Tuesday, December 29, 2009

ဝက်နံရိုးနှင့်ချဉ်ပေါင်ဟင်းဆီပြန်

ဝက်သားကို အချိုချက်လိုက်၊ ဟင်းချက်လိုက် ချက်နေရတာ ရိုးနေလို့ ချဉ်ပေါင်ကြော်တဲ့အတိုင်း အဆန်းထွင်ပြီး ချက်လိုက်တာ။ ချဉ်ပြုံးပြုံး အစပ်ကလေးပါပါတော့ ခံတွင်းတွေ့ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ကိုရောပြီး စက်နှင့်ရောကြိတ်လိုက်ပါတယ်။ ချဉ်ပေါင်ရွက်ကိုလည်း သင်ထားပါတယ်။ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ဆနွင်းဖြင့်ထည့်ပြီး နှံအောင်နှယ်ထားပါ။ ဆီထည့်ပြီး ကြိတ်ထားသောအရာများ ကိုမီးအေးအေးဖြင့် ဆီသတ်ပါတယ်။ နွမ်းပြီဆိုလျင် အရောင်တင်မှုန့် အနည်းငယ်ထည့်ပါတယ်။ ၀က်နံရိုးထည့်ပါတယ်။ ဆီပြန်လာအောင် စောင့်ပြီး နှုးအောင် ရေ၃ရေ ထည့်ပါတယ်။ ငပိစိမ်းစာအနည်းငယ်ထည့်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါတယ်။ ဆီပြန်ခါနီးအချိန်မှ ချဉ်ပေါင်ထည့်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်နှုးပြီဆိုလျင် စားလို့ရပါပြီ။

No comments: