Sunday, December 27, 2009

Singapore မှာ မိဘမေတ္တာတွေ ပျောက်ဆုံးနေပြီလား

ဒီ Post ကိုရေးသင့်၊ မရေးသင့် အချိန်ယူပြီး တော်တော်စဉ်းစားယူရပါတယ်။ ကျွန်မရေးထားတာကိုဖတ်ပြီး ကျွန်မကို တော်တော်အမြင်ကတ်ကြ မှာပါ။ ဒါပေမယ့် မရေးလို့ကလည်း မဖြစ်ပြန်ပါဘူး။

Singapore မှာရှိသော လင်မယားတိုင်း ကိုယ်ဝန်ရှိလာရင် များသောအားဖြင့် စဉ်းစားကြတာကို ပြောချင်တာပါ။ သူများကိုယ်ရေးကိုယ်တာ ကိုလည်း ၀င်ရောက်စွက်ဖက်ခြင်း မဟုတ်ပါဘူး။ သိစေချင်တာလေး ၁ခုထဲပါ။ ဒီအချက်ကလေးကို စဉ်းစားမိရဲ့လားဆိုတာ သိစေချင်တာပါ။

များသောအားဖြင့် ကိုယ်ဝန်ရှိလာပြီဆိုလျင် ၉၅% က ရန်ကုန်ကိုပြန်ပြီး ကလေးပြန်မွေးကြတာများပါတယ်။ ဒီမှာမွေးပြီး ကိုယ်တိုင်ထိန်းတဲ့ မိခင်ဆိုတာ အတော့်ကိုရှားပါးပါတယ်။ ကလေးမွေးပြီးပြီဆိုလျင် ကလေးကို ကလေးထိန်းအပြင် အဖိုး၊ အဖွား၊ ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ပါတယ်။ ကလေးထိန်းနှင့်ထားခဲ့ရပြီဆိုကတည်းက ဘယ်လောက်စိတ်ချရမှာမို့လဲ။ ကျွန်မ မောင်လေးဆို မွေးကတည်းက နာနီ နဲ့ပဲနေခဲ့ရတာ။ အဖွားရှေ့မှာ နာနီကထိန်းပေါ့။ နာနီက ကလေးကိုဆိတ်ဆွဲ၊ ရိုက်နေလည်း အဖွားက မြင်ချင်မှ မြင်တာ၊ အဖိုးကတော့ သူဟာသူအေးဆေး နေတာ။ ကျွန်မဆို ဒီလိုနေရာမျိုးမှာဆိုရင် ကိုယ်ဟာကိုယ်ပဲထိန်းတော့မယ်။ ကိုယ်ကလေးကို သူများက နှိပ်စက်နေတာ မမြင်ရက်ပါဘူး။ ကိုယ်က ယောက်ျားလည်း ယူသေးတယ်။ အသက်ကြီးနေပြီဖြစ်သော ၂ဖက် မိဘတွေကို ကိုယ်ကပြန်ပြီးဒုက္ခပေးသင့်ပါသလား။ သူတို့မှာ ဇရာကထောက်လာသောကြောင့် ကျန်းမာရေးက စကားပြောလာပြီလေ။ ဒီအချိန်မှာ လူမမယ် မွေးကာစ ကလေးလေးကို လက်လွတ်စပယ် အဖိုး၊ အဖွားတွေနဲ့ပစ်ထားပြီး ဒီကိုပြန်လာသင့်ပါသလား။ ဒီကလေးလေးအပေါ်မှာ ထားရှိရမယ့် မိဘမေတ္တာကကော ဘယ်မှာပါလဲ။ ကျွန်မ Blog ၁ခုမှာဖတ်ရပါတယ်။ ကလေးကို အဖိုး၊ အဖွားတွေနဲ့ထားခဲ့ပြီး ရေးထားတာ လွမ်းကြောင်း၁ တဲ့။ ကျွန်မထင်တာ နောက်ဆို လွမ်းကြောင်း ၃၆၅ တောင်ဖြစ်မလားပဲ။ နောက်၁ခုက ကိုယ်က အဖိုး၊ အဖွားတွေနဲ့ ပစ်ထားပြီး ဒီကိုလာပြီး အလုပ်ကိုကောဖြောင့်အောင်လုပ်နိုင်ပါ့မလား။ ပိုက်ဆံတွေရပြီး စိတ်ချမ်းသာမှုကောရပါရဲ့လား။ လူတိုင်း ပိုက်ဆံ လိုချင်လို့ ရန်ကုန်ကနေလာပြီး Singapore မှာ အလုပ်လာလုပ်နေကြတာပဲ။ ၁ချို့တွေကပြောကြတယ်။ ဆင်ခြေပေါ့လေ။ ဒီလောက် မွေးကာစ ကလေးလေးကို ဘယ်လိုထိန်းတတ်မှာလဲ။ အဖိုး၊ အဖွားတွေ ထိန်းတော့ပိုကောင်းတာပေါ့တဲ့။ ကောင်းရော။ ဒါလား မိဘမေတ္တာ။ ကိုယ့်ကလေးကြီးလာတဲ့အချိန်ကျွန်တော်၊ ကျွန်မကိုဘယ်လိုထိန်းခဲ့သလဲ၊ ဘယ်လိုပူပန်ခဲ့သလဲလို့ ပြန်မေးတတ်တဲ့ အချိန်ရောက်ရင် ဘယ်လိုပြန်ဖြေကြမလဲ။ ဖြေကော ဖြေတတ်ကြရဲ့လား။

