Friday, December 2, 2011

မွေးနေ့လက်ဆောင်

ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ကျွန်မ ခင်ပွန်းဆီက ဒီပန်းစည်းလေးပေးပါတယ်။ တန်ဖိုးမရှိပေမယ့် ဒီပန်းစည်းထဲမှာ အဓိပ္မာယ်ပေါင်းများစွာ ပါဝင်ပါတယ်။ Romantics ဆန်ဆန်လေးဆို ကျွန်မက အရမ်း ကြိုက်တယ်။ ၁ခါထဲမေ့လို့မရအောင်စွဲသွားတာမျိုး။ နှလုံးသားထဲမှာ အမြဲအမှတ်တရဖြစ်နေမှာပါ။ ကျွန်မ ကိုမေးစဉ်က နှင်းဆီပန်းအနီက အချစ်ကို ကိုယ်စားပြုတာဆိုတော့ ဒီပန်းစည်းလေးက အချစ်တွေ အမုန်းတွေ မပါပါဘူးတဲ့။ အရင် စဉ်းစားကြည့်ကြပါလား။ ပြီးမှအဖြေကိုဖတ်နော်။

သူရေးပေးထားတဲ့ အတိုင်းပြန်ရေးပေးလိုက်တယ်နော် .....

ဒီပန်းစည်းလေးက ကိုတို့ရဲ့ မိသားစုဘ၀ကိုကိုယ်စားပြုတာ။ ပန်းစည်းထဲမှာပါတဲ့ ပန်း၃ပွင့်က ကိုရယ်၊ မွန်မွန်ရယ်၊ သားသားရယ်ပေါ့။ ကျန်တဲ့ အလှဆင်ထားတဲ့ ပန်းတွေ အခက်တွေက ကိုယ်တို့ရဲ့ နှစ်ဖက် မိဘသားချင်း၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ကိုယ်စားပြုတာ။ ပန်းစည်းလေးကို ကာထားတဲ့ အစိမ်းနုရောင် စက်ကူလို အရာလေးကကျတော့ စည်း သို့မဟုတ် ကျင့်ဝတ်ကို ကိုယ်စားပြုတာ။  ပန်းစည်းကို ကျစ်လစ် သပ်ရပ်အောင်စည်းထားတဲ့ အဖြူရောင် ဖဲပြားလေးကတော့ ကိုယ်ကျင့်တရားကို ကိုယ်စားပြုတာ။

ဒီပန်းလေး ၃ပွင့် ရှိရုံနဲ့ လှပတဲ့ ပန်းစည်း၁ခုဖြစ်မလာနိုင်ပါဘူး။ လှပတဲ့ ပန်းစည်းလေးဖြစ်ဖို့ဆိုရင် အခြား ပန်းပွင့်လေးတွေ၊ အခက်လေးတွေ၊ အရွက်လေးတွေနဲ့ ပြည့်စုံနေမှ၊ ပြီးတော့ အပြင်က စက်ကူဖတ်လေးက လည်း ၀န်းရံထားဦးမှ ဖဲကြိုးလေး မပါရင် ပန်းစည်းက လျော့တိလျော့ရဲနဲ့ မလှမပ မသပ်မရပ် ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ လူ၃ယောက် (ကိုယ်တို့ မိသားစုဝင် ၃ယောက်) ရှိရုံနဲ့ ပြီးပြည့်စုံ လှပတဲ့ မိသားစုဘ၀ဖြစ်ပြီးလို့ တထစ်ချမပြောနိုင်ပါဘူး။ 'ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ' ဆိုတဲ့စကားလို ၁ဦးကို၁ဦး အပြန်အလှန် ခံစားနား လည်ပေး၊ ကူညီပေး၊ ၁ဦးရဲ့ လိုအပ်ချိန်တိုင်းမှာ နောက် ၁ဦးက အဆင်သင့်ရှိနေသလိုမျိုး ဆွေမျိုးသားချင်း၊ သူငယ်ချင်းများလည်းရှိမှ မိသားစုဘ၀ကပိုပြည့်စုံတာ၊ နောက်ဒီမိသားစုလေး လိုအပ်ချိန်တိုင်း ကိုယ် စိတ်နှလုံး ၃ပါးစလုံးနဲ့ စောင့်ရှောက်ပေးနေတဲ့ နှစ်ဖက်မိဘ၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေရှိနေခြင်းက လည်း ကိုယ်တို့ မိသားစုလေးကို ပိုပြည့်စုံစေပါတယ်။

