Tuesday, February 15, 2011

ငါးဖယ်ဟင်းဆီပြန်

ငါးဖယ်ချက်မယ်ဆိုလျင် လုပ်ရတာ အရမ်းများလို့ ချက်မယ့်နေ့မတိုင်ခင်ဆို အရမ်းပျင်းပါတယ်။ ဒါပေမယ့် မလုပ် လို့ကလည်း မဖြစ်ပြန်ပါဘူး။ Blog မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ။ ချက်ထားတဲ့ဟင်းတွေအများကြီး ပါ။ ဖြည်းဖြည်းချင်းရေးမယ်နော်။ လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။

ဂျင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ညက်နေအောင်ထောင်းပါတယ်။ ငါးဖယ်ကို မွနေအောင် ထောင်းပါတယ်။ ထောင်းထားပြီးသား ငါးဖယ်ကို ဆား၊ ဆနွင်း အချိုမှုန့်၊ ညက်အောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူဖြင့်နံအောင်နှယ်ပါတယ်။ စီးလာလျင် လက်ဖြင့် အလောတော်လုံးပြီး ငါးဖယ်အ၀ိုင်းလေးများ ဖြစ်အောင်လုပ်ပါတယ်။ ခရမ်းချဉ်သီး ၁လုံးပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေ အောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် အသင့်ပြင်ထားသော ငါးဖယ်အ၀ိုင်းလေးများ ကိုကြော်ပါ။ ငါးဖယ်ကို မီးပူရုံ ဟိုဖက် ဒီဘက်လှန်ပြီးဆယ်ထားပါ။ ငါးဖယ်ကြော်ထားသောဆီဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်ပါ။ နွမ်းလာ ပြီဆိုလျင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်ပါ။ ငါးဖယ်ကြော်ထည့်ပါ။ ရေနွေးထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ၁၀တောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်လာလျင် နံနံပင်လေးအုပ်ပါ။

2 comments:

စန္ဒကူး said...

ငါးဖယ်ကလက်ဝင်ပေမယ့်စားလို့အရမ်းကောင်းတယ်.
ကူးတို့နေရာမှာတော့ ငါးဖယ်ရှိဘူး...
ရန်ကုန်ပြန်မှအ၀စားရတာ..

ငွေစန္ဒာ said...

ငါးဖယ်ဟင်းလေးမြင်ပြီးစားချင်သွားပါတယ်။အဲလိုငါးဖယ်အစစ်မစားရတာကြာပြီ။