Thursday, September 23, 2010

ရွှေညောင်ပင်စတိုင် ကြက်သားသုတ်


ကြက်သားကို ဆား၊ ဆနွင်း ၂ဆ၊ အချိုမှုန့် ထည့်ပြီးပြုတ်ပါတယ်။ ကြက်သားနှုးပြီဆိုလျင် ကြက်သားပြုတ်ထား သော အရည်ဖြင့် ပဲမှုန့် အစိမ်းမှုန့်ကို ကျိုပါတယ်။ မွှေးတံဆိပ် ပဲမှုန့် အစိမ်းမှုန့် ကိုသုံးပါတယ်။ မွှေးတံဆိပ် ပဲမှုန့် အစိမ်းမှုန့်မကျိုခင်မှာ ကြက်သွန်နီ ပါးပါးလှီး ဆီသတ်၊ ပြီးမှ ပဲမှုန့်အစိမ်းမှုန့် ထည့်ပြီးကြက်ပြုတ်ထားသော အရည် နှင့်ကြိုပါတယ်။ ပိုပြီးမွှေးအောင် ကုလားလေးမဆလာပါ ထည့်ပါတယ်။ ဂေါ်ဖီထုပ်၊ ငရုပ်သီးစိမ်းကို ပါးပါးလှီးပါ တယ်။ သံပုရာသီး အနေတော်လှီးပါတယ်။ စားမယ့်အချိန်ကျမှ ပန်းကန်ထဲ ကြက်သားထည့်၊ ဂေါ်ဖီထည့်၊ ငရုပ် သီးစိမ်းထည့်၊ သံပုရာသီးညစ်၊ ပဲရည်ထည့်၊ အချိုမှုန့်အနည်းငယ်၊ ဆား အနည်းငယ် ထည့်ပြီး သုံးဆောင်နိုင် ပါပြီရှင်။

နည်းလမ်းပေးသော wesheme ကို အထူး ကျေးဇူး တင်ပါတယ်။

Tuesday, September 21, 2010

မင်းလမ်း အလွမ်းပြေ ရေခူသုတ်

ရေခူသုတ် မသုတ်မီ

သန့်စင်ပြီးသား ရေခူကိုပြုတ်ပြီး ကတ်ကြေးနဲ့ အနေတော် ဖြတ်ပါတယ်။ ပန်းကန်ပြားထဲမှာ ပြုတ်ပြီးသား ရေခူ၊ ကြက်သွန်နီ ပါးပါးလှီးထားတာ၊ ငရုတ်တောင်း (ငရုတ်သီးစိမ်း ၅တောင့်၊ ကြက်သွန်ဖြူ ၁တောင့်ကို မီးဖုတ်ပြီး ထောင်းထားတာ)၊ စိမ်းစားငပိ မီးဖုတ်ပြီးသား၊ နံနံပင် လှီးထားတာ၊ ပုဇွန်ခြောက်မှုန့်၊ ဆား၊ အချိုမှုန့်၊ သံပုရာသီး ၁စိတ်၊ (ဆီချက် လက်ဖက်ရည်ဇွန်း ၁၀က် - ရခိုင်သုတ်မှာ ဆီချက်မပါ ပါဘူး)။ ကျွန်မက စိုစိုလေး စားချင်လို့ အနည်းငယ် ပါတယ်ဆိုရုံလေး ထည့်ထားတာပါ။

လာစားကြရအောင် - မင်းလမ်း အလွမ်းပြေ ရေခူသုတ်လေးနော် .....

ရေခူသုတ် သုတ်ပြီး

Saturday, September 11, 2010

ပုဇွန်ဘောချိတ် နှင့် ငရုတ်သီး အစပ်ကြော်

ပုဇွန်ကို ဆား ဆနွင်း အချိုမှုန့် နယ်ပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ပုဇွန်ကွေးလာလျင် ငရုတ်သီး လေးစိပ်ကွဲ ထည့်ပါ။ ၃မိနစ် ထားပြီးရင် ချလို့ ရပါပြီ။

Friday, September 10, 2010

ဖလံတောင်ဝှေး နှင့် ပုဇွန်ဆိတ်ကြော်

ဖလံတောင်ဝှေးကို ငရုတ်ကျည်ပွေ့နဲ့ ထုရပါတယ်။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီ ပါးပါးလှီး၊ ပုဇွန်ထည့်၊ ဖလံတောင်ဝှေးထည့်၊ ဆား၊ အချိုမှုန့်၊ ခရုဆီအနည်းငယ် ထည့်ပြီး ကြော်ပါတယ်။

