Thursday, September 2, 2010

ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ဟင်းချို


ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ကို ဆား၊ ဆနွင်း၊ အချိုမှုန့် ထည့်ပြီး နှပ်ထားပါ တယ်။ ဆီထည့်ပြီး ဆီကျက်မှ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ နွမ်းစပြုလာလျင် ခရမ်းချဉ် သီး ပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီး နွမ်းလာလျင် ငါးကြင်း ခေါင်းထည့်ပါ။ ငါးငြီနံပျောက်မှ မြစ်ချဉ်ထည့်ပါ။ မုန်လာဥနီ ပါးပါးလှီး၊ ပဲပြား အနေတော်လှီးပြီး ထည့်ပါတယ်။ ရေနွေးထည့်ပါ။ ကိုယ်ကြိုက်တဲ့ ရေအနေ အထား ရောက်လျင် ချလို့ရပါပြီ။ ချကာနီး အပေါ်ကနေ နံနံပင်လေး အုပ်လိုက်ပါ။ ငုံးဥပါထည့်လို့ရပါတယ်။ (ငုံးဥ အဆင် သင့်ဝယ်ထားတာမရှိလို့ မထည့်လိုက်ရပါ။)

Wednesday, September 1, 2010

ချဉ်ချဉ်စပ်စပ် မန်ကျည်းစိမ်းချက်

မန်ကျည်းစိမ်းကို ဇကာထဲမှာ ရေနိုင်နိုင်ဖြင့် အမည်းဖတ်များ ပြောင်နေအောင် ဆေးပါ။ ထိပ်၂ဖက်မှာရှိနေသော အကိုင်းကို ခြွေပါ။ ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပါ။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ ထောင်းထားသော မန်ကျည်းစိမ်းထည့်ပါ။ ပုဇွန်ခြောက် အမှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဆီပြန်လာလျင် ရပါပြီ။

Tuesday, August 31, 2010

ရှောက်သီးသုတ် နှင့် ကြာဇံဗူးသီးဟင်းခါး

ရှောက်သီး မသုတ်ခင် (ရခိုင်သုတ်)

ရှောက်သီး ၁လုံးရဲ့ ၄ပုံ ၁ပုံပဲကို ရှောက်သီးဖတ်လေးပဲခွာပါ။ ပြီးရင် ကြက်သွန်နီပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်၊ ငရုတ်သီးမှုန့်၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး

ရှောက်သီးသုတ် အပြီး
ကြာဇံဗူးသီးဟင်းခါး

ကြာဇံကို ညကတည်းက ရေစိမ်ထားပါ။ ရေထည့်ပြီး ရေဆူလာလျင် ကြက်သွန်ဇြူ ဓားပြားရိုက်ထားတာထည့်၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်မှ ဗူးသီး စိပ်ထားတာ ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဗူးသီးနှုးပြီဆိုလျင် ငရုတ်ကောင်းမှုန့်ထည့်ပါ။

Saturday, August 28, 2010

၆လ ပြည့် သားသား


အပေါ်ကပုံလေးက ၅လကျော်မှာ ရိုက်ထားတဲ့ပုံလေးပါ။

သားသားတောင် ဘာလိုလိုနဲ့ ၆လ ပြည့်သွားပါပြီ။ သားသားက လူချစ်လူခင် အရမ်းများပါတယ်။ တွေ့တဲ့လူတိုင်းကို ပြုံးပြတတ် ပါတယ်။ သားသားကို လူတိုင်းချီလို့ ရပါတယ်။ မငိုတတ်ဘူး။ အခု ဖြည့်စွက်စာ စကျွေးနေပြီဆိုတော့ အလုပ်ပိုရှူပ်ပါတယ်။ ၄လ ပြည့်ကတည်းက စကျွေးနေတာပါ။ အဲဒီအချိန်ကတော့ Fair Price ကနေ Ready Made ၀ယ်ကျွေးပါတယ်။ သားသားက ဘာကျွေးကျွေး အကုန်စားပါတယ်။ ဂျေးလုံးဝ မများပါဘူး။

၁ခုခု အလိုမကျရင် အောက်နှုတ်ခမ်းထော်ပြီး စိတ်ကောက်တတ်ပါတယ်။ ၁ခါ၁ရံ လက်မ စုတ်တယ်။ ၁ခါ၁လေ လက်ချောင်း အကုန် လုံး ပါးစပ်ထဲ ထည့်ပါတယ်။ ယောက်ျားလေးမို့ ထင်တယ် ဆော့တာ တော်တော်ဆော့ပါတယ်။ နို့ဗူးကို ကိုယ်တိုင်ကိုင်ပြီး သောက်ချင် တယ်။ ကျွန်မက ပေးမကိုင်ပါဘူး။ ဆော့ပြီး သောက်နေတာနဲ့ ပါးစပ်ထဲ မ၀င်တော့လို့လေ။ နို့သောက်ရင် သူ့ခေါင်းလေးကို ကုတ်နေတတ် ပါတယ်။ ၁ခါ၁ရံ သူခြေထောက် ၂ချောင်းကို မြှောက်ပြီး ဆော့တတ်ပါတယ်။ အခု ခြေမကို ပါးစပ်ထဲ ထည့်ပြီး ခြေမကိုက်တတ်နေပြီ။ မေမေ နှင့် ဖေဖေ ရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး ချွဲတတ်နေပြီ။ အပြင်ထွက်ချင်ရင် လက်ညှိုး ထောင်တတ်ပါတယ်။ အပြင်ထွက်ရတာကို အရမ်းကြိုက်ပါတယ်။ အပြင်ထွက်ဖို့ခေါ်လိုက်ရင် ပါးစပ်ကြီး ဖြဲပြီး ပြုံးစစ အပြုံး အမြဲလုပ်တတ်ပါတယ်။ ရေ အရမ်းကြိုက်ပါတယ်။ Baby Spa (North Point Mall at Yishun) မှာ ရေကူးတာ ၂ခါ ရှိပြီ။ သားသားက အဲဒီရောက်သွားရင် တော်တော်ပျော်ပါတယ်။ ဒါပေမယ့် ဝေးတော့ အားမှပဲ ပို့ပေးဖြစ်တယ်။ ၄လ နှင့် ၁၀ ရက်ပြည့် တဲ့ နေ့မှာ ကိုယ့်ဟာကိုယ် မှောက်တတ်သွားပါတယ်။ မှောက်တတ်တဲ့နေကစပြီး ကုတင် ဖြုတ်လိုက်ပါတယ်။ ဒါတောင်မွေ့ရာက အတော်မြင့်ပါတယ်။ မွေ့ရာပေါ်က လိမ့်ကျတာ မှတ်မှတ်ရရ ၅ကြိမ် ရှိပြီ။ အခု ရှေ့ကိုသွားဖို့ ကြိုးစားနေတယ်။ ဖျာပေါ်မှာ ထားရင် နည်းနည်းလေး ရွေ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ ဖျာကိုထားထားတော့ ခေါင်းနဲ့ ခဏခဏကျတော့ မသိချင် ယောင်ဆောင်နေရတယ်။ သားသားကို ဂရုစိုက်လိုက်ရင် လန့်ပြီး အော်ငိုမှာ စိုးရတယ်။ အမေ ကသူ့ရှေ့မှာ စားနေရင်း အကုန်စားချင်တယ်။ သူ့လက်ကလေးနဲ့ တို့ပြီး အမေကို တောင်းစားတတ်ပါတယ်။

သားသားက အသံမြည်တာကို အရမ်းကြိုက်ပါတယ်။ ခေါင်းရင်းက နံရံက လက်နဲ့ထိရင် အသံမြည်ပါတယ်။ သားသားက ၁နေ့ ဆော့နေရင်း အသံမြည်သွားမှန်း သိသွားပါတယ်။ နံရံကို သူ့ခေါင်းနဲ့ ပြေးပြေးတိုက်ပါတယ်။ ဒိန်း လို့အသံမြည်တာတောင် လုံးဝ မငိုပါဘူး။ စောစောညအိပ်ရင် မနက် ၄နာရီ ၅နာရီဆို နိုးနေတတ်ပြီး ၁ယောက်ထဲ ဆော့နေတတ်ပါ တယ်။ သားသားရဲ့ကောင်းတဲ့ ၁ချက်က မနက်အိပ်ရာနိုးရင် ၁ခါ၁လေ နိုးနေမှန်းတောင် မသိပါဘူး။ ကြည်ကြည်လင်လင် ပဲထတတ် ပါတယ်။ အခု ကလေးစိတ် လေး ၀င်လာပါတယ်။ ကလေးတွေ အိမ်လာလည်လို့ ကျွန်မချီထားလို့ သူ့ဟာတွေ ယူဆော့နေတာမြင်ရင် ငိုတတ်ပါတယ်။ အောက်မှာ ဆော့နေရင်း သူ့ဟာတွေအကုန် ရှိသမျှ ရင်ဘတ်ထဲမှာ ဖွက်ထားတတ်ပါတယ်။ လူကြီးတွေယူရင် ဘာမှ မဖြစ်ပါဘူး။ ကလေးယူမှသာဖြစ်တာပါ။ အရင်ကဆို အိပ်ချင်ရင် ချီပြီးချော့သိပ်ရပါတယ်။ အခု နောက်ပိုင်း ချီပြီး သိပ်လို့ လုံးဝ မရ ပါဘူး။ သူ့ဟာသူ မွေ့ရာပေါ်မှာ အိပ်ပါတယ်။ နေ့လည်ဆို ပုံမှန် ၂ကြိမ် အိပ်တယ်။ ရေချိုးပြီး ၁ကြိမ်။ ၁၂နာရီကျော်ရင် ၁ကြိမ် အိပ်ပါတယ်။ ရေချိုးပြီးစ အိပ်တာက နာရီဝက်လောက်ပဲအိပ်တာ။ ဒုတိယ ၁ကြိမ်က ၂နာရီ၊ ၃နာရီ ကြာတတ်ပါတယ်။ အိပ်ရင်လဲ အသားချင်းထိထားမှ အိပ်တတ်တယ်။ စကားကလည်း အလွန်များပါတယ်။ မွေ့ရာပေါ်မှာ ၃နာရီလောက် ၁ယောက်ထဲ ဆော့တတ် ပါတယ်။ တာ တာ တီးတီး ဆိုပြီး ပါးစပ်က လျှောက်အော်တတ်ပါတယ်။ ဖြည့်စွက်စာ ကျွေးရင်လဲ ဆော့ပြီး စားတတ်တယ်။

အခု ဆော့ပြီး မစားတတ်အောင် ကျွန်မက လေ့ကျင့်ပေးနေပါတယ်။ ဆော့ပြီး စားလို့ ပန်းကန်မှောက်ပြီး တစ်ကိုယ်လုံးပေကျံတာ ၃ကြိမ် ရှိပြီ။ ကျွန်မလည်း ကလေးထမင်း ၁ခါမှ မကျွေးဘူးဘူးလေ။ အခုလောလောဆယ် ကြက်စွပ်ပြုတ်ကို အားလူး၊ မုန်လာဥနီ ပြုတ်ပြီး စက်နဲ့ အရည်ဖျော်ပြီး ကျွေးနေတယ်။ ၁ခါ၁လေ ငါးကြင်းပြုတ်ရည်၊ ငါးကြင်းသားကို ခြေပြီး ကျွေးပါတယ်။ ၁ကြိမ်ခွံပြီးရင် အရည် ၂ကြိမ်တိုက်တော့ ကလေးလည်း လည်ချောင်းမှာ နင်မနေဘူးပေါ့။ စစချင်း ကျွေးကို မကျွေးတတ်တာ။ ၁ပတ်ပါပဲ။ နောက်တော့လည်း ကျင့်သားရသွားတာပဲလေ။ အဲဒါတွေထက် Nestle ကထုတ်တဲ့ သံဗူး အစိမ်းရောင်ကို နို့ထည့် ဒါမှမဟုတ် ကြက်စွပ်ပြုတ်ထည့်ပြီး ကျွေးရင် ပိုစားပါတယ်။ ၁လလောက်တော့ ဒါတွေပဲ ကျွေးဦးမယ်။ သားသားက သူ့ကို ဂရုစိုက်နေလား ဂရုမစိုက်ဘူးလားဆိုတာလည်း အကင်းတော်တော်ပါးတယ်။ ဂရုမစိုက်ဘူးဆိုရင် အသကုန် အာဗြဲနဲ့ ငိုပြီး သောင်းကျန်း တတ်တယ်။ သားသားက Computer ပေါ်မှာ အရောင်တောက်တောက်လေးတွေမြင်ရင် Computer ကို အရမ်းကိုင်ချင်တာ။ Keyboard ကို လာပြီး တဗြန်းဗြန်းနဲ့ လာပုတ်နေလို့ ကျွန်မဟာလေးတော့ ဘယ်နေ့ပျက်မလဲ မသိ။ ၁နှစ်တောင် ခံပါ့မလား မသိ။

ကျွန်မတောင် Blog မရေးတာ အချိန်အတော်ကြာသွားပြီ။ Blog ကိုလာလည်ပြီး အသစ်မရှိပဲ ပြန်သွားရတဲ့ ကျွန်မကို ချစ်ကြ သော Blog ပေါ်ကနေ ခင်မင်ရင်းနှီးသော သူငယ်ချင်းများကို အထူးတောင်းပန်ပါတယ်နော်။


အပေါ်ပုံက သားသား ၆လ မပြည့်မီ ၁ရက်အလို ဒုတိယအကြိမ် သွားတုန်းက ရိုက်ထားတဲ့ပုံပါ

ရည်မှန်းချက် ၁ခု သာကျန်တော့သည်

ကျွန်မ Singapore ကိုမလာခင် ကတည်းက ဘာပြီးရင် ဘာဖြစ်ရမယ်ဆိုပြီး စိတ်ထဲမှာရှိခဲ့တာပါ။ အခုအချိန်မှာ အားလုံး ပြီးပြည့်စုံ ပါပြီ။ ၁ခုပဲ ကျန်တော့တယ်။ အဲဒီ ၁ခုက မိသားစု ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်ပြီး ကျွန်မ အဖေကို ဒီမှာ ကျွန်မတို့ မိသားစုနဲ့ အတူ တူ ခေါ်ထားဖို့ပဲဖြစ်တယ်။ ကိုယ်ပိုင်တိုက်ခန်းမှာ နေရပြီဆိုလျင် မိသားစု နေရတာကိုပဲ ကြိုက်တယ်။ မိသားစုနဲ့နေချင်လို့ ကိုယ်ပိုင် တိုက်ခန်း ၀ယ်တာပါ။ ကိုယ်ပိုင်တိုက်ခန်း ၀ယ်ဖို့ဆိုရာမှာ ခုအချိန်မှာ Singapore Sweep ပေါက်မှ ဒါမှမဟုတ် ၁နေရာရာ ကနေ ပိုက်ဆံဝင်မှ ဖြစ်မယ်။ အဖေကတော့ လာနေဖို့ပြောပေမယ့် အလုပ်သံယောဇဉ် မပြတ် နိုင်တော့ နောက် ၃နှစ် စောင့်ရဦးမယ်။ ၁ချို့တွေကပြောကြတယ်။ အဖေကိုဘာလို့မခေါ်သေးတာလဲ၊ ကျွန်မ အဖေကို ကျွန်မ ခေါ်တာပေါ့။ မခေါ်ပဲ ဘယ်နေပါ့မလဲ။ အဖေက ခုအချိန် မလာချင်သေးဆိုတော့ ကျွန်မ ဘာများတတ်နိုင်ဦးမှာလဲ။

ကျွန်မရဲ့ရည်မှန်းချက်လေး ၁ချိန်မှာပြည့်ခဲ့မယ်ဆိုရင် အရင်က ပင်ပန်းခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အနှိမ်ခံခဲ့ရတာတွေ လွတ်မြောက်ပြီပေါ့။

Thursday, June 17, 2010

၎လပြည့် သားသား


သားသား (၄)လ ပြည့်ပြီဗျ။ မေမေ ကတော့ ဒီကောင် ဆိုးလာပြီတဲ့။ သားသားရေကူးကန်မှာ ရေလည်းကူးပြီးပြီ။ အံမယ် ဘိုးဘိုးကြီးတို့ လို massage တောင်အနှိပ် ခံ လိုက်သေးတယ်။ သားသားကို မေမေက အာလူးကျွေးတယ်။ သားသားကြိုက်တယ်။ဒါပေမဲ့ မေမေက ခဏ ခဏမကျွေးဘူး။ ဗိုက်နာမှာစိုးလို့တဲ့။ ဖေဖေ နဲ့ဆိုရင် သားသား ဆော့လို့ ကောင်းတယ်။ ဖေဖေက သားသား စိတ်လှုပ်ရှားအောင် လုပ်တတ်တယ်။ မေမေက သားသားကို မှောက်ခိုင်းလို့ မရရင် အီးပေါလောတဲ့။ ဘိုးဘိုးက ပြောတယ်။ မေမေတုံးက ၅လမှ မှောက် တာတဲ့။ သားသား Passport ရပြီ။ ဒါကြောင့် လူလေး ဖြစ်လာပြီလို့ ဘိုးဘိုးက ပြောတယ်။

ဘာပဲပြောပြော မေမေ ကိုကော ဖေဖေ ကိုကော သားသား ချစ်တယ် .....

----- သားသားရဲ့ ဖိုးဖိုးက သားသားအတွက် ၄လပြည့် အမှတ်တရ ရေးပေးထားတာ -----

Monday, May 17, 2010

သားသား ၃လပြည့် အမှတ်တရ


ကျွန်တော် ပုလုံး ဒီကနေ့ ၃လ ပြည့် ပြီဗျ။ မေမေ နဲ့ နေ့စဉ်နေ နေရတော့ မေမေ့ ကိုတော်တော်သိလာပြီ။ သားသား ကို ချီစေ ချင်ရင် စကားတွေ ၀ူးဝါး ပြောလိုက်တာပဲ။ မေမေ ဘယ်နေနိုင်မလဲ၊ သားသားကို ကောက်ချီ ရတာပေါ့။

သားသားကမေမေ နဲ့ ဖေဖေ တို့ နားမလည်တဲ့ စကားတွေ ကို မနက်မနက်အိပ်ရာထ ရင်ပြောတယ်၊ သူတို့ကတော့ ဘယ်သိမလဲ၊ သားသား နဲ့ နတ်သူငယ် ပြောကြတာလေ။ အဲတော့သားသားကို သိပ်စကားများတဲ့ကောင်တဲ့။ နတ်သူငယ်ကို ပြောပြရတာပေါ့၊ မေမေ နဲ့ ဖေဖေ ကသားသားကိုချစ်တဲ့ အကြောင်း၊ နတ်သူငယ်ကလည်း သားသား ကို သူတို့ချစ်အောင် ဘယ်လိုလုပ်ရလဲ ဆိုတာ ပြန်ပြောပြတယ်။ ဒါတော့ လျှို့ဝှက်ချက်ဗျ။ ပြောလို့မဖြစ်သေးဘူး။

တစ်ခါတစ်ခါ မေမေ က ငါ ရိုက်တော့မယ်လို့ ကြိမ်းသေးတယ်ဗျ။ တကယ်လဲရိုက်တာ ဟုတ်ပဲနဲ့။ သားသားကလည်း ဆိုး လို့ ရတုံး ဆိုးရတာလေ။မေမေ နဲ့ ဖေဖေ ကသားသား ကို အပြင်ခဏခဏ ခေါ်သွား တယ်။ ကျွန်တော်လည်း ကြိုက်တယ်။ လူတွေ၊ ကားတွေ၊ အရုပ်တွေ တွေ့ ရတာပေါ့။

တစ်ခါတစ်ခါ ဘိုးဘိုးကို Computer ပေါ်မှာ တွေ့တယ်။သူက သားသား ကိုလာမချီပဲနဲ့ ပုလုံးပုလုံး နဲ့အော်အော်ခေါ်နေတတ် တယ်။

ဘိုးဘိုး---သားသားပုလုံး ကိုလာချီအုံးလေဗျာ-----

----- သားသားရဲ့ ဖိုးဖိုးက သားသားအတွက် ၃လပြည့် အမှတ်တရ ရေးပေးထားတာ -----

Friday, May 14, 2010

ကျွန်မ ဖြတ်သန်းခဲ့သော သားသားအသက် ၃လ မပြည့်မီ

မနက်ဆိုရင် ၆:၁၅ နှိုးစက်မြည်တာနဲ့ကျွန်မထပြီး ညက သားသားသောက်ထားသော နို့ဗူးအကုန်လုံးကို ဆေးရပါတယ်။ ပြီးတော့ ထမင်း၊ ဟင်းချက်ပြုတ်၊ ချက်ပြုတ်ပြီးသား ပန်းကန်တွေဆေး၊ ဘုရားပန်းလှဲ၊ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်း၊ ဆွမ်းကပ်၊ ရေချမ်းကပ် ပါတယ်။ အားလုံးပြီးရင် ရေမိုးချိုးပါတယ်။ အရင်ကဆို နေ့လည်သားသားရေချိုးပြီးမှ ချိုးတာ။ သားသားက မေမေ့ကို မျက်စိအောက် ကအပျောက်မခံတော့ ရေစောစောစီး ချိုးရပါတယ်။ ကျွန်မရေချိုး အ၀တ်အစားလဲပြီးတဲ့ အချိန်ကျရင်တော့ သားသားက နိုးနေပါပြီ။ လင်မယား ၂ယောက် သားသားနဲ့ အချိန်ရရင် စကားပြောပါတယ်။ ဒီအချိန်လေးက ကြည်နှုးစရာ အကောင်းဆုံးအချိန်ပေါ့။

သားသား မနက်နိုးလာပြီဆိုတာနဲ့ Night Dress လဲပြီးပြီဆိုရင် စကားတွေကို ၀ူးဝူးဝါးဝါး ပြောတော့တာပဲ။ ၁နာရီ နီးနီးကြာတယ်။ နေ့တိုင်း မနက်တိုင်း သားသား အကျင့်ပဲ။ ဖေဖေကော မေမေကော သူပြောတဲ့စကားအတိုင်း လိုက်ပြောရတာ။ စကားပြောလိုက်၊ ရီလိုက်နဲ့ပေါ့။ သားသားအော်ရင်တော့ အောက်ခဏဆင်းပြီး ဟိုနား ဒီနားလိုက်ပြပါတယ်။ ထိုင်ခုံလေးမှာထိုင်ပြီး သားသားကို ပတ်ဝန်း ကျင် အကြောင်းတွေရှင်းပြပါတယ်။ ဆက်ရက်ကလေးတွေက ဘယ်လိုအော်၊ သားသား ကားကားတွေ့လာဆိုပြီး အစရှိသဖြင့်ပေါ့။ ပြန်တက်တော့မယ်ဆိုရင် သားသားက အိပ်ပြီးလိုက်လာပါတယ်။ လက်မောင်းလေးပေါ်မှာ အိပ်ပျော်သွားတာပေါ့။ ၉း၃၀ - ၁၀း၀၀ နာရီကြားမှာ သားသားကို ရေချိုးဖို့ပြင်ပါတယ်။ သားသားက အရင်လို မဟုတ်တော့ဘူး။ ရေချိုးပျော်တယ်။ ရေချိုးမယ်ဆိုရင် တအား ပျော်ပါတယ်။ လက်တွေ ခြေတွေလှုပ်ပြီး ရေတဗွမ်းဗွမ်းနဲ့ကို ဆော့တာ။ နိုင်တောင် မနိုင်တော့ဘူး။ မနည်းထိန်းပြီး ရေချိုးရတယ်။ ဖွံလည်း တော်တော်ဖွံလာတယ်။ လက်မောင်း ခြေထောက်တွေမှာ အရစ်အရစ်တွေနဲ့ တုတ်တုတ်လေးဖြစ်လာပြီ။ အမေနို့သောက်၊ နို့ဗူးသောက်ပါတယ်။ နို့သောက်လို့ဝရင်တော့ ဆော့ပါတယ်။ အရင်ကဆို ဆော့နေတာတွေ၊ စကားပြောနေတာတွေ Video ရိုက် လို့ရတယ်။ အခုမရတော့ဘူး။ သားသားက Video ရိုက်မယ်ဆိုရင် Video ကိုပဲကြည့်နေပြီး စကားမပြောတော့ဘူး။

နောက်၁ကြိမ်နို့သောက်ရင်တော့ မျက်လုံးစင်းလာပြီး ၁နာရီလောက်အိပ်ပါတော့တယ်။ ကျွန်မက နေ့ခင်းနေ့လည် အိပ်ပေးနိုင်အောင် ကျင့်နေပါတယ်။ ယောက်ျားလေးဆိုတော့ အဆော့မက်တယ်။ ၄နာရီလောက်ဆိုရင် သားသားနဲ့ အောက်ခဏ ဆင်းပါတယ်။ အိမ် အောက်က Playground လေးပါ။ ပြန်တက်လာတိုင်း သားသားက အိပ်ပျော်သွားရော။ ကျွန်မက ညာညာပြီး နို့တိုက်တာ၊ မေမေ နို့ကုန်ရင် အပြင်လိုက်ပို့ပေးမယ်ဆိုရင် နို့ဗူးကို ပြောင်နေအောင် သောက်တော့တာ။ သားသားနဲ့ အပြင်လည်း ထွက်လည်ပြီးပြီ။ သားသားက တွန်းလှည်းစီးရတာကို သဘောကျတယ်။ အစကငိုပေမယ့် ကျွန်မက မချီခိုင်းတော့ စီးရင်နဲ့ပဲ သားသားလည်း တွန်းလှည်းကို သဘောကျသွားတယ် ထင်တယ်။

သားသား ၃လပြည့်တော့မယ့်အချိန် ပြောင်းလဲလာတာတွေက နို့သောက်ရင်လည်း သားသားမျက်နှာကို ၁ချိန်လုံး ကျွန်မက စိုက်ကြည့် နေရတယ်။ သားသားက မျက်နှာနည်းနည်းလေး လွှဲလိုက်တာနဲ့ငိုတော့တာပဲ။ မျက်စိအောက်က အပျောက်မခံဘူး။ အနားမှာ မရှိရင် အော်တော့တာပဲ။ အဝေးကနေ အသံလေးပေးလိုက်ရင် ခဏလောက်ငြိမ်သွားပြန်ရော။ အမှောက်ကတော့ စမ်းနေပါတယ်။ လုံးလုံး လျားလျားကြီးတော့ မမှောက်သေးပါဘူး။

ညအိပ်ရင် အအိပ်ကြမ်းလာပြီ။ ညည နို့ဆာလို့ကြည့်လိုက်ရင် ခေါင်းအုံး နဲ့ ခေါင်းနဲ့ ၁ခြားစီပဲ။ ငိုတော့မယ်ဆိုရင် မျက်နှာကြီးမဲ့ပြီး အရှိန်ယူပြီး ငိုတတ်လာပြီ။ :( ဒီလိုပုံလေးအတိုင်းပဲ။ လျှာထုတ်ပြီး ပြောင်ပြ တတ်တယ်။ လျှာထုတ်တတ်အောင် ဘယ်လောက်မှ မသင်လိုက်ရဘူး။ ၁မိနစ်တောင်မကြာဘူး။ အကုန်လုံးကိုသေချာကြည့်ပြီး လုပ်တတ်နေပြီ။ မေမေရီရင် လိုက်ရီတတ်တယ်။ အဆော့က တော်တော် မက်လာတယ်။ သားသားအိပ်ချင်ရင် အရမ်းကို ဂျီကျတတ်လာပြီ။ လက်လည်း ဆုတ်တတ်လာပြီ။ လက်၅ချောင်းကို ပါးစပ်ထဲထည့်လိုက်တာ။ ၃လပြည့်ခါနီး အချိန်မှာ သားသားကိုသိပ် မချီရတော့ပါဘူး။ ၁လကစပြီး ၂လခွဲအထိက လက်မောင်းတွေ တောင့် တစ်ကိုယ်လုံး တောင့်တင်းအောင်ချီရတာ။ ကလေးက လက်ကြိုက်တာ မဟုတ်ပါဘူး။ အဲဒီအချိန်က ဖေဖေ၊ မေမေ စမှတ် နေတဲ့ အခ်ျိန်မို့ပါ။ ကျွန်မချီချီ ယောက်ျားချီချီ သားသားမျက်လုံးက ကျွန်မတို့ကို အသေအချာကို စိုက်ကြည့်တာ။ ဖေဖေ နှင့် မေမေ မနေရတဲ့ ကလေးတွေမှာ ဒီအချိန် သနားစရာအချိန်ပါ။ ဘယ်သူကို ဖေဖေ၊ မေမေ မှတ်နိုင်ပါမည်နည်း။

၆း၄၅ ဆိုရင် အောက်ခဏဆင်းပြီး သားသားဖေဖေပြန်လာတာကို စောင့်ကြိုကြတယ်။ ပြီးရင် ကျွန်မက ထမင်းစား၊ ပန်းကန်ဆေး၊ နောက်၁နေ့ချက်ဖို့အတွက် စဉ်းစားရပါတယ်။ တော်တော်ဦးဏှောက်ခြောက်တာနော်။ အိမ်ရှင်မတိုင်းသိကြမှာပါ။ ကျွန်မပြီးရင်တော့ ယောက်ျားက ရေမိုးချိုး ထမင်းစားပါတယ်။ စားပြီးသွားပြီဆိုရင် သားသားကိုပေးပြီး ကျွန်မက မီးပူတိုက်မယ့်နေ့ဆို မီးပူတိုက်၊ ဈေးဝယ် စရာ ရှိရင် ဈေးဆင်းဝယ်ပါတယ်။ သားသားက ၉နာရီဆိုအိပ်ပြီ။ ညနို့ဆာရင် ခြေထောက်လေး၂ဖက်ကို စုံချပါတယ်။ ခပ်ပြင်းပြင်းလေးပါ။ အရင်ကထက် ပိုပြင်းလာတယ်။ မျက်လုံးပွင့်နေလား ဆိုတော့လည်း မျက်လုံးက လုံးဝမပွင့်၊ နို့ဗူးကုန်ခါနီးရင် ပြန်အိပ်ပျော်သွားရော။ သားသားက အလယ်မှာအိပ်တာ။ ကျွန်မတို့မှာ ကျော၁ပြင်စာပဲ နေရာရပါတယ်။ ကလေးကုတင် ၀ယ်ဖို့ကျ တော့ သားသားကို သနားတာနဲ့ မ၀ယ်ဖြစ်ဘူး။ သားသား၁ယောက်ထဲ အိပ်နေရမှာစိုးလို့လေ။

ကျွန်မမှာ မအားတဲ့အတွက်ကြောင့် Blog မရေးဖြစ်တာ နားလည်ပေးကြပါနော် သူငယ်ချင်းတို့ရေ ... သားသား အားမှရေးရတာ မို့ပါ။

Thursday, May 13, 2010

ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ရှိစဉ်က သမီးလေးမွေးပါစေလို့ ဘုရားမှာ ဆုတောင်းတယ်။ ကျွန်မဘ၀မှာ ဆုတောင်းတိုင်း လွှဲခဲ့တာ ချည်းပဲ။ အဲဒီလိုဆု တောင်းခဲ့တော့ ကျွန်မဗိုက်ထဲက ကလေးက ယောက်ျားလေးပဲဆိုတာ တစ်ထစ်ချသိနေပါတယ်။ ဒီဆုလေး ၁ဆုထဲ တောင်းခဲ့တာ။ မပြည့်ဘူးဆိုတာသိပေမယ့် ဆုတောင်းခဲ့တာပါ။ ကလေးကို အသားဖြူပါစေ၊ ကိုယ်အဂ်ါ ပြည့်စုံပါစေ၊ လူချစ်လူခင် ပေါများပါစေ ဆိုပြီး ဘာဆု ၁ခုမှ မတောင်းခဲ့ပါဘူး။ ယုတ်စွအဆုံး စိတ်ကူးတောင် မယှဉ်ခဲ့ပါဘူး။ အဲဒီအကျိုးကြောင့် အရာအားလုံး ကျွန်မ လိုချင် တဲ့အတိုင်း ဖြစ်လာခဲ့တယ်။

သားလေးရခဲ့ပေမယ့် ကျွန်မသားလေးကို အရမ်းချစ်ပါတယ်။ ရန်ကုန်ပြန်ပြီး ရွှေတိဂုံဘုရားသွားတော့ သားဆုပန်တဲ့နေရာမှာ သားရအောင် ယတြာယာ ချေနေတာတွေ့ခဲ့တယ်။ ကျွန်မ စဉ်းစားမိပါတယ်။ သြော် ကျွန်မကတော့ သားဆုမပန်ပဲနဲ့ သားရခဲ့ပါတယ်။

ဘာချင်ခြင်းမှလည်း မတပ်ခဲ့ဘူး။ ၁ခုတော့ရှိတယ်။ ဟင်းသီးဟင်းရွက် လုံးဝစားချင်စိတ် မရှိဘူး။ အမဲသား အများဆုံးစားဖြစ်တယ်။ နို့မကြိုက်တဲ့ ကျွန်မ အစ်မ၁ယောက်က ပြောတဲ့အတွက် နေ့တိုင်းနီးပါး နို့သောက်ခဲ့ရတယ်။ နို့သောက်ရမယ်ဆိုရင် ငယ်ငယ်ကတည်း ကအမုန်းဆုံးပဲ။ မလိုင်ဖတ်တွေပဲ ဆယ်စားခဲ့ပြီး နို့ကို အကုန်သွန်တာ။ မနက်အိပ်ရာထရင် နို့မှုန့်၂ဇွန်း၊ သကြားနည်းနည်း၊ ရေထည့် ပြီးဖျော်။ ချက်ချင်းသောက်လား ဆိုတော့လည်း မဟုတ်ဘူး။ သောက်ရင်ကောင်းမလား စဉ်းစားနေတာ ၁နာရီကြာ။ ပြီးတော့ မထူး ပါဘူးလေဆိုပြီး အသက်အောင့်ပြီး ၁ကျိုက်ထဲမော့ချတာ။ ကျွန်မကလေးအတွက်ဆိုပြီး ကြိုးစားပြီး ကြိတ်မှိတ်သောက်ရတာ။ ယောက်ျားက ကလေးလေး အသားညိုညိုလေးထွက်လာမှာ စိုးရိမ်နေတယ်။ နို့မှုန့်တံဆိပ် က Ensure Life၊ အရောင်က ၃ရောင် ရှိတယ်။ Strawberry, Vanilla, Chocolate။ ကျွန်မ Strawberry ပဲရွေးပြီးသောက်ခဲ့တာ။ စစချင်း ဗူးသေး သောက်တာ။ ကျွန်မအဖေက ဒါသောက်ဆိုပြီး ၀ယ်ပေးသွားတာ။ ကုန်ခါနီးကျတော့ ဗူးကြီး ၁ဗူးထပ်ဝယ်တယ်။ အားလုံး ၂ဗူး။ အကြီး ၁ဗူး၊ အသေး ၁ဗူး။ ယောက်ျားကတောင်ပြောတာ မှတ်မိပါသေးတယ်။ Strawberry အရောင်လေး ထွက်လာဦးမယ်တဲ့။ NTUC Fair Price ကနေ Hi-Calcium Low Fat နို့ဝယ်သောက်ခဲ့သေးတယ်။ အများဆုံးသောက်တာ Ensure Life ကထုတ်တဲ့နို့မှုန့်။ ဆေးရုံတွေမှာပဲ ၀ယ်လို့ရတယ်။ NTUC Fair Price မှာတော့မတွေ့မိသေးဘူး။ ကျွန်မ မျက်စိရှန်းတာလည်း ဖြစ်နိုင်ပါတယ်။