ကိုတို့မှာတော့ လိုအပ်တိုင်းကူညီဖို့ အသင့်ရှိတဲ့  နှစ်ဖက်မိဘ၊ ဘကြီး၊ ဦး၊ ဒေါ် ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းနှင့် သူငယ်ချင်းတွေအားလုံးကို ရယူပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် ဒီပန်းစည်းလေးထဲမှာ အခြား ပန်းအရွက်လေးတွေ အနေနဲ့ ကိုယ်စားပြုပြီးထည့်ထားတာ။

အဲဒီလိုပဲ မြန်မာဓလေ့ထုံးစံအရ ယောင်္ကျားကျင့်ဝတ်၊ မိန်းမကျင့်ဝတ်၊ မိဘ၀တ်၊ သား၊ သမီးဝတ် အစရှိသဖြင့် လူကျင့်ဝတ်လေးတွေကြောင့် မြန်မာလူမျိုးတို့ရဲ့ မိသားစုဘ၀ဆိုတာ နွေးထွေးမှု၊ စည်းလုံးမှု၊ စာနာနားလည် မှုတွေနဲ့ ပြည့်စုံနေတာပါ။ အဲဒါတွေမရှိရင်ပြီးပြည့်စုံတဲ့  မိသားစုဘ၀လို့ ခေါ်လို့မရနိုင်သေးဘူး။ ဒါကြောင့် ပန်းပွင့် အခက်အားလုံးကို ကာထားတဲ့ စက်ကူဖျော့ဖတ်လေးကတော့ ကိုယ်တို့ရဲ့ မြန်မာလူနေမှုထုံးစံအရ 'ကျင့်ဝတ်' ကိုကိုယ်စားပြုတာ။ အဲဒီကျင့်ဝတ်တွေကိုလိုက်နာဖို့ ကိုယ်ကျင့်တရားက အရေးကြီးသွားပြီ။ ဒါကြောင့် ပန်းစည်းလေး သပ်ရပ်လှပဖို့ အတွက် ချည်နှောင်ထားတဲ့ ဖဲပြားလေးက အရေးကြီးသလို ကိုယ်တို့ရဲ့ မိသားစုဘ၀လေးပြည့်စုံလှပဖို့ အတွက် လည်းကိုယ်ကျင့်တရားက အရေးအကြီးဆုံးပဲ။

အချုပ်အနေနဲ့ပြောရရင် ဒီပန်းစည်းလေး နောက်ဆုံးကြွေနွမ်းပျက်စီးသည်အထိ သပ်ရပ်လှပဖို့ လိုအပ်သလို ကိုယ်တို့ရဲ့ မိသားစုလေးလည်း နောက်ဆုံးထွက်သက်အထိ ရိုသေလေးစားရသော မိဘဆွေမျိုးသားချင်းများ၊ ချစ်ခင်ရပါသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနဲ့ မြန်မာဓလေ့လူကျင့်ဝတ်တွေကိုလိုက်နာပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးအဖြစ် ကြိုးစား ကြရအောင် .....

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

5 comments:

Cameron said...

မိသားစုလေးတစ်ခုကို လှပတဲ့ ပန်းစည်းလေးနဲ့ ခိုင်းနှိုင်းရေးသားထားတာလေးသိပ်လှတယ်....။

:P said...

ပြောတတ်၊ရေးတတ်လိုက်တာ..
မိသားစု အမြဲသာယာချမ်းမြေ့ပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

အရမ်းကိုသဘောကျ ကြည်နူးသွားမိတယ်
ကာယကံရှင်ဆိုရင်တော့ ပြောစရာတောင် လိုမယ် မထင်ဘူးနော်..
ထာဝရပျော်ရွှင်သာယာသော မိသားစုဖြစ်ပါစေရှင်

Anonymous said...

၁နှစ်ပြီး ၁နှစ် သံယောဇဉ်တွေ ၁ရစ်ပြီး ၁ရစ်တိုးပြီး
၁ယောက်ကို ၁ယောက် ကြည်နူးစွာ ချစ်ခင်နိုင်ပါစေ...
၁ခါ ၁လေကျ သားလေး ၁ယောက်ထဲ ပျင်းနေလိမ့်မယ် သမီးလေး ၁ယောက်လောက် ထပ်မွေးအုံးနော်...

Myo Mon Yee Oo said...

အားလုံးကို ကျေးဇူးတင်ပါတယ် ရှင်