Thursday, September 9, 2010

မုန်လာဥ ချဉ်ရည်ဟင်း

မုန်လာဥကို အနေတော်လှီးပြီး ရေဆေးထားပါ။ ပုဇွန် အနေတော် ၃ကောင်လောက်ကို ဆား၊ ဆနွင်း၊ အချိုမှုန့် ထည့်ပါ တယ်။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်း ထားတာ ထည့်ပါတယ်။ နွမ်းစပြုလာလျင် ခရမ်းချဉ်သီး ပါးပါးလှီး ထည့်ပါ တယ်။ ခရမ်းချဉ်သီး နွမ်းလာလျင် ပုဇွန် ထည့်ပါ တယ်။ မုန်လာဥ ထည့်ပါ တယ်။ ၅မိနစ်လောက် နေမှ ရေနွေးအနည်းငယ်ထည့်ပါ။ ငပိစိမ်းစား အနည်းငယ် ထည့် ပါ။ မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ပြီး ထည့်ပါ။ ကိုယ်လိုချင်တဲ့အနေအထားရောက်ရင် နံနံပင် အနည်း ငယ်အုပ်ပြီး ချလို့ရပါပြီ။

Wednesday, September 8, 2010

ဘဲအချိုပေါင်း

ဘဲက Ready Made ပါ။ နှုးပြီးသားပါ။ အရိုးပါ ၀ါးစားလို့ရပါတယ်။ ကိုယ်စိတ်ကြိုက် ပြန်ပြင်ချက်ထားပါ။ ကြက်သွန်နီ ဥသေးသေး ၅လုံးခန့် အခွံနွှာ၊ ကြက်သွန်ဖြူ ၄မွှာ မထူမပါး လှီးထားပါ။ ဂျင်း လက်၁ဆစ် လှီးထားပါ။ မှိုခြောက် ၄လုံးခန့်ရေစိမ်ပါ။ ကတ်ကြေးဖြင့် အပြားဖြစ်အောင် ညှပ်ပါ။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်ပြီး ဆီသတ်ပါ။ ခရုဆီထည့်ပါ။ မှိုထည့်ပါ။ နွမ်းစပြုလာချိန်မှာ ဘဲသားကို အနေတော် လှီးပြီးထည့်ပါ။ အရောင် အညိုရောင်ဖြစ်လာပြီဆိုလျင် ရပါပြီ။ အပေါ်ကနေလှအောင် ကြက်သွန်မြိတ် အနေတော် လှီးပြီး အပေါ်ကနေ အုပ်ပါ။

Tuesday, September 7, 2010

ငါးသလောက်ဥ ပြုတ်ကြော်ချက်

ငါးသလောက်ဥကို အရင်ဆုံး ဆား၊ အချိုမှုန့် နှယ်ပြီး ပြုတ်ပါတယ်။ (၁၀ မိနစ်ခန့်)။ ဆီထည့်ပြီး ဆနွင်း အနည်း ငယ်ထည့်ပါတယ်။ ဂျင်း၊ ကြက်သွန်ဇြူ ထောင်းပြီးဆီသတ်ပါတယ်။ နွမ်းလာရင် ပြုတ်ထားသော ငါးသလောက် ဥထည့််ပါတယ်။ ပဲငံပြာရည် အနောက် /အကြည် ကြိုက်တာ ထည့်လို့ရပါတယ်။

Monday, September 6, 2010

ဘဲသွေးသုတ်


ဘဲသွေး စားချင်တယ် ဆိုလို့ ရန်ကုန် ကနေ ဖေဖေ လာလည်တုန်းက ယူလာတာပါ။ Chinese Style သုတ်ထားတာပါ။ မစားရတာကြာလို့လား မသိဘူး။ အရမ်း စားကောင်းပါတယ်။ ပါဝင်သော အရာများ - ကြက်သွန်နီ ပါးပါးလှီး၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည် အနည်းငယ်၊ ကြက်သွန်မိတ် အနေတော်လှီးထားတာ၊ ငရုတ် အနီရောင်