Obimin ၁နေ့၁လုံးပုံမှန်သောက်တယ်။ Obimin ကလွဲပြီး ဘာဆေးမှမသောက်ခဲ့ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တာ၊ ကလေးနဲ့ ပတ်သက်တဲ့စာအုပ်တွေ ရန်ကုန်ပြန်တုန်းက ၀ယ်လာပါတယ်။ ၁၀အုပ်လောက်ရှိတယ်။ ဒီမှာ ၀ယ်လို့မရဘူးလေ။ နေ့လည်တိုင်း ဖတ်ဖြစ်ခဲ့ တယ်။ ဖတ်လို့လည်းကောင်းတယ်။ ကိုယ်ကဘာဖြစ်မယ်ဆိုတာ ကြိုသိရတာပေါ့။ Internet မှာလည်းရှာတယ်။ youtube လည်း ကြည့်ဖြစ်တယ်။

ကိုယ်ဝန်ဆောင်စာအုပ်ထဲမှာ ရေးထားတာ Vitamin C လိုတယ်ဆိုလို့ Orange Juice ဗူးကြီး NTUC Fair Price မှာဝယ်ပြီးနေ့တိုင်းသောက် ဖြစ်တယ်။ မနက် ၁ခွက်၊ နေ့လည် ၁ခွက်၊ ည ၁ခွက်၊ ဗူးကြီး ၁ဗူးက ၂ရက်ပဲခံတယ်။ အဲဒါလည်း အရင်က မသောက်ဖူးဘူးနော်။ ကလေးအာဟာရဖြစ်အောင်ဆိုပြီး သောက်ခဲ့တာ။ ငပိရည်၊ မြစ်၊ ဒညင်းခွက် (အစကတည်းကိုက မကြိုက်တာ)၊ ဆူးပုတ် (တတ်စာ မှန်သမျှ ကိုယ်ဝန်ဆောင်တွေက မစားသင့်ဘူး)။ ကိုယ်ဝန်ဆိပ်တက်ရင် ကြောက်ဖို့အရမ်းကောင်း ပါတယ်။ ကိုယ်ဝန်စရှိကတည်းက ရှောင်ခဲ့တာ အခုချိန်ထိပါပဲ။

ညတိုင်း သရဏံဂုံပုတီးစိပ်ပါတယ်။ ၃ပတ်ပါ။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ၃ခေါက်ဆုံးမှ ပုတီး ၁လုံးချပါ။ အဂ်ုလိမာလသုတ်ကတော့ December လမှပဲ စရွတ်ဖြစ်ပါတယ်။ ကြိုရွတ်တယ်ဆိုရင် စောစောကြိုမွေးတတ်တယ်ဆိုတာ မှတ်သားဘူးလို့ပါ။ အဂ်ုလိမာလသုတ်ကတော့ ၁နေ့ ၃ခေါက်ပါ။

ကိုယ်ဝန် ၂၂ပတ်မှာ ကျွန်မတို့ရေချိုးခန်း မဟုတ်တဲ့ အခြားရေချိုးခန်းကိုလည်း ရှင်းရပါသေးတယ်။ သတိကြီးစွာထားပြီး ဖြည်းဖြည်း လုပ်ပြီး ရှင်းရတာ။ ကိုယ်ဝန် ၇လမှာ အိမ်သန့်ရှင်းရေးလုပ်တော့ ရေချိုးခန်းမှာ ချော်လဲဘူးပါတယ်။ အနောက်ကနေလဲကျတော့ ကလေးဘာမှမဖြစ်လို့ တော်သေးတာပေါ့။ ကျွန်မကသွားပြီထင်နေတာ။

ကျွန်မက ပိန်ပိန်လေး၊ ဗိုက်စကြီးတော့ ကိုယ်အလေးချိန်က ၈၈ပေါင်၊ OG ကပြောတာ ရတယ်။ တဖြည်းဖြည်း ၀အောင်လုပ်ယူကြ တာပေါ့တဲ့။ ကိုယ်ဝန် ၃၉ ပတ်မှာ ၁၂၂ပေါင် ရှိခဲ့ပါတယ်။ လူတိုင်းက ကျွန်မကို ပေါင်မပြည့်တဲ့ ကလေးမွေးမယ်။ မကျန်းမမာနဲ့ မွေးမယ်လို့ ထင်ထားကြတာ။ လူပိန်တိုင်းလည်း ကလေးမကျန်းမာဘူးဆိုတဲ့ အယူအဆဟာ မှားယွင်းပါတယ်။ ၀သော ကိုယ်ဝန်ဆောင်က မွေးပြီး မကျန်းမမာနဲ့မွေးလာတဲ့ ကလေးတွေအများကြီးပါ။ ကျွန်မက ပုံမှန်အတိုင်းပဲ စားတာ။ ကိုယ်ဝန် ၃၂ပတ်ကျော်မှ တအားစားပြီး ကိုယ်အလေးချိန်လည်းတက်၊ ကလေးလည်း အထွားမြန်သွားပါတယ်။ မွေးတော့ သားသားက 3.1 kg ဆိုတော့ ကျွန်မ မှန်းထားတဲ့အတိုင်းပါပဲ။ ဒါတွေက ကျွန်မကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်ခဲ့တာတွေပါ။

Tuesday, April 20, 2010

ငါးပေါင်း Chinese Style



ငါးအကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး၊ ကလီစာကိုဖယ်၊ ဓားနဲ့မွှန်းပြီး ဆား၊ အချိုမှုန့်နယ်ပြီး ၁ညသိပ်ပါ။

ရေအနည်းငယ်၊ ရှာလကာရည်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်ရည် အနည်းငယ်၊ ငရုတ်သီးစိမ်း၊ ဂျင်း ပါးပါးလှီး ထားတာ၊ သံပုရာသီးကို ညစ်ပြီး ထည့် အပေါ့အငန်မြည်းပြီး ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါ။ ဇောက်နက်တဲ့အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပါ။ ရေဆူလာရင် ဇောက်နက်တဲ့အိုးထဲသို့ ပေါင်းမယ့် ပန်းကန်ပြားထည့် အဖုံးအုပ်ပြီး ၁ဖက်ကို ၁၅ မိနစ်လောက် ပေါင်းပါတယ်။ အားလုံးပေါင်း မိနစ် ၃၀ ပေါင်းပါတယ်။ ပေါင်းပြီးသွားရင် နံနံပင်၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး အပေါ်ကနေ လှအောင်ဖြူးလိုက်ပါ....

မြိတ်ကတ်ကြေးကိုက်


ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွတို့ကို ညက်နေအောင်ထောင်းပြီး ဆီသတ်ပါတယ်။ နွမ်းပြီဆိုလျင် အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ တယ်။ သိပ်မကြာခင်မှာ ကြက်သား၊ ပုဇွန်၊ ပြည်ကြီးငါး လှီးထားတာ ထည့် ပါတယ်။ နှုးပြီဆိုမှ ရေစိမ်ထားသော ခေါက်ဆွဲပြားထည့်ပါတယ်။ ခေါက်ဆွဲ အပြား အနည်းငယ်ပျော့ပြီဆိုလျင် ပဲပင်ပေါက်ထည့်ပါတယ်။ ခဏအကြာ မှာ ပဲပြုတ် ထည့်ပါတယ်။

အချဉ်အတွက်ကိုတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ဆား၊ အချိုမှုန့်၊ နံနံပင် ထည့်ပြီးနယ်ပါတယ်။

Monday, April 19, 2010

၁၇-၄-၂၀၁၀ : ကျွန်မရဲ့ ချစ်လှစွာသော သားသားလေး ၂လပြည့် အမှတ်တရ


သားသား လူလောကကြီးထဲရောက်တာ ၁၇-၄-၂၀၁၀ ဆိုရင် ၂လ ပြည့်ပြီဗျ။ မေမေ ဗိုက်ထဲမှာရှိစဉ်ကတည်းက မေမေက သားသားကို Mickey လို့ခေါ်တယ်။ ဘိုးဘိုးကပြောတယ် မေမေက Mickey Mouse Crazy တဲ့။ ဖေဖေ ကတော့ သားသားကို ပုလုံး လို့ခေါ်တယ်။ သားသား နာမည် က လင်းမြတ်အောင် လို့ခေါ်ပါတယ်။ ဖေဖေ နဲ့ မေမေ ပေးထားတဲ့ နာမည်ပါ။

သားသား မေမေ့ ဗိုက်ထဲမှာရှိတုံးက လက်တွေခြေတွေကိုဆန့်ရင် မေမေက အော်တယ်။ အခုထိလည်း သားသား လက်တွေခြေတွေ ဆန့်လို့ကောင်းတုံးပဲ။ အခု သားသား မေမေ့ ကို မှတ်မိနေပြီ။ ဖေဖေ့ကိုကောပဲ။ ဖေဖေနဲ့က ညနေမှ တွေ့ရတာ။ မေမေက သားသား ဂျီကျရင် ဆူတယ်ဗျ။ သားသားက မေမေ့ ရင်ထဲမှာနေချင်လို့ ဂျီကျရတာလေ။

ဖေဖေက သားသားကို အလိုလိုက်တယ်။ သားသား လူလောကထဲရောက်ခါစက ဘိုးဘိုးကြီးတစ်ယောက် သားသားကို လာလာချီ သေးတယ်ဗျ။ သူ့ ရင်ဘတ်ပေါ်မှာ အိပ်ရတာ တကယ်မိုက်တယ်ဗျာ။ အဲ့ဒီ ဘိုးဘိုး ဘယ်ရောက်သွားလဲ မသိဘူး၊ တစ်ခါတစ်ခါ မေမေ့ Computer Screen ပေါ်မှာတွေ့တယ်။ ပုလုံး ပုလုံးနဲ့ သားသား နာမည်ကိုခေါ်တယ်။ မေမေက အဲဒါသားသား ဘိုးဘိုးတဲ့။ ရန်ကုန်မှာနေတယ်တဲ့၊ ဘာတွေလဲ မသိပါဘူးဗျာ။

မေမေက သားသားကို ဓါတ်ပုံ ရိုက်တယ်ဗျ။ ဆိုးတာက သားသားအီးအီး ညှစ်နေတုံး ရိုက်တာ။ သားသားကြီးလာရင် ရှက်တယ်ဗျ။ သားသား ဘိုးဘိုး က သားသား အီးအီး ညှစ်နေတဲ့ ပုံကိုချစ်လွန်း လို့ သူ့ Computer ပေါ်မှာ တင်ထားတယ်တဲ့ဗျာ။ လုပ်ပုံက။ ဘာဘဲပြောပြော သားသားကိုချစ်ကြတဲ့ ဖေဖေ၊ မေမေ၊ ဘိုးဘိုး နဲ့ ၀န်းကျင်က ဆွေမျိုးတွေ၊ မိတ်ဆွေတွေ လူသားအားလုံးကို ကျေးဇူးတင်ပါတယ်။


----- သားသားရဲ့ ဖိုးဖိုးက သားသားအတွက် ၂လပြည့် အမှတ်တရ ရေးပေးထားတာ -----

Friday, April 9, 2010

မေမေ နှင့် သားသား ၁နေ့တာဖြတ်သန်းကြပုံ

ကျွန်မက ၆း၃၀ ဆိုရင် နှိုးစက်မြည်တာနဲ့ထပြီး ထမင်း၊ ဟင်းချက်ရပါတယ်။ သားလေးက မနက် ၆:၃၀ နှင့် ၇ နာရီကြားဆို နှိုးတတ်ပါတယ်။ ၁ခါ၁လေလည်း အစောကြီးနှိုးတတ်ပါတယ်။ နှိုးနေရင်လည်း ဘယ်သူ မှမသိပါဘူး။ သူ့ဟာသူ ဆော့နေတတ် ပါတယ်။ ကျွန်မတို့နှိုးလို့ကြည့်လိုက်ရင် လက်ကလေး၂ဖက်မြောက်၊ ဟိုလွှဲဒီလွှဲ ပြီးတော့ခြေထောက် ၂ဖက်ကို ဟိုကန်ဒီကန် လုပ်နေတတ်ပါတယ်။ ၁ယောက်၁လှည့် ကလေးကိုစောင့်ရင်း မနက်ခင်းလုပ်စရာရှိတာများကို လုပ်ကြပါတယ်။ ၁ခါ၁လေကျရင် သားကိုပုခက်ပေါ်တင်လိုက်ပါတယ်။ ပုခက်ပေါ်မှာ အိပ်ပျော်သွားတတ်ပါတယ်။

၈နာရီ ဆိုရင် သားသားက နို့ဗူးစို့ပြီး ပြန်အိပ်တတ်တဲ့အချိန်ပါ။ သူအိပ်နေရင် ကျွန်မကညကသောက်ထားတဲ့ နို့ဗူးတွေကို ဆေးရ ပါတယ်။ နို့ဗူးအားလုံးကို ပေါင်းပါတယ်။ ရေနွေးအိုးတည်ပြီး ဓာတ်ဗူးထဲထည့်ထားပါတယ်။ ပြီးရင် ဘုရားဆွမ်းတော်ကပ်၊ သောက်တော်ရေလဲ၊ ဘုရားပန်းလဲ၊ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းပါတယ်။ အိမ်အလုပ်အကုန်ပြီးပြီဆိုရင်တော့ ကျွန်မရဲ့ Computer ဖွင့်ပြီး E-mail စစ်၊ Facebook ၀င်၊ သားသားရဲ့ ဘေးနားမှာ ထိုင်စောင့်နေပါတယ်။ ၁ခါ၁လေ Photoshop ဖွင့်ပြီး သားသား ပုံလေးတွေကို Design လှလှလေးတွေ လုပ်ပေးပါတယ်။ ၁၀နာရီထိုးခါနီးပြီဆိုရင် သားသားရေချိုးဖို့ဇလုံကို ရေအနည်းငယ် ဖြည့်ပြီး အခန်းထဲ ယူလာပါတယ်။ မျက်နှာသုတ်ပုပါ၊ ရေချိုးပြီးဝတ်မယ့် အကျီ၊ ပေါင်ဒါ၊ Diaper အားလုံးကို သေသေချာချာ အစီအစဉ် တကျပြင်ထားပါတယ်။ ပြီးရင် ရေနွေးကျိုဖို့ ရေကြိုဖြည့်ထားပါတယ်။ နို့ဗူးကိုလည်း ကြိုဖျော်ထားပါတယ်။ သားလေးအိပ်နေရင်နှိုးပြီး ရေချိုးပေးပါတယ်။ သားသား ရေချိုးပြီးရင်တော့ ရေချိုးဇလုံ၊ မျက်နှာသုတ်ပုဝါတို့ကို နေရာတကျပြန်ထားပါတယ်။ ပြီးရင်သားသားက နို့သောက်ပါတယ်။ သားသားက အမေနို့ရယ်၊ နို့ဗူးရယ် ၂ခုလုံးစို့ပါတယ်။ နို့သောက်ပြီးသွားရင်တော့ ပုခက်ထဲ ထည့်ပြီး ခဏအိပ် ပါတယ်။ ခဏဆိုတာ ၁၅မိနစ် လောက်ပါပဲ။ သားသား အိပ်နေချိန် ကျွန်မရေချိုးဖို့ ပြင်ရပါတယ်။ ကျွန်မ ရေချိုးချိန် ၅မိနစ် ပဲကြာ ပါတယ်။