ကျွန်မဒီ Post ကိုဖတ်တဲ့သူတိုင်းမေးလာကြရင် ကျွန်မမှာ အကောင်းဆုံးအဖြေရှိပြီသားပါ။ ကျွန်မ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့ကလေးကို ကိုယ်တိုင်ပဲထိန်းမှာပါ။ ဘယ်သူမှလည်း လာမထိန်းပေးပါဘူး။ ကျွန်မ မွေးကင်းစကလေးကို ထိန်းလည်းမထိန်းတတ်ပါဘူး။ ငယ်ငယ်ကဆို မွေးကာစ ကလေးကိုချီရမှာ အရမ်းကြောက်တာ။ ချီတောင်မချီရဲဘူး။ အခု မမွေးခင်အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ရန်ကုန်ပြန်တဲ့အချိန်က ၀ယ်လာတဲ့စာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်ရတယ်။ Website တွေမှာရှာပြီး ဖတ်ရတယ်။ မွေးပြီးတဲ့သူတွေကို ပြန်ပြီးမေးရတယ်။ ကလေးအတွက်လိုမယ့်အရာတွေကို ခုချိန်ကတည်းက စုဆောင်းရတယ်။ မွေးပြီးရင်တောင် ဘယ်လိုထိန်းရပါ့မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။

ကျွန်မ Singapore မှာအများတကာ လုပ်သလိုလုပ်ဖို့ အချိန်ယူပြီး တော်တော်စဉ်းစားပါသေးတယ်။ ကျွန်မ အဖေက ၆၃နှစ်၊ ယောက်ခမက ၇၀ကျော်၊ သူတို့ဆီမှာ ကလေးကိုပစ်ထားပြီး ဒီကိုအလုပ်ပြန်လုပ်မယ်ဆိုရင် ကျွန်မတို့လောက် မွေးရကျိုးနပ်တဲ့ သား၊ သမီးတွေဖြစ်လာပါ့မလား၊ ဒါမှမဟုတ် ကိုယ့်ကလေးကို နွေးထွေးမှု မပေးနိုင်တဲ့၊ မိခင်စိတ်၊ ဖခင်စိတ်ကင်းမဲ့နေကြပြီလားဆိုတာပါပဲ။ သူများတွေသုံးသလို၊ ရှာသလို ကျွန်မလည်း Full-Time အလုပ်လုပ်ပြီး သုံးချင်တာပေါ့။ အခုချိန်မှာ ငွေမျက်နှာနောက်ကိုလိုက်နေလို့ မဖြစ်သေးပါဘူး။ကျွန်မရဲ့ စိတ်ကိုက လက်မခံနိုင်တာ။ ကျွန်မအမေဆို ကျွန်မ၃နှစ်အထိ ကိုယ်တိုင်ထိန်းခဲ့တာ။ ၃နှစ်ပြည့်တော့မှ အလုပ်ပြန် စလုပ်တာ။ မနက်ဆို အဖိုး၊ အဖွားတွေဆီမှာ ထားခဲ့ပြီး ညနေ အလုပ်ကပြန်လာမှ ပြန်လာခေါ်တာ။ ကျွန်မကလေးကို Day Care Centre လည်းပို့ဖို့စိတ်မကူးပါဘူး။ ကလေး ၁နှစ်ပြည့်မှ အလုပ်ပြန်လုပ်မှာပါ။ မလုပ်လို့ကလည်းမဖြစ်ပြန်ပါဘူး။ PR ဖြစ်ကတည်းက အခုအချိန်ထိ CPF ၁ပြားမှမရှိသေးပါဘူး။ အဲဒီအချိန်မရောက်ခင် ရှေ့ဆက်ဘာလုပ်သင့်သလဲ ဆိုတာ ကလေး၆လ ပြည့်မှပဲ ဆုံးဖြတ်တော့မယ်။ ရန်ကုန်ကိုပြန်ပို့ဖို့ဆိုတဲ့ စိတ်ကူးကိုဆုံးဖြတ်ချက်ချမယ့်အထဲမှာ မပါပါဘူး။