Sunday, September 5, 2010

တဇောင်းချဉ်ချက်


တဇောင်းချဉ် Singapore မှာ ၀ယ်လို့ မရပါဘူး။ ရန်ကုန်ကနေ လက်ဆောင် ရတာပါ။ ပထမဆုံး ချက်ခြင်းနဲ့ ပထမဆုံး စားချင်ပါ။ တဇောင်းချဉ် မှာ ပါလာတဲ့ အဖြူရောင်တွေကို ဖယ်ထုတ်ပစ်ပါ။ ရေဆေးပါ။ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီး ပြီး ဆီသတ်ပါ။ ရေဆေးပြီး သား တဇောင်းချဉ်ကိုထည့်ပါ။ ပုဇွန်ခြောက်မှုန့် ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ စားရတာ ချဉ်ချဉ်လေးနဲ့ စားလို့ အရမ်းကောင်း ပါတယ်။ ချဉ်ပေါင်နှင့် မြစ်ကြော်သလို အတူတူပါပဲ။ ကျွန်မကတော့ အဖြူ ထည်လေးချက်လိုက်ပါတယ်။ အရမ်းစားကောင်းပါတယ်။

Saturday, September 4, 2010

ဘာအလုပ် လုပ်ရင်ကောင်းမလဲ

အလုပ် ပြန်လုပ်ရတော့မယ်။ ပြန်လုပ်ရမယ်ဆိုတော့ ကြောက်သား။ ကျွန်မက Stress ရှိရင် ဘယ်လောက် လခ ကောင်းကောင်းမလုပ်ချင်။ အေးအေးလူလူ ထိုင်ခုံမှာ ထိုင်ပြီး Program စဉ်းစားရတဲ့ ဘ၀ကို ကျွန်မ ကြောက် တယ်။ လူပင်ပန်းတဲ့ ဒဏ်ကို ကျွန်မ ခံနိုင်ရည်ရှိပေမယ့် စိတ်ပင်ပန်းတဲ့ဒဏ် ကျွန်မ မခံနိုင်ပါ။ ထိုင်ခုံမှာ အေးအေး လူလူ ထိုင်နေရပေမယ့် ဦးနှောက်စားတဲ့အလုပ် ကျွန်မ မုန်းတယ်။ မနက် မနက် အလုပ်သွားရမှာ အတော်စိတ် ညစ်တယ်။ နောက်ဆုံး လုပ်ခဲ့ရတဲ့ အလုပ်က အဆိုးဆုံး။ လူလဲပင်ပန်း၊ စိတ်လဲပင်ပန်းတယ်။ မနက် ရ:၂၀ ဆို အိမ်က ထွက်ပြီ။ Bus ကားဂိတ်က အိမ်အောက်တင်။ ၂မှတ်တိုင်လောက်စီးရင် ရုံးရောက်ပြီ။ ရး၄၅ ဆို ရုံး ရောက်ပြီ။ ၁ခါ၁လေ ရုံးတောင် မရောက်သေး ဖုံးကရောက်လာပြီ။ ကျွန်မရဲ့တာဝန်က 24/7 ပြသာနာပေါင်းစုံ ဖြေရှင်းရတာ။ 24/7 ပြသာနာဆိုတာ စက်ပျက်ရင် အရေးပေါ်ပြင်ပေးရတာ။ ဖုံးခေါ်ထား ရင် နေရာတောင် မရောက်သေးဘူး။ ပြသာနာရှိတဲ့နေရာသွား ပြသာနာ ဖြေရှင်း။ ပြီးမှ ကိုယ့်နေရာ ရောက်တယ်။ ရောက်တာနဲ့ ရုံး e-mail စစ်ရတယ်။ ၁ခါ၁လေ ပြသာနာတွေက e-mail ထဲမှာလဲ လာတတ်တယ်။ ၈း၂၀ ဆိုရင် ရုံးကလူတွေ စုရပ်သွားပြီး ၅ မိနစ် meeting တက်ရသေးတယ်။ ၁မိနစ် နောက်ကျတဲ့သူတွေက အဲဒီမှာ အကုန်အဆူခံရတယ်။ ကျွန်မတို့က Time Card နဲ့ ဆိုတော့ ညာလို့မရဘူး။ ၁မိနစ် နောက်ကျတဲ့သူတွေ အပြစ်ပေးပုံက မိနစ် ၃၀ ပိုလုပ်ရတယ်။ ပိုက်ဆံတော့ မဖြတ်ဘူး။ ဥပမာ ကျွန်မရဲ့ အချိန်က ၈ - ၆ ဆိုရင် ၁၂-၁ ကထမင်းစားချိန်၊ နာရီ ၀က် ပိုလုပ်ရတာကို ထမင်းစားချိန် နာရီဝက်ပဲစားမလား ဒါမှမဟုတ် ၆း၃၀ မှ ပြန်မလား။ ၁ခါမှ တော့ ကျွန်မ နောက် မကျဘူးပါ။