သားသားက ပုခက်ပေါ်မှာ သိပ်မနေဘူး။ လူပေါ်မှာချည်းပဲ ချီထားရတာပါ။ သားသားကိုခဏချီပြီး ပုခက်ပေါ်ပြန်ထားပြီး ကျွန်မ ထမင်းစား ရပါတယ်။ ထမင်းစားတဲ့အခါ ဇိမ်နဲ့ မစားနိုင်ပါဘူး။ ဇောက်ပန်းကန်ထဲမှာ ထမင်းထည့်၊ ဟင်းထည့်၊ အကုန်လုံးထည့်ပြီး စားရတာပါ။ ၁ခါ၁လေစားနေတုန်း အော်ရင်ချီရပါသေးတယ်။ သားသားက ၂နာရီခြား၁ခါ နို့စို့ပါတယ်။ ကျွန်မ မီးပူတိုက်စရာရှိရင် သားကိုပုခက်ထဲထည့်ထားပြီး ပုခက်လွှဲရင် မီးပူတိုက်ရပါတယ်။ ဒီလိုနဲ့ သားသားကိုချီလိုက်၊ နို့ဗူုးတိုက်လိုက်၊ အမေနို့တိုက်လိုက်နဲ့ ၁နေ့တာကို ဖြတ်သန်းရပါတယ်။ ၇ နာရီထိုးရင် သားသား ဖေဖေအလုပ်က ပြန်လာပါတယ်။ သားသားကိုပေးပြီး ကျွန်မက ထမင်း စားရပါတယ်။ ကျွန်မထမင်းစားပြီးရင် သားသားဖေဖေက ရေမိုးချိုး၊ ထမင်းစားပါတယ်။ ၁ယောက်၁လှည့်ပါ။ ထမင်းစားပြီးသွားရင် ကျွန်မက အောက်ဆင်းပြီး အိမ်အတွက် လိုတာတွေ သွားဝယ်ပါတယ်။ ၁၀နာရီဆိုရင် သားသားကိုည၀တ်အကျီလဲပေးပြီး သိပ်လိုက် ပါတယ်။ သားသားက အနှီးပတ်ပေးတာရယ်၊ လက်အိတ်၊ ခြေအိတ်စွပ်ပေးတာ လုံးဝမကြိုက်ဘူး။ ၀တ်ထားပေးရင် တအီအီနဲ့ အီတတ် ပါတယ်။ အဲဒီတော့ လက်ရှည်၊ ဘောင်းဘီရှည် ပါတဲ့ဟာ ၀တ်ပြီး သိပ်ပါတယ်။ ၂နာရီခြား၁ခါနိုးပြီး နို့သောက်ပါတယ်။ Diapers စိုနေရင် တအီအီနဲ့ ခြေထောက်လေး၂ချောင်းကို ကန်တတ်ပါတယ်၊ နို့ဆာရင် လက်ကလေးကို စုတ်တတ်ပါတယ်။ နို့သောက်ရင် လည်း လက်ကလေး၂ဖက်ကို မြှောက်ပြီး သောက်တတ် ပါတယ်။ သားသားက အီးအီးပါရင် အရမ်းရီရတယ်။ လက်ကလေး၂ဖက် မြှောက်၊ မျက်မှောင်လေးကြုတ်ပြီး အားနဲ့ ညစ်ပါတယ်။ သားသားအဲဒီလိုပုံလေးလုပ်ပြရင် ဒါအီးပါနေပြီဆိုတာ သိပါတယ်။ အီးပါပြီးရင် တော့ ဆော့တတ်ပါတယ်။ လက်တွေမြှောက်၊ ခြေထောက်တွေမြှောက်ပြီး ဆော့တာ။ ချီထားရင် ထချီနေလား၊ ထိုင်ပြီးချီနေလား ဆိုတာလည်း သိပါတယ်။ သားသားက ထပြီးချီစေ ချင်ရင် ခြေထောက်ကလေး၂ဖက်ကို တွန်းတတ်ပါတယ်။ သားသားက နေနဲ့ ညနဲ့ မမှားပါဘူး။ နေ့ဆိုရင် ခဏပဲအိပ်ပြီး ညမှပဲ အိပ်ပါ တယ်။ သားသားကို အိပ်စေချင်ရင် ချီထားပြီး သီချင်းဆို သိပ်ရပါတယ်။ သားသား အထူးခြားဆုံးက မွေးကတည်းက လေချွန်တတ်ပါ တယ်။ နှုတ်ခမ်းကလေးကို စူပြီး လေချွန်တာပါ။

ကျွန်မကလေးမွေးပြီးတဲ့အချိန်က ညညကလေးငိုနေရင်လည်း မသိဘူး။ အိပ်ရေးပျက်တာတွေများနေလို့ပါ။ အခုတော့ သားသား ညညငိုရင် ကျွန်မက အမေနို့တိုက်ပြီး ယောက်ျားက နို့ဗူးသွားဖျော်ပါတယ်။ နို့ဗူးအေးသွားရင် နို့ဗူးတိုက်ပါတယ်။ သားသား အိအိ လုပ်ရင် နိုးနေပါပြီ။ သားသားနေ့လည်အိပ်နေရင် ကျွန်မ ညဖက်အိပ်ရေး ဘယ်လောက်ပျက်ပျက် ပြန်ပြီး မအိပ်တတ်ဘူး။ ကျွန်မရဲ့ ပိန်အောင်လုပ်နည်းပေါ့။ နောက်တာနော်။ ကျွန်မက နဂိုပိန်၊ နည်းနည်းဝလာတယ်လို့တော့ ပြောကြတယ်။ အခုတော့ ပြန်ပိန်စပြု နေပြီ။

သားသားအကြောင်းရေးထားတာ မွေးကတည်းကနေ အခုချိန်ထိ။ နောက်လည်း ဆက်ရေးသွားဦးမှာပါ။

သားသားကြီးလာလို့ ဖတ်ဖြစ်တဲ့အခါကျရင် သားသားကို ဖေဖေကော၊ မေမေကော ဘယ်လောက်ချစ်ခဲ့သလဲဆိုတာ သိပြီလားသားသား ...

Wednesday, March 10, 2010

ရိုးရိုးမွေးခဲ့စဉ်

ဗိုက်ထဲမှာရှိစဉ်က သားလေးကို ၂နာရီထိုးမှနာပါနော်ဆိုပြီး ဗိုက်လေးကိုပုတ်ပြီး ပြောထားတာ။ မမွေးခင်မှာ NUH မှာ Register လုပ်တော့ မနက် ၂ နာရီမှ Check In ပါ။ ဒီထက်စောရင် ၁ရက်ခ ပေးရမယ်။ ရိုးရိုးမွေးတာ စိတ်အတော်ရှည်ရပါတယ်။ ကျွန်မရဲ့ Due Date က February 18, 2010 ပါ။ ဆေးရုံကို ၁ပတ်၁ခါသွားရတာ ကြာတော့ရှက်လာပါပြီ။ အချိန်မရွေး မွေးနိုင်တာက ၃၇ - ၄၂ကြား၊ ရက်တွေကို စောင့်စောင့်နေရတာ ကျွန်မအဖို့ရာမှာ စိတ်မရှည်တော့ပါဘူး။ ဒီကြားထဲ သောကြာ ညရောက်လာရင် ကြောက်လာပါပြီ။ သားဦးဆိုတော့ စနေသားလေး မဖြစ်ချင်လို့ပါပဲ။ အကြိုက်ဆုံးနေ့က 14 February Valentine Day မှာ မွေးချင်တာ။ ဆရာဝန်ကို Request လုပ်ကြည့်တာ မရဘူး။ ပထမဆုံးကလေးဖြစ်နေလို့ မလုပ်တာ အကောင်းဆုံး။ အချိန်ကို စောင့်ပါ။ အချိန်ကျမှ ဆေးရုံကိုလာခဲ့ပါဆိုလို့ စောင့်လိုက်ရတဲ့အချိန်တွေ... ၃၉ ပတ်မှာ ဆရာဝန်က နောက် ၁ကြိမ် ဆေးရုံလာစရာ မလိုတော့ပါဘူးလို့ ပြောလိုက်ပေမယ့် ကိုယ်က ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မကြား၊ နောက်မှ ယောက်ျားက ပြန်ပြောပြတာ။ စိတ်ထဲမှာ အမြဲတွေးနေမိတာ အဖေကခွင့်၂ပတ်နဲ့လာတာ ပြီးတော့ ဘကြီးက ၂၁ လာမှာ။ အဲဒီ အတော်အတွင်း မွေးမှမွေးပါ့မလားဆိုတာ စိတ်ပူမိတာ။ အဖေက ၁၅ထဲက ရောက်နှင့်နေပြီ။

February 17, 2010 : အဲဒီနေ့က ည ၁၂ခွဲမှ အိပ်ဖြစ်တယ်။ အိပ်နေစဉ် အဖေကထပြီး စကားပြောတော့ အိပ်ချင်မူးတူးပဲ။ သိ၁ချက်၊ မသိ၁ချက်ပဲ။ 2:10 AM မှာ ဗိုက်ထဲက စူးခနဲဖြစ်သွားလို့ အိမ်သာထ သွားမိတယ်။ ရိုးရိုးပဲလို့ထင်မိတယ်။ ဒါပေမယ့် ရိုးရိုးဗိုက်နာတာနဲ့တော့ မတူဘူး။ ပြီးခါနီး ကြည့်ကြည့်လိုက်တော့ သွေးစ ၂စတွေ့တယ်။ သေချာတာကတော့ မွေးတော့မယ့် အရိပ်အရောင်တွေပါပဲ။ NUH ကို On Call ခေါ်လိုက်တော့ ဒါက First Stage စနေပြီ၊ ၅မိနစ်ခြား၁ခါနာမှ ဆေးရုံလာ ခဲ့ပါ။ Phone လည်းချအပြီး နာတာက ၅မိနစ်ခြား ဖြစ်နေပါပြီ။ ဆေးရုံသွားဖို့ စပြင်ရတော့တယ်။ ဆေးရုံကို Phone ပြန်ဆက် ပြီးလာတော့မယ်ဆိုတာ အကြောင်းကြားလိုက်ပါတယ်။ ဆေးရုံသွားဖို့ အထုတ်ကလည်း အဆင်သင့်ပြင်ပြီးသားပါ။ Taxi ကို On Call ခေါ်ပြီး ၃ယောက်သား ဆေးရုံသွားခဲ့ကြပါတော့တယ်။

NUH, Main Building က Delivery Suite ကိုသွားရတာ။ Delivery Suite ကိုရောက်တော့ အဖေကနေခဲ့ရ တယ်။ ယောက်ျားပဲဝင်လို့ရတယ်။ ယောက်ျားကလွှဲပြီး ကျန်တဲ့သူကို ပေးမ၀င်ပါဘူး။ ယောက်ျားက မ၀င်မဖြစ် ၀င်ကိုဝင်ရပါတယ်။ အဖေကတော့ Lounge ထဲမှာစောင့်နေတယ်။ အခန်းနံပါတ် ၆ မှာ နေရပါတယ်။ Nurse ၂ယောက်ဝင်လာပြီး လုပ်စရာရှိတာ အကုန်လုပ်ပေးပါတယ်။ ဗိုက်က ဆေးရုံရောက်တော့ ၃မိနစ်ခြား၁ခါ နာလာပါတယ်။ အဲဒီလိုနာလာရင်း အိမ်သာထဲမှာပဲ ထိုင်ချင် တော့တယ်။ အဲဒီလိုထိုင်လိုက်ရင်း သက်သာတယ်လို့ထင်ပါတယ်။ Nurse ကအိမ်သာထဲ မထိုင်ရဘူး။ Lock မချရဘူးဆိုပြီး ခဏခဏတံခါးခေါက်ပါတယ်။ ဆေးရုံဘာလို့အစောကြီးလာပါလိမ့်ဆိုပြီး စဉ်းစားမိလိုက်ပါသေးတယ်။ ကိုယ်ကလည်း ၁ခုခုဖြစ်မှာ စိတ်ပူလို့အစောကြီး လာလိုက်တာပါ။ နာတာဘယ်လိုမှ မခံမရပ်နိုင်အောင်ပဲ။ လူကလည်း မျက်နှာတော်တော်ကို ရှူံမဲ့နေပြီ။ ဆရာဝန်တွေ၊ Nurse တွေ ၁ယောက်ပြီး ၁ယောက် ၁၅မိနစ် ၁ကြိမ်လာကြည့်ပါတယ်။ ရောက်ရောက်ချင်း သားအိမ်ကိုစမ်းတော့ 1 cm ပွင့်နေပြီ။ ဆေးရုံက 3 cm မပွင့်ဘူးဆိုရင် ပြန်ရမယ်တဲ့။ လာပြီးမှတော့ မပြန်တော့ဘူး။ မြန်မြန်ပွင့်ပါစေလို့ပဲ ဆုတောင်း မိတယ်။ ကလေး Heart Beat ရော၊ ကိုယ့်ရဲ့ Heart Beat ကော စမ်းတဲ့စက်လုပ်တယ်။ ပိုက်ချိတ်ရသေးတယ်။ ဘာအတွက် ချိတ်ရလဲဆိုတာတော့ မသိဘူး။ ၀မ်းချူရတယ်။ ပြီးတော့ ဆီးပိုက်တပ်ရတယ်။ ဆီးပိုက်တပ်ပြီးရင် သွားလို့ မရတော့ ဘူး။ ဆေးရုံ ကုတင်မှာပဲနေပြီး သားအိမ်အမြန်ဆုံး 10 cm ပွင့်ပါစေဆိုပြီး စိတ်ထဲကနေ Count လုပ်နေတာ။ ၄နာရီကျတော့ 2 cm ပွင့်သွားပြီ။ Nurse ကလာမေးတယ်။ Pethidine ထိုးမလားတဲ့ 50% နာတာသက်သာမယ်ဆိုတော့ ထိုးမယ်ဆိုပြီး ပြောလိုက်တယ်။ နာတာသက်သာရင် ပြီးရောဆိုပြီး ဘာပြောပြော အကုန်ခေါင်းညိမ့်တာပဲ။ ရွေးထားတာ Epidural ပါ။ ဘာလို့ မမေး တာပါလိမ့်? ညာဘက်ပေါင်မှာ ထိုးပေးပါတယ်။ Nurse ကပြောတယ်။ ရောက်စနဲ့ မတူတော့ဘူး။ ရောက်စထက်ပိုပြီး သက်သာသွားတယ်။ မျက်နှာကြည့်တာနဲ့သိတယ်တဲ့။ ထိုးလည်းပြီးရော အိပ်ချင်လာတယ်။ အိပ်ချင်မယ်ဆိုရင် ဗိုက်ကနာလိုက် သံသရာကို လည်နေပါတယ်။

4:30 လောက်မှာ Nurse က အနာသက်သာအောင် ဘာကိုရွေးထားလဲဆိုပြီး လာမေးပါတယ်။ အဲဒီအချိန် သားအိမ်က 4 cm ပွင့်နေပါ ပြီ။ Epidural ရွေးထားတယ်ဆိုတာ ပြောတော့ ဆရာဝန် လာပြီးလုပ်ပေးပါတယ်။ Epidural က ၈၀% မနာကျင် စေပါဘူး။ Epidural မလုပ်ခင်မှာ လူနာက လက်မှတ်ထိုးရပါတယ်။ Spinal Cord ထဲကိုထိုးသွင်းတာ ဖြစ်တဲ့အတွက် Dangerous Stage ပါ။ ကျွန်မက Epidural ဘယ်လိုလုပ်သလဲဆိုတဲ့ အသေးစိတ်ကို www.youtube.com ကနေကြည့်ထားတာ။ စာအုပ်လည်းဖတ်ထားတာ။ ယောက်ျားကိုတောင် ပြောမိပါသေးတယ်။ မှားပြီလားလို့။ ဒါကြောင့် ရှေးလူကြီး များပြောကြတာ။ ကိုယ်ဝန်ဆောင်များ ၁နေ့ကို ၃ကြိမ် သချိုင်းကို မျက်စောင်းထိုး နေရတယ်။ Epidural ထိုးပြီးတော့ တော့်တော့်ကို သက်သာသွားတယ်။ 100% လောက်ကို သက်သာသွားတာ။ ကလေးလှုပ်တာလောက်ပဲ သိတော့တယ်။ အောက်ပိုင်းကထုံသွားတာ။ ခြေထောက် ခဏခဏလှုပ်ပေးနေတာ။ ဆေးကြောင့်ခြေထောက် ၁ခုခု ဖြစ်သွားမှာ စိုးရိမ်တယ်။ အိပ်ချင်နေပေမယ့် မအိပ်ဖြစ်ပါဘူး။ စိတ်ထဲမှာ အိမ်ကထွက်ကတည်းက အဂ်ုလိမာလသုတ်၊ မေတ္တသုတ်၊ သံဗုဒ္ဓေ မပြတ်ရွတ် နေတာ။ ၁ခါ၁လေ အဂ်ုလိမာလသုတ်နဲ့ မေတ္တသုတ်ရောရွတ်မိသေးတယ်။ ယောက်ျားကတော့ အဂ်ုလိမာလသုတ်ကို စာရွက်ကိုင်ပြီး ရွတ်နေလိုက်၊ Phone ပြောလိုက်၊ SMS ရိုက်လိုက်နဲ့။ အဖေကိုလည်း ဘယ်လိုနေသေးလဲ ဆိုတာ မေးရသေးတယ်။ အဖေက တော့ Lounge ထဲမှာ ၁ချိန်လုံးစောင့် နေတာ။ 8:30 AM မှာသားအိမ်က 6 cm ရှိတဲ့အချိန် ရေမြွှာလာဖောက်ပေးသွားတယ်။ ကလေးခေါင်းကိုလည်း စမ်းသေးတယ်။ ၁၁နာရီဆို သားအိမ်က 10 cm ပွင့်ပြီထင်ပါတယ်။ မွေးမယ့်အချိန်က အတော့်ကိုကြာ ပါတယ်။ ကလေးကလှုပ်မှ သားအိမ်က အမြန်ပွင့်မှာဆိုတော့ ကလေးလှုပ်ပါစေဆိုပြီး ဆုတောင်းနေရတယ်။ ရေမြွှာဖောက်ပြီး သွားတော့ ကလေးလေးဗိုက်ထဲ ရေမွှန်းသွား မှာစိုးရိမ်မိတယ်။ 11 AM မှာ သားအိမ်က 10 cm ပွင့်သွားပါပြီ။ မွေးဖို့စတော့မယ် ပေါ့၊ ဒါပေမယ့် ၁နာရီစောင့်ကြည့်ဦးမယ်လို့ ဆရာဝန်တွေကပြောသွားတယ်။ သြော် ... ဒါဆို ၁၂နာရီပေါ့။