Singapore မှာ ၁ချိန်မှာ မိခင်ဖြစ်လာမည့်သူတွေ၊ ဖခင်ဖြစ်လာမည့်သူတွေ မိဘမေတ္တာကို ကိုယ်မွေးလာမယ့် သား၊ သမီးအပေါ်မှာ အကောင်းဆုံး နွေးထွေးမှုများကို ကိုယ်ထိလက်ရောက်ပေးနိုင်ကြပါစေ။ ကိုယ်မွေးလာမည့်သား၊ သမီး အပေါ် ပိုက်ဆံတွေပို့ပေးနေယုံမျှဖြင့် ဒါကို မိဘမေတ္တာလို့ မခေါ်သင့်ပါဘူး။ အပေါ်ယံငွေကြေးပစ္စည်းထက် နွေးထွေးတဲ့ မိဘရဲ့မေတ္တာအရိပ် ဘယ်ဟာက ပိုမြတ်ပါသလဲရှင် .....

3 comments:

မစုမြတ် said...

သိပ်ကြိုက်ပါတယ်.. စိတ်ဓါတ်ကို.. သားလေးအတွက်လည်း ဒီလို မိခင်မျိုးရတာ သိပ်ကို ကံကောင်းပါတယ်.. လေးစားပါတယ် မွန်မွန်..

့်Home Sweet Home said...

ိမွန်မွန်ရေ
စီဘောက်ထဲမှာလိမ်စာပေးသွားလို့ လိုက်ကြည့်ပါတယ်။ မွန်ရယ် လူဆိုတာဘ၀ကိုယ်စီနဲ့ မို့ အပြစ်မြင်စရာမရှိပါဘူး။ လူတိုင်းကကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူသလို ဆုံးဖြတ်ချက်တွေကွဲပြားသွားကြတာပေါ့ ။

အခုနောက်ပိုင်းတော့ ကိုယ်ဝန်ရှိလာရင်တော့လူတိုင်းစင်ကာပူမှာမွေးကြသလို ။ ကလေးကိုပြည်တော်ပြန်စေတာကလည်းရှားပါတယ်။ အခုဆို SPass တွေတောင်ကိုယ်ကလေးကိုစင်ကာပူမှာခေါ်ထားနိုင်ပါတယ်။ ဘလောက်ရွာမှာလဲအတူပါဘဲ။ ကလေးပြန်ပို့ တာမပို့ တာကတော့ လူတိုင်းရဲ့ မိသားစုအရေးမို့ ကောင်းတယ်မကောင်းဘူးပြောဖို့ ကခက်ပါတယ်။ ကိုယ့် ရဲ့ စိတ်ခံစားချက်လေးတွေကိုဖွင့်ချထားတာမို့ လွပ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်မွန်ရယ်။

မိဘချင်းမို့ ကိုယ်ချင်းစာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မွန်တစ်ခါရေးဘူးသလို ပေါ့ ကိုယ်ချင်းစာတယ်ဆိုတာအပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ မိဘတ္တောဆိုတာမျိုးကတော့သံသယမဖြစ်ကောင်းပါဘူး။ မွန်မွန်အခုလို့  လွပ်လပ်စွာရေးထားတာကိုတော့အပြစ်ပြောစရာမရှိသလိုအမြင်လည်းမကပ်ပါဘူး။ သားလေးနဲ့ မိသာစုဘ၀ပျော်ရွင်နိုင်ပါစေကွယ်။

Anonymous said...

As u r being PR u might dare to say like that...As for foreigner the stay is not easy as u think, anyway I like ur post.