ပြီးတာနဲ့ ကိုယ့်နေရာ ကိုယ်သွားပြီး လုပ်စရာရှိတာလုပ်၊ ၁ခါ၁လေ ကိုယ့်နေရာပြန်တဲ့ လမ်းမှာ လာခေါ်လို့ လိုက်သွားရတာ ရှိသေးတယ်။ ဘယ်ဟာကို အရင်ဦးစားပေးသင့်လဲဆိုတာ ကိုယ့်က စဉ်းစားရတယ်။ ၁ခါ၁လေ ပြသာနာက ၄ ၅ခု ဆင့်လာတာ ရှိတယ်။ အဲဒီတော့ ဘာပြီး ဘာဆိုတာ တောက်လျောက်စဉ်းစားရတယ်။ မေ့လို့ မရဘူး။ မေ့တာနဲ့ အရေးကြီးတာ ကိုယ်နာမည်ပျက်တယ်။ ဒုတိယက ကိုယ့် Dept နာမည်ပျက်တယ်။ ကိုယ့်နေ ရာ ရောက်ပြန်ရင် Marketing က pamphlet လုပ်ခိုင်းတယ်။ Magazine မှာထည့်ဖို့ Design ဘယ်လို လိုချင် လဲဆိုတာ ရောက်ချင်ရောက်နေတတ်ပြန်တယ်။ နာရီဝက်အတွင်း ပြီးအောင် လုပ်ပေးရတယ်။ ၁ခါ၁ရံ ပြသာနာ ဖြေရှင်းတာ နောက်ကျနေပြီး e-mail ပို့တာ စောနေရင်း တောင်းပန်စာရေးရသေးတယ်။ ဘယ်နေ့နောက်ဆုံး ဆိုတာ ပါပြီးသား။ ၂ရက်တော့ ကြိုပေးပါတယ်။ ဒါပေမယ့် အရမ်းဂျီများတယ်။ ရေမချိုးပဲ ရုံးလာတယ်နဲ့တူတယ်။ ၁ခါ၁ လေ ဒီကလည်း အရေးကြီး ဟိုဟာကလည်း အရေးကြီး လူကို ၂ကိုယ်တောင် ခွဲထားချင်တယ်။

၁ချိန်တည်း ၁ပြိုင်နက် Program ပြင်ပေးပါ။ အသစ်ရေးပေးပါဦး။ ဒါလေးလိုချင်ပါတယ် ဆိုပြီး ထပ်လာသေး တယ်။ ပြီးတယ် မထင်ပါနဲ့။ ကလေးတွေကို Passport Photo ကို အခန်းထဲထိ သွားရိုက်ရတယ်။ ၁ခါထဲ ကျောင်းသား ကဒ်ပါထုတ်ပေးရတယ်။ ကလေးက နံပါတ်၁ဦးစားပေး၊ ပြီးတော့ ဆရာမ၊ ပြီးမှ ကိုယ့်ရုံးကလူ တွေဆိုတော့ ကျန်တာ အသာချပြီး သူတို့ကို ဦးစားပေးရတယ်။ ၁လကို အနည်းဆုံး ပွဲ ၁ပွဲရှိတယ်။ အဲဒါဆိုရင် Professional Camera ကိုင်ပြီး ဓာတ်ပုံရိုက်ရသေးတယ်။ အရမ်း အရေးကြီး နေပြီး ကိုယ် ၁ယောက်ထဲပဲရှိရင် Video ပါပြေးရိုက်ရသေးတယ်။ အရမ်း အလုပ်များနေရင် Marketing ကသူဟာ မပြီးသေးလို့ဆိုပြီး ကိုယ့်ကို လာခဲ့ပါဦးဆိုပြီး Marketing Dept ကိုသွား၊ သွားတော့လူရှေ့သူရှေ့ အဆဲခံရတယ်။ အပြင်ရောက်တာနဲ့ ကျွန်မ ငိုပြီ။ ကျန်တာ အရေးကြီးလည်းပစ်ထားပြီး သူ့ဟာကို အရင်လုပ်ပေးရတယ်။ ဒါပေမယ့် တခဏပါ။ ကျွန်မ လုပ်ထား တဲ့ Design ထွက်လာလို့ Magazine မှာ မြင်လိုက်ရရင် အရာအားလုံးမေ့ပျောက်သွားပြီး ကျွန်မ အရမ်းပျော်ပါတယ်။