၁၂နာရီရောက်တော့လည်း မမွေးသေး၊ အခန်းထဲကိုလာကြည့်တာလည်း အများကြီးပဲ။ ဆရာဝန်တွေကော၊ Nurse တွေကော။ ကိုယ်က အစမ်းသပ်ခံလေးပေါ့။ ၁၂နာရီကျော်ကျော်မှာ မွေးပုံမွေးနည်း စသင်ပေးပါတယ်။ အသက်ကိုပြင်းပြင်းရှူ ခဏရပ်ပြီး ပြန်ထုတ်တဲ့အချိန် ညစ်ရတာ ၁၀ကြိမ်ရေပါတယ်။ ၁၀ကြိမ်ပြည့်ရင် အသက်၁ခါ မြန်မြန်ပြန်ရှူပြီး ထိုနည်းအတိုင်း ဆက်လုပ်ရပါ တယ်။ Nurse ၁ယောက်က ဗိုက်ကိုဖိပြီး ညစ်ချပါတယ်။ အဲဒီလိုဗိုက်ကို ဖိချလေ အန်လေပါ။ မနက် ၂နာရီ ထဲကနေ ခုအချိန် ထိဗိုက်ထဲမှာ အစာ၁ခုမှ မရှိပါ။ နဂိုထဲက အစာအိမ်မှာ လေခံတဲ့ရောဂါရှိတော့ ပိုဆိုး။ အစာမရှိတဲ့အချိန် ဗိုက်ကိုလာဖိရင် ကျွန်မ အကျင့်က အန်တတ်ပါတယ်။ အန်နေတာတောက်လျောက်၊ မအန်အောင်ပိုက်ထဲဆေးထိုးပေးတယ်။ အန်တာရပ်တဲ့ဆေးလို့ ထင်ပါ တယ်။ ကလေးလှုပ်တဲ့အကြိမ်က ၁၅၀-၂၀၀ကြားမှာရှိပါတယ်။ တော်တော်ကိုပြင်းပါတယ်။ ဆေးအရှိန်ကြောင့်လှုပ်တာပဲသိနေတာ။ ကလေးကတဖြည်းဖြည်းအောက်ကို ဆင်းနေပြီဆိုတာကိုလည်း ခံစားရပါတယ်။ Nurse ကိုမေးကြည့်တော့ ဟုတ်တယ်တဲ့။ 12:45 PM မှာ မွေးဖို့စပါပြီ။ Nurse ပြောသလို မလုပ်နိုင်ပါဘူး။ ၂ခါပဲလုပ်နိုင်တယ်။ ၃ကြိမ်လုပ်ရင် မောတယ်။ အဲဒီမှာ ကလေးခေါင်းက ပြန်ဝင်လိုက်၊ ထွက်လာလိုက်ဖြစ်နေပြီလို့ ပြောကြတယ်။ ၃ခါလုပ်မှ ထွက်မှာတဲ့။ ငိုတောင်ငိုမိပါတယ်။ ပထမဆုံး ဆိုတော့ လုပ်ပုံလုပ်နည်းက မှားနေပါတယ်။ Nurse မွေးလမ်းကြောင်းချဲ့လိုက်တာလည်း မသိပါဘူး။ Operation လုပ်ရင် ကောင်းသားလို့ စဉ်းစားမိပါတယ်။ အဲဒီအချိန် သတိရလိုက်တာ အဖေနဲ့အမေကို စိတ်မှန်းပြီး ကန်တော့မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကိုမွေးခဲ့စဉ်က Epidural ရှိဦးမှာ မဟုတ်ပါဘူး။ နာတာဒီထက်ပိုဆိုးမှာပါ။ နောက်ဆုံးအားတင်းပြီး ၃ခါကို ၂ကြိမ်ပဲလုပ်လိုက်တာ မျက်စိဖွင့်အကြည့်မှာ ကလေးလေး ထွက်သွားပါပြီ။ ကလေးကိုမြင်လိုက်ရတဲ့အချိန် အရမ်းပျော်ပါတယ်။ ခံစားမှုကလေး၁ခုလည်းဖြစ်မိပါတယ်။ အဲဒီခံစားမှုက ပြောပြလို့လည်း မရပါဘူး။ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ ကလေးကထွက်တာ နဲ့ငိုတော့တာ။ ငိုအောင်ရိုက်စရာလည်း မလိုပါဘူး။ အဖေကို Phone ဆက်ပြီးမွေးပြီဆိုတာ အကြောင်းကြားလိုက်ပါတယ်။ အဖေက ၁ချိန်လုံး Lounge ထဲမှာပဲနေနေတာ။

ကလေးကို အကုန်သန့်စင်ပေးပါတယ်။ ပြီးတော့ ကိုယ်ပေါ်ကိုပစ်တင်လိုက်ပါတယ်။ ကြောက်တာပေါ့။ ကလေးပြုတ်ကျမှာစိုးလို့ပါ။ ကလေးအလေးချိန်က 3090 grams ပါ။ ကြားလိုက်ရတော့ ပျော်မိပါတယ်။ ကိုယ်မှန်းထားတဲ့ အတိုင်းပဲပေါ့။ 3 kg ကျော်ရင် ကျွန်မကျေနပ်ပါတယ်။ ကျွန်မက လုပ်ပုံလုပ်နည်းမမှန်တော့ မွေးလမ်းကြောင်းချဲ့လိုက်ရတာ။ အမှန်မှန် လုပ်ပုံလုပ်နည်းမှန်ရင် မွေးလမ်းကြောင်းချဲ့စရာမလိုပါ။ ဆရာဝန်လာပြီး မွေးလမ်းကြောင်းကို ချုပ်ပေးပါတယ်။ ကိုယ်ပေါ်မှာတပ်ထားသော ပိုက်တွေအကုန် ဖြုတ်ပေးပါတယ်။ Nurse ၂ယောက်က ကလေးနို့တိုက်ပုံ တိုက်နည်းသင်ပေးပါတယ်။ ပြီးတော့ ထမင်းစားဖို့ လာပို့ပေးပါတယ်။ မစားနိုင်ပါဘူး။ ပါးစပ်ထဲမှာသာ ၀ါးနေပြီး အောက်ကိုမျိုချလို့ မရပါဘူး။ အစာအိမ်သမားဆိုတော့ ဒီအချိန်ဘာစားစား အန်မယ် ဆိုတာ သိနေပါတယ်။ ကလေးလေးကထားထားတဲ့နေရာမှာ ငြိမ်ငြိမ်လေးနေပြီး သူအဖေ့ကိုပြုံးလိုက်၊ ပုံစံအမျိုးမျိုး လုပ်ပြနေပါ တယ်။ 4 PM ကျော်ကျော်မှာ Ward ထဲကိုပြောင်းဖို့ စီစဉ်ကြပါတယ်။ ကလေးလေးကို ကျွန်မဘေးနားမှာထားပြီး ကုတင်ကို တွန်းသွားပါတယ်။ ကလေး ကိုတော့ ကလေးအခန်းထဲမှာ ထားပါတယ်။ ကျွန်မက B2 Class ကိုရွေးထားတာဆိုတော့ ၆ယောက် ၁ခန်းပါ။ ဆေးအရှိန် ကြောင့် အဖျားတက်လိုက်ပါသေးတယ်။ အန်လည်း ထပ်အန်ပါတယ်။ အစာအိမ်ရှိကြောင်း ရှင်းပြ ထားပါတယ်။ အစာအိမ်ကြောင့် အခုအချိန် ဘာမှစားလို့မရဘူးဆိုတာ ပြောပြထားပါတယ်။ Myanmar Nurse နဲ့တွေ့တော့ အစစအရာရာပြောပြပါတယ်။ ည ၈နာရီခွဲမှာ အဖျားကျသွားပြီး Milo နဲ့ Biscuit တောင်းစားလိုက်ပါတယ်။ ကလေးကတော့ ၂နာရီခြား ၁ခါနို့တိုက်ရပါတယ်။ အိပ်မယ် ကြံတိုင်း Nurse ကခေါ်နိုးပြီး နို့တိုက်လိုက်နဲ့ ဒီနေ့ဒီအချိန်ထိ အိပ်ရေးမ၀သေးပါဘူး။

မနက်ဆရာဝန်လာတော့ ကျွန်မကဆင်းလို့ရနေပြီး ကလေးက 24 Hours မပြည့်သေးလို့ ကလေးထားခဲ့ရမယ်၊ နောက်နေ့မှ ခေါ် လို့ရမယ်ဆိုတော့ ကျွန်မပါ နေလိုက်တော့တယ်။ ကလေးနှလုံးခုန်တာ မငြိမ်လို့ဆိုတာ လာပြောပါတယ်။ စိတ်ပူတတ်တဲ့ ကျွန်မ ဆေးရုံမှာ သင်တန်းတက်နေပေမယ့် နားက၀င်၁ချက်၊ မ၀င်၁ချက်။ ကလေးအခန်းနား ယောင်လည်လည်သွားလုပ်နေတော့ Nurse ကမြင်ပြီး ကလေးခေါ်ထုတ် ပေးပါတယ်။ ကလေးကို လုံးဝပြန်မပို့ပဲ ကျွန်မနားမှာပဲ ထားပါတယ်။ သူငယ်ချင်း လင်မယား၊ အဖေတို့က စားချင် တာစားရအောင် ဟင်းချက်ပေးလာကြပါတယ်။ ကျွန်မကချေးသိပ်များတာ။ ဆေးရုံက ကျွေးတာ ကလည်း မစား မနေ စားရသေးတယ်။ ဆေးရုံက Record မှတ်ထားတာလေ။ ည ၉နာရီမှာ ကလေးလာခေါ်သွားပါတယ်။ ကလေး ငိုသံကြား တိုင်း ကျွန်မ ကလေးများ ဖြစ်နေမလားဆိုပြီး ပူပန်မိပါတယ်။ အိပ်လို့လည်း မရပါဘူး။ ဒါဟာ မိဘမေတ္တာ ဆိုတာ လက်တွေ့သိခဲ့ ရပါပြီ။

နောက်၁နေ့ ကလေးဆရာဝန်နဲ့တွေ့တော့ ဆင်းခွင့်ပေးလိုက်ပါပြီ။ ကလေးက အသားဝါနေတာ Border Line မှာဆိုတော့ Poly Clinic မှာ ၂ရက် သွားပြဖို့ Date လုပ်ပါတယ်။ ကျွန်မက ဆင်းလို့ရပြီးရော၊ မစိုးရိမ်ပါဘူး။ ကျွန်မဘကြီးက ကလေး အထူးကုလေ။ ကျွန်မအရင်က "Singapore မှာ မိဘမေတ္တာတွေပျောက်ဆုံးနေပြီလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ဘူးပါတယ်။ ဘကြီးကဖတ်မိတယ် ထင်ပါတယ်။ ဒါကြောင့် ကလေးမထိန်းတတ်တဲ့ကျွန်မကို ကလေးထိန်းနည်း၊ ကလေးပြုစုပုံပြုစုနည်းကို လေယာဉ်စရိတ်အကုန်အကျခံပြီး လာသင်ပေးတာပါ။ အဲဒီခေါင်းစဉ်က ကျွန်မခံစားချက်ကို ရေးထားတာပါ။ ဘယ်သူကိုမှ စောင်း မြောင်းပြီးရေးထားခြင်းလည်း မဟုတ်ပါဘူး။ ကျွန်မလို ကလေးတွေ ငယ်စဉ်ကတည်းက Psycho ၀င်သွားမှာစိုးရိမ်တဲ့ စိတ်နဲ့ ၁ချိန်မှာ ကလေးအဖေဖြစ်လာမည့် သူတွေ၊ ၁ချိန်မှာ ကလေးအမေဖြစ်လာမည့်သူတွေကို ရေးပြထားတာပါ။ အဲဒီခေါင်းစဉ်ကြောင့် ကျွန်မ Blogကို ၁လကျော်ကြာအောင် ပိတ်ခဲ့ပါတယ်။ အခုတော့ ပြန်ဖွင့်ပါပြီ။

NUHမှာ ကလေးမွေးပြီး ကုန်ကျစရိတ်က အားလုံးပေါင်း 1205.35 ပါ။ 3 Days and 2 Night ပါ။ အံတောင်သြော်ပါ တယ်။ တကယ်တမ်းကုန်ရမှာ 2792.76 ပါ။ Government Subsidized ရလို့နှုတ်ထားတာက 1587.40 ပါ။ S Pass, EP ကိုင်ထားသူများ ရိုးရိုးမွေးရင် ကုန်မှာက 2792.76 ပါ။ ၃၀၀၀ ၀န်းကျင်ပေါ့။

၁ပတ်ပြည့်တဲ့အချိန်မှာ ကလေးလေး အသားဝါလည်းပျောက်သွားပါပြီ။ နေလည်းကောင်းပါတယ်။ ရိုးရိုးမွေးတာ ၁ရက်ပဲခံရတာ။ ကျွန်မမှာ လုပ်ပေးမယ့်သူမရှိတော့ ကိုယ်တိုင်လုပ်နေရတော့ မီးနေသည်နဲ့တောင် မတူဘူး။ ရိုးရိုးသာမန်လူလိုပါပဲ။ ဒါပေမယ့် ၄၅ရက်ကျော်မှပဲ ဟင်းစချက်တော့မယ်။ အခုတော့ အပြင်ကပဲ ၀ယ်စားတယ်။

သတင်းလာမေးကြသော ၂ဖက်သူငယ်ချင်းများအားလုံးကို ဒီနေရာကနေပြီး အထူးကျေးဇူးတင်ရှိပါတယ်။

ဘကြီးက Feb 28၊ အဖေက March 6 က ပြန်သွားပါပြီ။ လင်မယား၂ယောက်ထဲ ကလေးလေးကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ၁နေ့တာ အချိန်တွေကို ကုန်လွန်စေပါတယ်။

Taxi နဲ့ NUH ကိုလာခဲ့စဉ်က ၃ယောက်၊ ဆေးရုံကအဆင်း Taxi ကားပေါ်မှာ ၄ယောက်၊ လင်မယား၂ယောက်မှာ ကလေး လေး၁ယောက် တိုးသွားပြီဆိုတဲ့ အသိက အတော် ကြည်နှုးပီတိ ဖြစ်ဖို့ကောင်းပါတယ်ရှင်။ အဖေ့မှာလည်း မြေးလေး၁ယောက် တိုးသွားပြီပေါ့။ သံယောဇဉ်ကြိုးလေး ၁မျှင်ရစ်ပတ်ခဲ့ရပြီ ...

