Jan-14  : O&G Package                                         = S$ 450
17-Feb-14  : Glucose Test                                          = S$ 14.70
24-Apr-14  : Streptococcus Group B Screening             = S$ 33
----------------------------------------------------------------------------------------------
Total                                                                        = S$ 1,247.25

16-May-14 : Normal Delivery with Epidural + Class B2  = S$ 434.90 (CPF = 800)
Before Deliver + After Deliver                                     = 1,247.25+ 434.90 = S$ 1,682.15

ကျွန်မ အားလုံးကုန်တာက S$ 1682.15 ပါ။ S Pass/EP ကိုင်ထားသူများ ကုန်ကျစရိတ်က Government Subsidied ရလို့နှုတ်ထားတာကိုပါ ထည့်ပေါင်းရမှာပါ။ 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် …..