၁၂ နာရီဒေါင်ထိုးတာနဲ့ ကျွန်မ ထမင်းစားပြီ။ နည်းပါတယ်။ ၁ခါ၁လေ ကျော်သွားတာလဲ ရှိတယ်။ စားနေရင် အရေးကြီးလို့ဆိုပြီး စားတာပစ်ပြီး အလုပ်သွားလုပ်ရသေးတယ်။ ပြီးသွားလို့ ပြန်ရောက်ရင် ကျွန်မ ထမင်းစားချင် စိတ်ကို မရှိတော့။ ၁နာရီ မထိုးခင်ပြန်တက် လုပ်စရာရှိတာ ကျန်တာတွေကို ဆက်လုပ်။ ကျွန်မ ဘယ်လောက် တောင် အလုပ်များလည်းဆိုရင် ကိုယ်ရေးကိုယ်တာ ဖုံးလာရင်တောင် ဖုံးမပြောနိုင်။ ကိုယ်ပိုင် Gmail မစစ်နိုင်။ Facebook မ၀င်နိုင်။ ဘာဆိုဘာမှ မ၀င်နိုင်ပါ။

ဓာတ်ပုံလည်း ကောင်းကောင်းရိုက်တတ်တယ်။ ဘောလုံးကန်တဲ့ကွင်း ၂ကွင်းရှိတာ ဟိုကွင်းပြေးလိုက် ဒီကွင်း ပြေးလိုက်နဲ့လည်း ရိုက်ဖူးတယ်။ နေ့လည်ဘက် ခြစ်ခြစ်တောက် ပူနေတဲ့ နေရာမှာ ကလေးရေကူး ပြိုင်တာကို ရိုက်ရတယ်။ နောက်နေ့ ဖျားတောင်ဖျားလိုက်သေးတယ်။ ကျောင်းမှာ အလုပ်လုပ်တာလေ။ အရမ်း အရမ်းကို အလုပ်များပါတယ်။ ရှိတာမှ ၃ယောက်ထဲ။ IT Vice President က ဒီမှာ မရှိဘူး။ အဲဒီတော့ ၂ယောက်ပဲရှိတယ်။ ခွင့်တောင် မယူရဲဘူး။ Senior က Bully လုပ်တာ အမြဲခံရတယ်။ ခွင့်များ ၁ရက်ယူလို့ကတော့ နောက်နေ့ သေပြီပဲ။ ထိုင်တောင် မထိုင်နိုင်ဘူး။ တောက်လျောက် လုပ်နေရတာ။ အဲဒီမှာ လုပ်တုန်းကဆိုရင် ၁လ ဖိနပ် ၁ရံ ၀ယ်ရတယ်။ ၂ပတ်ဆိုရင် ဖိနပ်က တော်တော်ရွဲနေပြီ။ Formal လိုပုံစံ ရုံးတက်ရတာ။ ကိုယ့်ရုပ်က ၁၁ နာရီဆိုရင် တော်တော် စုတ်ပြတ်နေပြီ။ ထိုင်ခုံမှာ ထိုင်ရတာ ၁နာရီတောင် မပြည့်ဘူး။