Monday, March 8, 2010

ကလေးမမွေးခင် ကုန်ကျစရိတ်

အားလုံးကိုသိစေချင်သော ရည်ရွယ်ချက်ဖြင့် ရေးရခြင်းဖြစ်ပါတယ်။ PR Approved ဖြစ်လို့ ဆေးစစ်ရမယ့်အချိန်မှာ ဆရာဝန်က ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အတွက် X-Ray ရိုက်ဖို့မလိုကြောင်း ထောက်ခံချက်ရေးပေးလိုက်ပါတယ်။ Co., ဆေးခန်းမှာ ပြတာဖြစ်တဲ့ အတွက် ပိုက်ဆံမပေးလိုက်ရပါဘူး။ ဒီလိုနဲ့ ၁ပတ်ကျော်ကြာတဲ့အခါ အန်ချင်သလို ရှိလာတဲ့အတွက် Poly Clinic မှာ ၁ခါ ပြခဲ့ပါတယ်။ Poly Clinic က ဆရာဝန်က ဘယ်ဆေးရုံသွားချင်လဲလို့ မေးပါတယ်။ NUH လို့ပြောတဲ့အတွက် Appointment Date နှင့်အတူ Letter ၁စောင် ပေးလိုက်ပါတယ်။ Poly Clinic မှာပြတာ ကုန်ကျစရိတ်က 19.80 ပါ။ ဒီနေရာမှာ Poly Clinic မသွားခင် ဘယ်ဆေးရုံကို သွားမလဲဆိုတာ ရွေးချယ်သင့်ပါတယ်။

Poly Clinic ကညွှန်းလိုက်ရင် PR ဆိုရင် Government Subsidized ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဒီအတိုင်း ကြိုက်တဲ့ ဆေးရုံကိုသွားမယ်ဆိုရင် Government Subsidized မရပါဘူး။ Foreigner ဈေးအတိုင်းပေးရမှာ ဖြစ်ပါတယ်။ စရိတ် ပိုကုန်ပါတယ်။ Government Subsidized ဆိုတာက ကုန်ကျစရိတ်မှန်သမျှကို အစိုးရက ၁/၄ (လေးပုံ ၁ပုံ) ပြန်ပေး ပါတယ်။ သက်သာတာပေါ့။

၁။ ၂၀-၇-၂၀၀၉ NUH မှာပထမဆုံးပြတဲ့အတွက် ရောဂါအကုန်စစ်ရပါတယ်။ ၂ဖက်မိဘ မှာရှိသော ရောဂါအမျိုးအစားများ ကိုလည်း ဆရာဝန်ကို ပြောပြရပါတယ်။ Hepatitis B, HIV, သွေးအုပ်စုအမျိုးအစား (B မှန်းသိပေမယ့် - လား + လားဆိုတာ စစ်ရတာပါ), Thalassemia (Thalassemia Minor ပဲဖြစ်ဖြစ်၊ Major ပဲဖြစ်ဖြစ် မိန်းမရှိခဲ့ရင် ယောက်ျားပါစစ်ရပါတယ်။ မိန်းမမှာ မရှိခဲ့ရင် ယောက်ျားစစ်ဖို့ မလိုပါဘူး)။ ကုန်တာက 203.95 ဒါပေမယ့် Government Subsidized ရတဲ့အတွက် အမှန်တကယ် ကုန်ကျစရိတ်က 137.30 ပါ။ ကျွန်မရဲ့ Result က အားလုံး Negative ပါ။

၂။ ၁၃-၈-၂၀၀၉ Down Syndrome ရှိ၊ မရှိ နဲ့ ပထမဆုံးအကြိမ် ကလေးကို Full Screening လုပ်ပါတယ်။ ကိုယ့်ကလေးကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့ပီတိက ဘာနဲ့မှလဲလို့မရပါဘူး။ ဆရာဝန်က မှာလိုက်တာ Phone စောင့်နေပါ။ Phone ခေါ်ရင် မနက်ဖြန်ပြန်လာခဲ့ပါတယ်။ ထပ်ပြီးစစ်ရမယ်တဲ့။ Phone မခေါ်ပါစေနဲ့လို့ပဲ ၁နေ့လုံးဆုတောင်းနေရတာ။ Phone လဲမခေါ်ခဲ့ပါဘူး။ ကုန်ကျစရိတ်က 243.10 ပါ။ အမှန်တကယ် ကုန်တာက 148.00 ပါ။ Down Syndrome လည်း Negative ပါ။ Positive ဖြစ်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်မလည်း မသိဘူးရှင့်။ ရေးလိုက်ရင် မှားနေမှာမို့လို့ မရေးတော့ ဘူးနော်။

၃။ ၁၀-၉-၂၀၀၉ ၃၂ပတ်မတိုင်ခင် ၁လ ၁ကြိမ်ဆေးရုံသွားရပါတယ်။ ဒီ၁ခါတော့ ဆရာဝန်က Pressure တိုင်း၊ ဟိုမေး ဒီမေး ဆိုတော့ ကုန်တာက 28.00 ပဲ။ Government Subsidized မရဘူးဆိုရင်တော့ 52.62 ပေးရလိမ့်မယ်။

၎။ ၈-၁၀-၂၀၀၉ ဆရာဝန်ကို ခေါင်းအရမ်းကိုက်တာ မခံနိုင်အောင်ပဲလို့ အရင်လက လျှာရှည်လိုက်လို့ Neuro ဘက်ကိုသွားဖို့ Reference Letter ပေးလိုက်လို့ သွားပြရသေးတယ်။ ကုန်တာ 31.00 ပါ။ တကယ်တမ်းပေးရမှာက 66.90 ပါ။ ဘာဇြစ်လို့သွားရလဲဆိုတော့ မျိုးရိုးရှိလို့ပြရတာပါ။ အမေက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးခဲ့တယ်ဆိုတာ Record ထဲမှာရှိလို့ပါ။

၅။ ၁၅-၁၀-၂၀၀၉ ကိုယ်ဝန် ၂၂ပတ်မှာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ သိရပါပြီ။ ယောက်ျားလေးပါ။ ကိုယ်ဝန် ၂၂ပတ်ကစပြီး Package ယူလို့ရပါပြီ။ PR ဆိုရင် 450 ပေးရပါတယ်။ နေမကောင်းဖြစ်ရင်၊ အရေးပေါ်လာလို့ ပြန်စစ်ရရင် ဒါတွေ အားလုံး Package ထဲမှာ မပါပါဘူး။ ထပ်ပြီးပိုက်ဆံပေးရမှာပါ။ ဒီ Package ကမမွေးခင် အထိပဲပါ။ တကယ်တမ်း ကုန်တာ 630 ပါ။ Government Subsidized 180 နှုတ်ပြီးပေးရတဲ့စရိတ်က 450 ပါ။

၆။ ၂၄-၁၂-၂၀၀၉ ကိုယ်ဝန် ၃၂ပတ်ကစပြီး ၂ပတ် ၁ကြိမ် ဆရာဝန်နဲ့တွေ့ရပါတယ်။ ကိုယ်ဝန် ၃၂ပတ်မှာ Scan ထပ်ရိုက် ရပါတယ်။ ဒီမှာပြသာနာက အားလုံး Normal ပေမယ့် ရေမြွှာရေနည်းနေတာ နဲ့ ကလေး အနည်းငယ်သေးနေတာပါ။ ဆရာဝန်က အချိန် ၃ပတ်ပေးပါတယ်။ များများစားဖို့လည်း ပြောပါတယ်။ အဲဒီကစပြီး ရေများများ ၁၅မိနစ် ၁ကြိမ်သောက် ပါတယ်။ Package ထဲပါနေတဲ့အတွက် ပိုက်ဆံမပေးရပါဘူး။ ကျွန်မက ကိုယ်ဝန် ၃၂ပတ်ကျော်မှ တအားစားတာ။

၇။ ၁၄-၁-၂၀၁၀ ကိုယ်ဝန် ၃၅ပတ်မှာ Scan ရိုက်ရတော့ အားလုံး Normal ပြန်ဖြစ်သွားပါပြီ။ ကလေးကတော့ နည်းနည်း သေးနေသေးတယ်။ Package ထဲမပါသောကြောင့် ပိုက်ဆံ ထပ်ပေးရပါတယ်။ 58.00 ပါ။ 90-32=58 ကိုယ်ဝန် ၃၆ပတ်က စပြီး ၁ပတ် ၁ကြိမ် ဆရာဝန်နဲ့တွေ့ရပါတယ်။

၈။ ၂၉-၁-၂၀၁၀ ကိုယ်ဝန် ၃၇ပတ်မှာ ဆရာဝန်က ထပ်ပြီး Scan ရိုက်ပါဦးဆိုလို့ နောက်ဆုံးရိုက်ရပါသေးတယ်။ ပြီးတော့ Test ၁ခုလည်းစစ်ရပါသေးတယ်။ ဘာလဲဆိုတော့ မွေးလာရင် ကလေးကျန်းမာရေးကောင်း၊ မကောင်းပါ။ Result က Negative ပါ။ ပေးရတာက 91.00 ပါ။

NUH ကကုန်ကျစရိတ် အားလုံးပေါင်းလိုက်ရင် ကလေးမမွေးခင် ကုန်ကျစရိတ်က 943.30 ပါ။ Government Subsidized ရလို့ ဒီလောက်ပဲ ကုန်တာပါ။ ဒါဆိုရင် ပြည့်စုံပြီလို့ ထင်ပါတယ်။ ကျန်တဲ့ဆေးရုံမှာပေးရတဲ့ ကုန်ကျစရိတ်ကိုတော့ မသိပါဘူး။ ကျွန်မက NUH မှာပဲ အကုန်လုပ်ခဲ့တာဆိုတော့ ကျွန်မသိသလောက် တတ်သလောက် အားလုံးကို ဖြန့်ဝေပါတယ်။

NUH မှာ ကလေးမွေးခဲ့တဲ့ ကုန်ကျစရိတ်နဲ့ ရိုးရိုးမွေးခဲ့တဲ့ ကျွန်မ ကိုယ်တွေ့ကို ဆက်ပြီးတော့ ရေးပြပါ့မယ်။ စောင့်မျှော်ကြပါဦးနော် ...

Wednesday, December 30, 2009

အမဲနှပ်


ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ကိုရောပြီး စက်နှင့်ရောကြိတ်လိုက်ပါတယ်။ အမဲနှပ်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီများများ ထည့်ပါတယ်။ ဆီထည့်ပြီး ကရဝေးရွက်ကိုမွှေးအောင် ထည့်ပါတယ်။ မွှေးလာပြီ ဆိုမှ ကြိတ်ထားသောအရာများ ကိုမီးအေးအေးဖြင့် ဆီသတ်ပါတယ်။ နွမ်းပြီ ဆိုလျင် အရောင်တင်မှုန့်အနည်းငယ် ထည့်ပါတယ်။ ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ထားသော အမဲသားထည့်ပါတယ်။ အမဲသားကို နှုးအိနေတဲ့ အချိန်ထိချက်ပါ။ ဆီပြန်ပြီး အမဲသားနှုးပြီဆိုလျင် ချလို့ရပါပြီ။

Tuesday, December 29, 2009

ဝက်နံရိုးနှင့်ချဉ်ပေါင်ဟင်းဆီပြန်

ဝက်သားကို အချိုချက်လိုက်၊ ဟင်းချက်လိုက် ချက်နေရတာ ရိုးနေလို့ ချဉ်ပေါင်ကြော်တဲ့အတိုင်း အဆန်းထွင်ပြီး ချက်လိုက်တာ။ ချဉ်ပြုံးပြုံး အစပ်ကလေးပါပါတော့ ခံတွင်းတွေ့ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ကိုရောပြီး စက်နှင့်ရောကြိတ်လိုက်ပါတယ်။ ချဉ်ပေါင်ရွက်ကိုလည်း သင်ထားပါတယ်။ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ဆနွင်းဖြင့်ထည့်ပြီး နှံအောင်နှယ်ထားပါ။ ဆီထည့်ပြီး ကြိတ်ထားသောအရာများ ကိုမီးအေးအေးဖြင့် ဆီသတ်ပါတယ်။ နွမ်းပြီဆိုလျင် အရောင်တင်မှုန့် အနည်းငယ်ထည့်ပါတယ်။ ၀က်နံရိုးထည့်ပါတယ်။ ဆီပြန်လာအောင် စောင့်ပြီး နှုးအောင် ရေ၃ရေ ထည့်ပါတယ်။ ငပိစိမ်းစာအနည်းငယ်ထည့်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါတယ်။ ဆီပြန်ခါနီးအချိန်မှ ချဉ်ပေါင်ထည့်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်နှုးပြီဆိုလျင် စားလို့ရပါပြီ။

Monday, December 28, 2009

ဆီချက်ခေါက်ဆွဲ


ဆီချက်ခေါက်ဆွဲ အတွက် ပြင်ဆင်ထားပုံ


ဆီချက်ခေါက်ဆွဲ ပြင်ဆင်ပြီး

Christmas Eve က လုပ်စားဖြစ်တာ။ ပျင်းလို့ အခုမှပဲ တင်ဖြစ်တော့တယ်။ ခေါက်ဆွဲဖတ်က NTUC Fair Price က၀ယ်လာတဲ့ Fortune Teochew Mee Pok Noodles ပါ။ ၁ထုတ်ကို ၄ယောက်လောက် ကောင်းကောင်းစားလို့ ရပါတယ်။ အိုး၁လုံးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူမှ ခေါက်ဆွဲဖတ်ထည့်ပြုတ်ပါ။ အရင်ဆုံး ကြက်သားကို အချိုမှုန့်၊ ဆား ထည့်ပြီး အသားထဲစိမ့်ဝင်အောင်နှယ်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၂မွှာလောက်ကို အခွံနွာ၊ ဓားပြားရိုက် ပြီး ကြက်သားနှင့်အတူ ဆီထွက်တဲ့ အထိနှုးအောင်ပြုတ်ပါတယ်။ ဘဲသားနဲ့လုပ်ရင် အကောင်းဆုံးပေါ့။ ဘဲသားနဲ့လုပ် ရင်ကြာမှာစိုးလို့ ကြက်သားနဲ့ပဲလုပ်လိုက်တာပါ။ ကြက်သားနှုးပြီဆိုလျင် ကြက်သားဖတ်တွေကို ဆယ်ပြီး အအေးခံထားပါ။ ပြီးရင် ကြက်သားကို အသားဖတ်ချည်းပဲနွင်ပြီး ပါးပါးလေးဖြစ်အောင်လှီးပါ။ ကြက်အရိုးကို ကြက်သားပြုတ်ထားသောအိုးထဲ ပြန်ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ထည့်ပါတယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုလည်း ထည့်ပါတယ်။ ဆီချက်ခေါက်ဆွဲအတွက် လိုက်ဖက်တဲ့ အရည်သောက်၁ခွက် ရပါပြီ။ ဆီချက်ခေါက်ဆွဲကို အပေါ်ကနေ ဆီချက်ဖြူးရန်အတွက် ကြက်သွန်ဖြူကို အစိတ်သေးသေးလေးတွေ ဖြစ်အောင်လှီးပြီး မီးအေးအေး ဖြင့်ကြော်ပါ။ ဒီမှာ မကြော်ထားဘူး။ ကျွန်မကြော်ရင် တူးသွားပြီး စားမကောင်းမှာစိုးလို့။

ဆီချက်ခေါက်ဆွဲစားတော့မယ်ဆိုရင် ခေါက်ဆွဲဖတ်၊ နှမ်းဆီမွှေး၊ ပဲငံပြာရည်အကြည်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော်ကို အပေါ်ကနေလှအောင်ဖြူးလိုက်ပါ။

Sunday, December 27, 2009

Singapore မှာ မိဘမေတ္တာတွေ ပျောက်ဆုံးနေပြီလား

ဒီ Post ကိုရေးသင့်၊ မရေးသင့် အချိန်ယူပြီး တော်တော်စဉ်းစားယူရပါတယ်။ ကျွန်မရေးထားတာကိုဖတ်ပြီး ကျွန်မကို တော်တော်အမြင်ကတ်ကြ မှာပါ။ ဒါပေမယ့် မရေးလို့ကလည်း မဖြစ်ပြန်ပါဘူး။

Singapore မှာရှိသော လင်မယားတိုင်း ကိုယ်ဝန်ရှိလာရင် များသောအားဖြင့် စဉ်းစားကြတာကို ပြောချင်တာပါ။ သူများကိုယ်ရေးကိုယ်တာ ကိုလည်း ၀င်ရောက်စွက်ဖက်ခြင်း မဟုတ်ပါဘူး။ သိစေချင်တာလေး ၁ခုထဲပါ။ ဒီအချက်ကလေးကို စဉ်းစားမိရဲ့လားဆိုတာ သိစေချင်တာပါ။

များသောအားဖြင့် ကိုယ်ဝန်ရှိလာပြီဆိုလျင် ၉၅% က ရန်ကုန်ကိုပြန်ပြီး ကလေးပြန်မွေးကြတာများပါတယ်။ ဒီမှာမွေးပြီး ကိုယ်တိုင်ထိန်းတဲ့ မိခင်ဆိုတာ အတော့်ကိုရှားပါးပါတယ်။ ကလေးမွေးပြီးပြီဆိုလျင် ကလေးကို ကလေးထိန်းအပြင် အဖိုး၊ အဖွား၊ ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ပါတယ်။ ကလေးထိန်းနှင့်ထားခဲ့ရပြီဆိုကတည်းက ဘယ်လောက်စိတ်ချရမှာမို့လဲ။ ကျွန်မ မောင်လေးဆို မွေးကတည်းက နာနီ နဲ့ပဲနေခဲ့ရတာ။ အဖွားရှေ့မှာ နာနီကထိန်းပေါ့။ နာနီက ကလေးကိုဆိတ်ဆွဲ၊ ရိုက်နေလည်း အဖွားက မြင်ချင်မှ မြင်တာ၊ အဖိုးကတော့ သူဟာသူအေးဆေး နေတာ။ ကျွန်မဆို ဒီလိုနေရာမျိုးမှာဆိုရင် ကိုယ်ဟာကိုယ်ပဲထိန်းတော့မယ်။ ကိုယ်ကလေးကို သူများက နှိပ်စက်နေတာ မမြင်ရက်ပါဘူး။ ကိုယ်က ယောက်ျားလည်း ယူသေးတယ်။ အသက်ကြီးနေပြီဖြစ်သော ၂ဖက် မိဘတွေကို ကိုယ်ကပြန်ပြီးဒုက္ခပေးသင့်ပါသလား။ သူတို့မှာ ဇရာကထောက်လာသောကြောင့် ကျန်းမာရေးက စကားပြောလာပြီလေ။ ဒီအချိန်မှာ လူမမယ် မွေးကာစ ကလေးလေးကို လက်လွတ်စပယ် အဖိုး၊ အဖွားတွေနဲ့ပစ်ထားပြီး ဒီကိုပြန်လာသင့်ပါသလား။ ဒီကလေးလေးအပေါ်မှာ ထားရှိရမယ့် မိဘမေတ္တာကကော ဘယ်မှာပါလဲ။ ကျွန်မ Blog ၁ခုမှာဖတ်ရပါတယ်။ ကလေးကို အဖိုး၊ အဖွားတွေနဲ့ထားခဲ့ပြီး ရေးထားတာ လွမ်းကြောင်း၁ တဲ့။ ကျွန်မထင်တာ နောက်ဆို လွမ်းကြောင်း ၃၆၅ တောင်ဖြစ်မလားပဲ။ နောက်၁ခုက ကိုယ်က အဖိုး၊ အဖွားတွေနဲ့ ပစ်ထားပြီး ဒီကိုလာပြီး အလုပ်ကိုကောဖြောင့်အောင်လုပ်နိုင်ပါ့မလား။ ပိုက်ဆံတွေရပြီး စိတ်ချမ်းသာမှုကောရပါရဲ့လား။ လူတိုင်း ပိုက်ဆံ လိုချင်လို့ ရန်ကုန်ကနေလာပြီး Singapore မှာ အလုပ်လာလုပ်နေကြတာပဲ။ ၁ချို့တွေကပြောကြတယ်။ ဆင်ခြေပေါ့လေ။ ဒီလောက် မွေးကာစ ကလေးလေးကို ဘယ်လိုထိန်းတတ်မှာလဲ။ အဖိုး၊ အဖွားတွေ ထိန်းတော့ပိုကောင်းတာပေါ့တဲ့။ ကောင်းရော။ ဒါလား မိဘမေတ္တာ။ ကိုယ့်ကလေးကြီးလာတဲ့အချိန်ကျွန်တော်၊ ကျွန်မကိုဘယ်လိုထိန်းခဲ့သလဲ၊ ဘယ်လိုပူပန်ခဲ့သလဲလို့ ပြန်မေးတတ်တဲ့ အချိန်ရောက်ရင် ဘယ်လိုပြန်ဖြေကြမလဲ။ ဖြေကော ဖြေတတ်ကြရဲ့လား။

ကျွန်မဒီ Post ကိုဖတ်တဲ့သူတိုင်းမေးလာကြရင် ကျွန်မမှာ အကောင်းဆုံးအဖြေရှိပြီသားပါ။ ကျွန်မ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့ကလေးကို ကိုယ်တိုင်ပဲထိန်းမှာပါ။ ဘယ်သူမှလည်း လာမထိန်းပေးပါဘူး။ ကျွန်မ မွေးကင်းစကလေးကို ထိန်းလည်းမထိန်းတတ်ပါဘူး။ ငယ်ငယ်ကဆို မွေးကာစ ကလေးကိုချီရမှာ အရမ်းကြောက်တာ။ ချီတောင်မချီရဲဘူး။ အခု မမွေးခင်အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ရန်ကုန်ပြန်တဲ့အချိန်က ၀ယ်လာတဲ့စာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်ရတယ်။ Website တွေမှာရှာပြီး ဖတ်ရတယ်။ မွေးပြီးတဲ့သူတွေကို ပြန်ပြီးမေးရတယ်။ ကလေးအတွက်လိုမယ့်အရာတွေကို ခုချိန်ကတည်းက စုဆောင်းရတယ်။ မွေးပြီးရင်တောင် ဘယ်လိုထိန်းရပါ့မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။

ကျွန်မ Singapore မှာအများတကာ လုပ်သလိုလုပ်ဖို့ အချိန်ယူပြီး တော်တော်စဉ်းစားပါသေးတယ်။ ကျွန်မ အဖေက ၆၃နှစ်၊ ယောက်ခမက ၇၀ကျော်၊ သူတို့ဆီမှာ ကလေးကိုပစ်ထားပြီး ဒီကိုအလုပ်ပြန်လုပ်မယ်ဆိုရင် ကျွန်မတို့လောက် မွေးရကျိုးနပ်တဲ့ သား၊ သမီးတွေဖြစ်လာပါ့မလား၊ ဒါမှမဟုတ် ကိုယ့်ကလေးကို နွေးထွေးမှု မပေးနိုင်တဲ့၊ မိခင်စိတ်၊ ဖခင်စိတ်ကင်းမဲ့နေကြပြီလားဆိုတာပါပဲ။ သူများတွေသုံးသလို၊ ရှာသလို ကျွန်မလည်း Full-Time အလုပ်လုပ်ပြီး သုံးချင်တာပေါ့။ အခုချိန်မှာ ငွေမျက်နှာနောက်ကိုလိုက်နေလို့ မဖြစ်သေးပါဘူး။ကျွန်မရဲ့ စိတ်ကိုက လက်မခံနိုင်တာ။ ကျွန်မအမေဆို ကျွန်မ၃နှစ်အထိ ကိုယ်တိုင်ထိန်းခဲ့တာ။ ၃နှစ်ပြည့်တော့မှ အလုပ်ပြန် စလုပ်တာ။ မနက်ဆို အဖိုး၊ အဖွားတွေဆီမှာ ထားခဲ့ပြီး ညနေ အလုပ်ကပြန်လာမှ ပြန်လာခေါ်တာ။ ကျွန်မကလေးကို Day Care Centre လည်းပို့ဖို့စိတ်မကူးပါဘူး။ ကလေး ၁နှစ်ပြည့်မှ အလုပ်ပြန်လုပ်မှာပါ။ မလုပ်လို့ကလည်းမဖြစ်ပြန်ပါဘူး။ PR ဖြစ်ကတည်းက အခုအချိန်ထိ CPF ၁ပြားမှမရှိသေးပါဘူး။ အဲဒီအချိန်မရောက်ခင် ရှေ့ဆက်ဘာလုပ်သင့်သလဲ ဆိုတာ ကလေး၆လ ပြည့်မှပဲ ဆုံးဖြတ်တော့မယ်။ ရန်ကုန်ကိုပြန်ပို့ဖို့ဆိုတဲ့ စိတ်ကူးကိုဆုံးဖြတ်ချက်ချမယ့်အထဲမှာ မပါပါဘူး။

Singapore မှာ ၁ချိန်မှာ မိခင်ဖြစ်လာမည့်သူတွေ၊ ဖခင်ဖြစ်လာမည့်သူတွေ မိဘမေတ္တာကို ကိုယ်မွေးလာမယ့် သား၊ သမီးအပေါ်မှာ အကောင်းဆုံး နွေးထွေးမှုများကို ကိုယ်ထိလက်ရောက်ပေးနိုင်ကြပါစေ။ ကိုယ်မွေးလာမည့်သား၊ သမီး အပေါ် ပိုက်ဆံတွေပို့ပေးနေယုံမျှဖြင့် ဒါကို မိဘမေတ္တာလို့ မခေါ်သင့်ပါဘူး။ အပေါ်ယံငွေကြေးပစ္စည်းထက် နွေးထွေးတဲ့ မိဘရဲ့မေတ္တာအရိပ် ဘယ်ဟာက ပိုမြတ်ပါသလဲရှင် .....

Saturday, December 12, 2009

ငါးခူ ငါးဆုတ် ဆီပြန်ဟင်း


ငါးခူအကြီးကြီး၁ကောင်ကို ခေါင်းမပါ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် နှယ်ပြီးပြုတ်ပါ။ (စပါးလင်ကိုထည့်ပြုတ်လို့လည်းရပါတယ်)။ ငါးခူနှုးပြီဆိုလျင် အသားချည်းပဲနွင်ပြီး ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းပါ။ ဒါအပြင် ဆား၊ အချိုမှုန့်ပါထည့်ပြီး ရောနှယ်လိုက်ပါ။ လက်ဖြင့်အနေတော် အရွယ်လုံးပါ။ ဆီထည့်ပြီး ငါးခူလုံးများကို ကြော်ပါ။ ငါးခူပြုတ်ရည်နှင့်ငါးခူရိုးကို ချဉ်ရည်ဟင်းထဲလောင်းထည့်လိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုလျင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်ကို ညက်နေအောင်ထောင်းပြီး ဆီသတ်ပါ။ ဆီသတ်ထားတာ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး ၁လုံးကို ပါးပါးလှီးထားတာ ထည့်ပါတယ်။ ခရမ်းချဉ်သီးနွမ်းလာပြီဆိုလျင် ကြော်ထားသောငါးခူလုံးများကို ထည့်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါတယ်။ ချခါနီးမှ မွေးအောင် နံနံပင်လေး အုပ်လိုက်ပါတယ်။

ဒန့်သလွန်ု ငါးခူခေါင်း ချဉ်ရည်ဟင်းချို


ဒီနေ့ချက်တာ ငါးခူ ငါးဆုတ် ဆီပြန်ဟင်း နှင့် ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချိုပါ။ အရင်ဆုံး ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချို ဘယ်လို ချက်လဲဆိုတာ ပြောပြပါ့မယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်အပွခြောက်ကိုညက်နေအောင်ထောင်းပါ။ ဆီထည့်ပြီး ပျဉ်တော်သိမ်ရွက်ကို ဆီသတ်ပါတယ်။ ထောင်းထားသောအရာများကိုထည့်ပါတယ်။ နွမ်းသွားပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခူခေါင်း ကိုထည့် ပါတယ်။ ငါးငြီနံပျောက်ပြီဆိုမှ လှီးထားသောဒန့်သလွန်ကိုထည့်ပါတယ်။ (ဒန့်သလွန်တောင့်ကို ဓားဖြင့်ခြစ်ပါတယ်)။ ငါးခူပြုတ်ထားသော အရည်ကိုထည့်ပါတယ်။ ငါးခူနွင်ပြီးသား ငါးခူရိုးကိုပါ ထည့်ပါတယ်။ ပိုပြီးချိုအောင်လို့ပါ။ ငပိစိမ်းစားအနည်းငယ်၊ မန်ကျည်းမှည့်ကို အရည်ဖျော်ပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်နှုးပြီဆိုလျင် ချလို့ရပါပြီ။

Wednesday, December 9, 2009

သရဏံဂုံတည်ခြင်း အကျိုးကျေးဇူး

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ

ကျွန်မရွတ်ခဲ့တာသိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက ရွတ်ခဲ့တာ။ ကျွန်မနဲ့သိတဲ့သူတိုင်းကို ဓမ္မလက်ဆောင်ပေးဝေခဲ့ပါ တယ်။ ဒါပေမယ့် ဘယ်သူမှ ယနေ့အချိန်ထိ မရွတ်ခဲ့ကြပါဘူး။ များသောအားဖြင့် ကျွန်မနဲ့သိတဲ့ပတ်ဝန်းကျင်မှာ ၉န၀င်းရွတ်ကြတာ များပါတယ်။

ကျွန်မဒီလက်ဆောင်ကို အဒေါ်ဝမ်းကွဲရဲ့ယောက်ျားဆီက ရခဲ့တာပါ။ သူနဲ့တွေ့တော့ ဘုရား တရားကော လုပ်ဖြစ်ရဲ့လားလို့ မေးပါတယ်။ ကျွန်မက လုပ်ဖြစ်ပါတယ်။ ၉န၀င်းအဓိဌာန်ပုတီးစိပ်ဖြစ်ပါတယ်ဆိုတော့ သူကဘုရားရှစ်ခိုးတယ်ဆိုတာ ကိုယ်လိုချင်တာကို ဆုတောင်းပြီးမလုပ်ရဘူး။ သမီးဒါလေး ရွတ်ကြည့်ပါလား။ သမီးအနေနဲ့ရွတ်ရတာလည်း လွယ်တယ်။ ၁မိနစ်တောင်မကြာပါဘူး၊ အချိန်တိုင်းရွတ်ပါတဲ့။ ဒါပဲပြောသွားတာ။ သူက စီးပွားရေးလုပ်ငန်းရှင် တရုတ်လူမျိုးပါ။ အခုချိန်မှာ သိန်းပေါင်းထောင်ချီပြီးချမ်းသာပေမယ့် ကြွားကြွားဝါ၀ါမရှိ။ နေတာက သာမန်လူတန်းစားလိုပဲ နေပါတယ်။

ကျွန်မလည်းသူနဲ့ဆုံပြီး ၁လလောက်နေမှ စရွတ်ဖြစ်တယ်။ ကျွန်မ ခေါင်းထဲမှာ မနက်ဖြန်စရွတ်မယ်ဆိုပြီး နောက်နေ့ည အိပ်ခါနီးမှ သတိရတယ်။ ဒီလိုနဲ့ပဲ ၂ပတ်လောက်ကြာတယ်။ မနက်မိုးလင်းအိပ်ရာထချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ အချိန်တိုင်းရွတ်ရတာ။

မနက်အိပ်ရာထချိန်၊ မျက်နှာမသစ်ခင်၊ မျက်နှာသစ်နေစဉ်၊ မျက်နှာသစ်ပြီး၊ ခေါင်းမဖြီးခင်၊ ခေါင်းဖြီးနေစဉ်၊ သနပ်ခါးမလိမ်းခင်၊ သနပ်ခါး လိမ်းနေစဉ်၊ သနပ်ခါးလိမ်းပြီးစဉ်၊ အက်ျီမလဲခင်၊ လဲနေစဉ်၊ ထမင်းမစားခင်၊ ထမင်းစားနေစဉ်၊ ထမင်းစားပြီး အစရှိသဖြင့် ယုတ်စွအဆုံး အိမ်သာတက် တာကအစ ရွတ်ရပါတယ်။ အဲဒီလိုအချိန်ပြည့် ထိထိမိမိရွတ်နိုင်အောင် အချိန်အတော်ကြာအောင်လေ့ကျင့်ယူရပါတယ်။ အနည်းဆုံး၁လ ကျော်ကြာပါတယ်။ လိုချင်တဲ့ ဆုတောင်း၁ခုမှ မပါရပါဘူး။ သရဏဂုံရွတ်ရခြင်းအကျိုးကျေးဇူးကတော့ မြတ်စွာဘုရားကို ကိုယ်လုပ်တဲ့အလုပ်တိုင်း ကို မလုပ်ခင်မှာ သတိရလိုက်ခြင်းပါ။ ရွတ်ကြည့်ပါ။ အရမ်းထူးခြားပါတယ်။ ရွတ်ခဲ့တဲ့ အကြိမ်စိတ်လာခဲ့လို့ရှိရင် ပထမဦးစွာ ကံဆိုးတာတွေကို ရင်ဆိုင်ရပါမယ်။ ပြီးရင် ကံကောင်းတာများ ဘယ်သူမှတောင်လိုက်မမှီပါဘူးရှင်။ ပြီးတော့ ကိုယ်ဆီကိုကောင်းတာတွေ ရောက်လာမယ်ဆိုရင် ကိုယ်ရဲ့စိတ်က အလိုလိုပျော်ရွှင်နေပါတယ်။ ၁ရက်၊ ၂ရက်နေရင် သတင်းကောင်းကြားရတော့တာပါပဲ။ မကောင်းတဲ့သတင်းကြားရမယ်ဆိုရင် ကျွန်မရဲ့စိတ်က အလိုလို မကြည်တော့ပဲ စိတ်ထဲမှာလေးနေသလို ခံစားရပါတယ်။ ကျွန်မရွတ်လာတာ ၂နှစ်နီးပါးပါ။ ဒီ Singapore ရောက်ပြီးမှပဲ ပျက်သွားတာ။ အခုပြန်ရွတ်နေပါတယ်။ ဒါပေမယ့် အချိန်ပြည့်ရွတ်နိုင်အောင်ကြိုးစားနေဆဲပါ။

သူငယ်ချင်းတို့လည်း ရွတ်ကြည့်ကြပါ။ ကျွန်မရဲ့ ဓမ္မလက်ဆောင်ပေါ့နော် ...