အရမ်းရီရတဲ့ ကျွန်မ။ ရုံးပိတ်လို့ အပြင်သွားရင်တောင် ၁ခါ၁လေ Program ဘယ်လိုရေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေ ဒါမှမဟုတ် Design ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ အမြဲ ခေါင်းထဲမှာ ရှိနေတာ လမ်းတွေ့ရင် ကျွန်မကို ရှေ့လာပြီးပြုံးပြ ပြူးပြ လာလုပ်ရင်တောင် လုံးဝ မမြင်ရေးချ မမြင်။ စိတ်က အဲဒီထဲပဲရောက်နေတာ။ အဲဒီရုံးမှာ ၁နှစ်နီးနီးလုပ်လာခဲ့တာလေ။ အလုပ်က ဘာပြီး ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေရတော့ ကျွန်မ မှတ်ဥာဏ် လုံးဝ ကို မကောင်းတော့တာ။ ဒါပေမယ့် ကျွန်မအတွက် ကောင်းတာ ၁ခု၊ ဆိုးတာ ၁ခုရှိတယ်။ ဆိုးတာက Senior က ကျွန်မကို Bully အမြဲတမ်းလုပ်တာ။ Manager & VP က ကျွန်မအပေါ် အရမ်းကောင်း တာ။ ကျွန်မက Manager နေရာမှာ အစားဝင်လာတာ။ Manager ကကျွန်မကို Training ၁လပေးပြီး ထွက်သွားတာ။ ဒါပေမယ့် e-mail နဲ့လှမ်းမေးလို့ ရတယ်။ ကျွန်မက Manager Post မဟုတ်ပါဘူး။ Manager လစာလည်း မရပါဘူး။ ကောင်းတာ ၁ခုက ကျွန်မ လုပ်ငန်းအတွေ့ အကြုံအများကြီး ရတယ်။ ပျော်တယ်။ ကိုယ်ရေး ကိုယ်တာကြောင့် စိတ်ညစ်ရင် အလုပ်ထဲမှာ နစ်ထားလို့ရတယ်။ အဲဒီအလုပ်က ကျွန်မကို ထောက်ခံ ချက် ရေးပေးထားတယ်။ ကျွန်မ အလုပ်ရှာရင် လွယ်အောင်လို့ပါ။

ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျွန်မ အဲဒီအလုပ်မှာရေးခဲ့တာ website ၆ခု ရှိတယ်။ နည်းတယ် မထင်နဲ့နော်။ ကိုယ့်ဟာကိုယ် ဖတ်ပြီးရေးရတာ။ သူများလည်း မေးလို့မရဘူး။

၆နာရီဒေါင်လို့ထိုးတာနဲ့ ရုံးဆင်းလို့ရပြီ။ အဓိက က အိမ်ပြန်ရောက်ရင် ရုံးအကြောင်း မစဉ်းစားချင်တော့တာ။ မနက်ဖြန် ဘာချက်ရင် ကောင်းမလဲပဲ စဉ်းစား တယ်။ ဒါလည်းပဲ ဦးနှောက်ခြောက်တဲ့ အထဲမှာပါတယ်။ ကျွန်မရဲ့ မကောင်းတဲ့ အကျင့်က IT သမား လုပ်နေပြီး စာလုံးဝ မဖတ်တာ။ ပြသာနာ လာပြီ ဆိုရင် မဖြေရှင်းတတ်ဘူးလို့ မထင်ပါနဲ့။ နာရီဝက် အတွင်း ဦးနှောက် ခြောက် ရလောက်အောင် အသဲအသန် ရှာရတာ။ အဖြေလည်း ရှာတွေ့ ပါတယ်။ ကျွန်မ ဦးနှောက်ထဲ လည်း တစ်သက်လုံး စွဲသွားပါတယ်။ အဲဒီလို တစ်သက်လုံး စွဲသွားချင်လို့ လေ။ ဟီးးးးးးးးးးးးး

ကျွန်မ စဉ်းစားထားတာ IT အလုပ်ပဲလုပ်ရင် ကောင်းမလား။ လူပင်ပန်းချင် ပင်ပန်းပါစေ။ Program တော့ ထပ်မရေးပါရစေနဲ့တော့။ ဦးနှောက်မစားချင်ဘူးးးးးးးးးးး IT Support အလုပ်လေး ရရင်ကောင်းမယ်။ စိတ်ကူးကြည့်တာပါ။ Stress ဒဏ်နဲ့ ကင်းဝေးတဲ့ အလုပ်ကလေး။ ဘာလုပ်ရင်ကောင်းမလဲ .....

ငါးထမင်း

Seabass ငါး ၁ကောင်ကို ပါးဟက်ထုတ်၊ အကြေးခွံဖယ်၊ ဓားနဲ့မွှန်းပြီး ဆား အချိုမှုန့်နယ်ပြီး ၁ညသိပ်ပါ။ မနက် ရောက်ရင် စပါးလင် ပါထည့်ပြီး ငါးပြုတ်ပါ။ မိနစ် ၃၀ ခန့်ကြာအောင် ပြုတ်ပါတယ်။ ငါးကို အအေးခံပြီး ငါးအသား ချည်းပဲ နွှင်ပါ တယ်။ ငါးအသားချည်းပဲကို သတ်သတ်ပန်းကန်ထဲမှာထည့်ထားပါ။ ခရမ်းချဉ်သီး ၅လုံးကို ကြေ သည် အထိ ဆားအနည်း ငယ် ထည့်ပြီး ပြုတ်ပါ (အခွံကျွတ်သည် အထိပြုတ်ရပါတယ်)။ ထမင်း (၅လုံးချက်) ကို အနည်းငယ် ပျော့အောင် ချက်ပါတယ်။ အာလူးကို အခွံနွှာပြီး နှုးအောင်ပြုတ်ပါ။ ဒယ်အိုး အကြီးကြီး ၁လုံးထဲမှာ ထမင်းထည့်၊ ပြုတ်ထား သော ခရမ်းချဉ်သီး ထည့်၊ အာလူးထည့်၊ ငါးအသား နွင်ထားပြီး သားထည့်၊ ဆား၊ အချို မှုန့် ထည့်ပြီး အားလုံးကို သမအောင်နယ်ပြီး အနေတော်အရွယ် လုံးပါ။ လုံးပြီးပြီဆိုလျင် အပေါ်ကနေလှအောင် ကြက်သွန်ဖြူ ကြော် ဖြူး၊ ပဲပုတ်ကြော် ဖြူးပြီး နံနံပင်လေးနဲ့ လှအောင် အလှဆင်ပါတယ်။ ဂျူးမြစ်နဲ့ဆိုရင် ပိုပြီး စားကောင်းမှာပါ။ အလိုက် ဖက်ဆုံး ဆိုလျင် ပိုမှန်ပါတယ်။

Friday, September 3, 2010

ခရမ်းသီး မီးဖုတ် နှင့် ကြက်ဥကြော်


ခရမ်းသီးမီးဖုတ်ပြီး ဓားနှင့်ခြစ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူပါးပါးလှီးပြီး ဆနွင်းထည့်ပြီး ဆီသတ်ပါ။ ဓားနှင့်ခြစ်ထားသော ခရမ်းသီးထည့်ပါ။ ခရမ်းသီး နှုးပြီဆိုလျင် ကြက်ဥကိုဖောက်ပြီး နာနာမွေပါ။ ဆီပြန်လျင် ဆီချက်အပေါ်ကနေ အုပ်ပေးပါ။

Thursday, September 2, 2010

ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ဟင်းချို


ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ကို ဆား၊ ဆနွင်း၊ အချိုမှုန့် ထည့်ပြီး နှပ်ထားပါ တယ်။ ဆီထည့်ပြီး ဆီကျက်မှ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ နွမ်းစပြုလာလျင် ခရမ်းချဉ် သီး ပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီး နွမ်းလာလျင် ငါးကြင်း ခေါင်းထည့်ပါ။ ငါးငြီနံပျောက်မှ မြစ်ချဉ်ထည့်ပါ။ မုန်လာဥနီ ပါးပါးလှီး၊ ပဲပြား အနေတော်လှီးပြီး ထည့်ပါတယ်။ ရေနွေးထည့်ပါ။ ကိုယ်ကြိုက်တဲ့ ရေအနေ အထား ရောက်လျင် ချလို့ရပါပြီ။ ချကာနီး အပေါ်ကနေ နံနံပင်လေး အုပ်လိုက်ပါ။ ငုံးဥပါထည့်လို့ရပါတယ်။ (ငုံးဥ အဆင် သင့်ဝယ်ထားတာမရှိလို့ မထည့်လိုက်ရပါ။)

Wednesday, September 1, 2010

ချဉ်ချဉ်စပ်စပ် မန်ကျည်းစိမ်းချက်

မန်ကျည်းစိမ်းကို ဇကာထဲမှာ ရေနိုင်နိုင်ဖြင့် အမည်းဖတ်များ ပြောင်နေအောင် ဆေးပါ။ ထိပ်၂ဖက်မှာရှိနေသော အကိုင်းကို ခြွေပါ။ ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပါ။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ ထောင်းထားသော မန်ကျည်းစိမ်းထည့်ပါ။ ပုဇွန်ခြောက် အမှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဆီပြန်လာလျင် ရပါပြီ။