Tuesday, December 8, 2009

ဘ၀လမ်းစဉ်

Facebook မှာပုံတွေကြည့်ရင်းနဲ့ ကြိုက်လွန်းလို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။
  • မမေ့မလျော့စဉ်းစားပါ။
  • သိအောင်ကြိုးစားပါ။
  • ကိုယ်မပျက်ပါစေနှင့်။
  • သူတစ်ပါးစိတ်မဆင်းရဲပါစေနှင့်။
  • မိဘကိုစားနိုင်တဲ့အခါကျွေးပါ၊ သေမှမငိုပါနှင့်။
  • သူများအပြစ်ကို မပြောနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
  • ဗြဟစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
  • အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
  • ကြီးသူကိုရိုသေပါ၊ ရွယ်သူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
  • မစူးစမ်းမဆင်ခြင်ပဲ မပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
  • နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
  • မျှမျှတတပြောဆိုပါ။
  • နေ့စဉ်စစ်ဆေးမှကြီးပွားနိုင်သည်။
  • မကောင်းတဲ့အကုသိုလ်စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
  • သူများကြီးပွားချမ်းသာတာကို မနာလို၊ မရှူစိမ့် မရှိပါစေနှင့်။
  • နေရာတိုင်းမှာ ကိုယ်ချင်းစာတရားများများထားပါ၊
  • မိမိကိုယ်ကိုဆုံးမခြင်းကသာ၍ ကောင်းသည်။
  • မာနကို နှိမ်ချ၊ လူ၏တန်ဖိုးကိုမြှင့်တင်ပါ၊ တာဝန်ကို ကျေပွန်ပါ။
  • အရာရာမှာ စေတနာ၊ တာဝန်နဲ့စိတ်ကောင်း၁ခုထားပါ။
  • မွန်မြတ်သော ၀ိပသာနာတရား အားထုတ်ဖြစ်အောင်ကြိုးစားပါ။

Thursday, December 3, 2009

Tom Yum Paste နဲ့ချက်တဲ့ ဟင်းချို


ဒီနေ့ညနေချက်တဲ့ ဟင်းချိုပါ။ Fair Price တံဆိပ် Tom Yum Paste နဲ့ချက်ထားတာပါ။ ဒီနေ့ စားမကောင်းလို့ နေ့လည်စာကို အပြင်မှာ ၀ယ်စားဖြစ်တယ်။ ကိုယ်ဟာကိုယ်ချက်ပြီး စားမကောင်းတာ။ ကိုယ်ချက်တဲ့ဟင်းဆို စားချင်စိတ်မရှိဘူးဖြစ်နေတယ်။

ရန်ကုန်သွားလည်တုန်းက ဘာစားကောင်းသလဲမမေးနဲ့။ တစ်ညနေထဲစားတာတွေအများကြီးပဲ။ အခုတော့ စားချင်ပေမယ့်လည်း ကြက်၊ ၀က်၊ ပုဇွန် နှင့် ပြည်ကြီးငါးဘ၀ထဲမှာ Life Cycle လိုပဲကျင်လည်နေရတယ်။

ကျွန်မချက်ထား ဘယ်လောက်မှမကြာဘူး။ ချက်မယ့်အိုးထဲကို စပါးလင်၊ ကြက်သွန်နီပါးပါးလှီးထားတာ၊ Tom Yum Paste ဟင်းခတ်ဇွန်း ၁ဇွန်း၊ ကြက်ရိုး၊ ပြည်ကြီးငါး၊ ပုဇွန်၊ မှို၊ ပန်းဂေါ်ဖီ၊ ပဲပြား၊ ခရမ်းချဉ်သီး ၄စိပ်စိပ်ထားတာ၊ ငရုတ်သီးစိမ်းတောင့်ကိုခြမ်းပြီးထည့်ထားတာ၊ အချိုမှုန့်၊ ဆား၊ ချခါနီး အချိန်ကျမှ နံနံပင်လေးအုပ်လိုက်နော်။

အခုချိန်ထိတော့ မစားရသေးဘူး။ လာစားလို့ရတယ်နော် ......

Wednesday, December 2, 2009

နောင်တမျှော်လင့်

အိမ်ထောင် ၁ခုမှာ သား၊ သမီးဆိုတာ ရတနာ ၁ပါးပါ။ ကလေးသံယောဇဉ်ကြောင့် အိမ်ထောင်ကို ပိုပြီးပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ အိမ်ထောင်ကို ပိုပြီးခိုင်မြဲစေနိုင်တယ်။ ကျွန်မချစ်သောသူများ နောင်မှတရသော နောင်တ မျိုး မဖြစ်ရလေအောင် ဒီနေရာကနေ ရေးသားလိုက်ရပါတယ်။

အိမ်ထောင်ပြုပြီးတဲ့သူတိုင်း များသောအားဖြင့် ကလေး ချက်ချင်းမယူကြသေးပါဘူး။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ ကလေးဆိုတာကိုယ်လိုချင်တဲ့ အချိန်မှာ ရနိုင်၊ မရနိုင်ဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ကလေး ဆိုတာ မိဘနဲ့ကံပါမှလည်းရတာပါ။ ကျွန်မဆို November မှာ အိမ်ထောင်ကျပြီး June မှ ကလေးရတာပါ။ ယူပြီးကတည်းက ကလေးဆိုတာ ချက်ချင်းလိုချင်ခဲ့တာပါ။ အဲဒီအချိန် အလုပ်ကလည်း Under Pressure and Stress အောက်မှာ အလုပ်လုပ်နေရတဲ့ အချိန်လည်းပါမှာပေါ့လေ။ အဖေကလည်းပြောပါတယ်။ ကံပါမှရမှာပေါ့တဲ့။ ကိုယ်ဝန်ရှိနေလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ အလုပ်လုပ်ချင်စိတ် မရှိတော့ပါဘူး။

ကျွန်မအလုပ်က In-charge ၈ခုကို ၁ယောက်ထဲ Handle လုပ်နေရတာလေ။ EIS Australian International School မှာလုပ်နေရတော့ ကိုယ်လုပ်တဲ့နေရာမှာ ထိုင်ရတဲ့အချိန်က ၁နေ့ကို ၁၅ မိနစ်တောင် မရှိခဲ့ပါဘူး။ မနက် ၇:၄၅ ဆိုရုံးရောက်ပြီ။ ကျွန်မအလုပ်ချိန်က ၈ - ၆ပါ။ ၁၀ နာရီလုပ်ရတာ။ လုပ်ခဲ့တဲ့ ၁နှစ်တာကာလအတွင်း Late Record စာရင်းထဲမပါခဲ့ပါဘူး။ အဲဒီအလုပ်သာ ဆက်လုပ်နေမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျမှာ အမှန်ပါပဲ။

ကလေးယူဖို့အတွက် ပိုက်ဆံစုနေကြသူတွေ ဒါမှမဟုတ် HDB/Condo ၀ယ်ပြီးမှ ယူမယ့်သူများ အားလုံး ဒါတွေဟာ ဘ၀မှာ အရေးကြီးတဲ့ အထဲမှာ မပါဝင်ပါဘူး။ ဒါတွေဟာ Singapore မှာ အိမ်ထောင်ရှင်တိုင်း စဉ်းစားကြလေ့ရှိတဲ့ အချက်တွေပါ။ ကလေးရဲ့ ကံပါရင် ရှာစရာတောင် မလိုပါဘူး။ အလိုလိုဖြစ်လာမှပါ။ ပိုက်ဆံဆိုတာ ပင်စင်မယူခင် အချိန်ထိရှာလို့ရပါတယ်။ ကျွန်မရှေ့မှာ သာဓကတွေအများကြီးကို လက်တွေ့မြင်ခဲ့ ရတော့ ကျွန်မ အိမ်ထောင်ကျတဲ့အချိန် ကလေးမရမှာ အရမ်းကြောက်ပါတယ်။ ဥပမာတွေကတော့ - ကိုယ်တကယ်ယူတဲ့အချိန်မှာ ကလေးလုံးဝမရတော့ပါဘူး။ ဆေးပညာစာအုပ်တွေကိုလည်း အခုအချိန်မှာ ဗဟုသုတ ရအောင်ဖတ်သင့်ပါတယ်။

ကျွန်မက အမှန်ကို တည့်တိုးမြင်အောင် ပြောတတ်တဲ့သူမျိုးဆိုတော့ မုန်းချင်မုန်းကြလိမ့်မယ်။ ကျွန်မကို အခုချိန်မှာ မုန်းလည်း ဂရုမစိုက်ပါ။ ၁နေ့နေ့ ၁ချိန်ချိန်မှာ ကျွန်မရဲ့ စေတနာ နဲ့ အမှန်တရား ကိုမြင်လာပြီဆိုရင် ကျွန်မကျေနပ်နေမှာပါ။

ကျွန်မချစ်သောသူများ နောင်တမျှော်လင့်မှုများဖြစ်မလာကြပါစေနဲ့လို့ ဒီနေရာကနေရေးသားရင်း -----

Tuesday, December 1, 2009

Happy Birthday & Happy Sweet December

ဒီနေ့ ကျွန်မရဲ့ မွေးနေ့မှာ လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။

ကျွန်မ အကြိုက်ဆုံး Mickey-Mouse & Minnie-Mouse ပုံလေးကို ပေးထားတယ်နော်။ အခုတော့Mickey-Mouse & Minnie-Mouse ပဲနော်။ နောက်ဆိုရင် Baby Mickey လေးပါ ပါတော့မှာ ...


Source : Google ကနေရှာပြီး ကူးထားတာ။

Monday, November 30, 2009

ရန်ကုန်ပြန် အတွေ့အကြုံ

Blog ကိုပစ်ထားတာ အတော်ုကာနေပြီ။ ရန်ကုန်ပြန် အတွေ့အကြုံလေးတွေ၊ ကိုယ်ချင်းစာမှုမရှိသောသူများကို သိစေချင်လို့ အားလုံးကိုမျှဝေလိုက် ပါတယ်။

ကျွန်မ ရန်ကုန်ပြန်တဲ့အချိန် ကိုယ်ဝန် 22 weeks ပါ။ အဖေက NUH ရဲ့ Recommend Letter ယူလာခဲ့ဆိုလို့ လေယာဉ်စီးလို့ရအောင် တောင်းလာခဲ့ပါတယ်။ Just in case ပါ။ ၁ယောက်ကိုမှ Silk Air က ကီလို ၃၀ ပဲရတာ။ ဗိုက်နဲ့ ၁ယောက်ထဲပြန်ရတော့ ပါဆယ်ရန်ေုကာက်လို့ ဘယ်သူမှမသိကြပါဘူး။ အရမ်းခင်တဲ့သူတွေပဲသိကြတာပါ။ စိတ်ဆိုးတဲ့သူတောင်ရှိသေး။ ကိုယ်လိုဖြစ်လာတဲ့အချိန်မှ ကိုယ်ချင်းစာလာ မှာပါ။ ဒီကနေသယ်သွားတာအားလုံး 30 KG ပါ။ Silk Air က Immigration ကိုမျက်နှာချိုသွေးပြီး Business Class အနောက်က Seat ကို Request လုပ်ပါတယ်။ အသွားကော၊ အပြန်ကော Economy Class ရဲ့ ရှေ့ဆုံး ထိပ်ထောင့်ကိုရပါတယ်။ ရန်ကုန်ရောက်တော့ Immigration နဲ့ အရင်ဆုံးတွေ့ရပါတယ်။ လိုအပ်တဲ့စာရွက် စာတမ်းတွေကို အဆင်သင့်လုပ်ထားပြီး မှီခိုဖြင့်ပြန်လာသူ များနေရာမှာ တန်းစီပါတယ်။ ကျွန်မအလှည့် ရောက်တော့ လိုအပ်တဲ့စာရွက်စာတမ်း အကုန်ပေးလိုက် ပါတယ်။ အကုန်ပြီးသွားတော့ ကျွန်မကို အကုန် ပြန်ပေးပါ တယ်။ ပြီးတော့ပြောလိုက်ပါ သေးတယ်။ လက်ဆောင်လေးများပါရင် ပေးခဲ့ပါဦးတဲ့။ တောင်းတာ ပေါ်တင်ကြီးနော်။ ကျွန်မရဲ့ စိတ်က အဲဒီလိုလူမျိုးဆို တအားအမြင်ကတ်တာ။ ပြီးပြီလားလို့ ၁ခွန်းမေးပြီး လှည့်ထွက်လာခဲ့တာပါပဲ။ စိတ်ထဲမှာတော့ ပြန်ရင်ဘာမှမပြည့်စုံ ရင်ပြသာနာပဲဆိုပြီး တွေးမိပါသေးတယ်။

ရန်ကုန်မှာ စားချင်တာတွေစားခဲ့တာ။ ကိုယ်အလေးချိန်တောင် တော်တော်တက်လာတာ။ ကျွန်မ ကိုယ်အလေးချိန် ဗိုက်မကြီးခင် ပေါင် ၉၀ တောင်မရှိ ဘူး။ ကျွန်မ ထမီဝတ်ရင် ၃တောင်မိုက်လျောပဲ ၀တ်တာ။ ရီစရာက စွတ်လို့ပဲ ရတယ်။ ကြည့်မကောင်းဘူး။ ၄တောင်မိုက်လျော့ကလည်း ၁ထည်မှမရှိဘူး ကျွန်မ ရွှေတိဂုံဘုရား မသွားခင် အရင်ဆုံးဝတ်ကြည့်လိုက်ပါသေးတယ်။ ရွှေတိဂုံဘုရားမှာLift က မီးမလာလို့ခြေကျင် တက်လာခဲ့ရပါသေးတယ်။ စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးပြီးလှည့်ထွက်လာတော့ တာဝန်လို့ လက်မောင်းမှာပတ်ထားတဲ့ မိန်းမကြီး၁ယောက်က ၀တ်ထားတာ အရမ်းတိုတယ်နော်တဲ့။ သြော်... ပြသာနာပဲ။ အရှည်က ခြေမျက်စိ နဲ့ဒူးခေါင်းကြားရှိပါတယ်။ ထမီတော့ မဟုတ်ဘူးပေါ့။ ကျွန်မဗိုက်ကြီးသည်လေ ဗိုက်ဖုံးဂါဝန်ပဲဝတ်လို့ ရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ လာပြောတဲ့သူဝတ်ထားတာ ကျွန်မ ထက်တောင်တိုသေးတယ်။ ဒါပေမယ့် ထမီပါ။ ကျွန်မဒီကနေပြောချင်တာက သူများကိုလက်ညိုးမထိုးခင် ကိုယ်ကိုကိုယ်အရင်ဆုံးပြန်ကြည့်သင့်ပါတယ်။ ဖြစ်သင့်တာက ကိုယ်ဝတ်ထားတာ ခြေမျက်စိထိဖုံးနေပြီး အများကိုပြန်ပြောတဲ့အခါမှလည်း အများကလည်းကိုယ့်ကိုလေးစားမှာပေါ့။ ကိုယ်ပြောတဲ့စကားကိုလည်း လိုက်နာမှာပေါ့။ အခုတော့ .... ကျွန်မမှာဘုရားဖူးပြီး ပြန်ထွက်လာတဲ့ ကြည်နူးစိတ်လေးတောင် ပျောက်ဆုံးသွားတယ်။

ကိုယ်တိုင် ပြန်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့အရာကို စိတ်ကြိုက်သယ်လို့ရတယ်လေ။ Luggage အကြီး ၁အိတ်၊ စားစရာပုံး ၁ပုံး၊ Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး အားလုံး ၆မျိုး တောင်နော်။ အဲဒါသာကြည့်တော့ ဗိုက်ကြီးသည် သယ်လာရတာ ၆အိတ်တောင်။ 35 KG ကျော်တယ်။ အဲဒီတော့ Luggage အကြီး ၁အိတ် နှင့် စားစရာပုံး ၁ပုံး ကိုပဲအပ်လိုက် တော့တယ်။ ကိုယ်ဟာကိုယ် အပင်ပန်း ခံပြီး Hand Carry ပဲ လုပ်လိုက်တော့တယ်။ တော်ကြာ အဖေပိုက်ဆံထပ်ကုန်နေဦးမယ်။ စိတ်လည်းတော်တော် ညစ်တယ်။ ပြန်ခါနီး Immigration ကရစ်လိုက်သေးတယ်။ Immigration မ၀င်ခင် ဗိုက်ကြီးနေပါတယ်ဆိုမှကျွန်မကို Scan ဖတ်လိုက်သေးတယ်။ သြော် ... မပြန်ခင်တော်တော်နှိပ်စက်တာပဲနော်။ ဗိုက်ကြီးနဲ့မို့လို့လေယာဉ်ပေါ်တက်ခွင့်မပေးနိုင်ဘူးတဲ့။ NUH ကစာကိုပြလိုက်မှ အဆင်ပြေသွားတော့တယ်။ လေယာဉ် မတက်ခင်မှာ Scan ဖတ်မယ် အလုပ်မှာ ဗိုက်နဲ့ဆိုတာသိသွားတော့ Scan ဖတ်ရခြင်းမှ ကင်းဝေးသွားပါတယ်။ တော်ပါသေးရဲ့။ ပြီးပြီ အောင်းမေ့တာ မပြီးသေးဘူးရှင်။ လေယာဉ်အ၀င်မှာ ဗိုက်နဲ့မို့လို့ လေယာဉ် ပေါ်တက်လို့မရဘူးတဲ့။ လက်မှတ်ထိုးပြီးပြီလားတဲ့။ ဘာလက်မှတ်မှ ကျွန်မ မထိုးရသေးပါ။ ကျွန်မလည်း ပြီးပြီရောဆိုပြီး ထိုးပြီးပြီလို့ပြောလိုက်တယ်။ သြော် ... စိတ်ညစ်စရာကောင်းလောက်အောင် တော်တော်ရစ်ကြတာပဲ။

Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး ကိုအနောက်ကလူကို အကူအညီ တောင်းပြီး အပေါ်ကို တင်ခိုင်းလိုက်ပါတယ်။ ကူတင်ပေးလို့တော်သေးတယ်။ လေယာဉ်အဆင်းမှာ အန်လိုက်သေးတယ်။ ဘေးနားက Singaporean အဘွားကြီး ၁ယောက် လေယာဉ်မယ်ကို ခေါ်ပေးတယ်။ လေယာဉ်က အမြင့်ကြီးကနေ အောက်ကိုဆင်းတဲ့အခါ ဖြည်းဖြည်းဆင်းရမယ့် ဟာကို တအားနိမ့်ဆင်းလိုက်တော့ ကျွန်မလည်းအန်တော့တာပဲ။ Right time 2:45 PM မှ ဆင်းရမှာ 2:20 PM လေယာဉ်ဆိုက်တယ်။ ကျွန်မလည်း နောက်ကလူကို အိတ်ချပေးဖို့ အကူအညီတောင်းရတယ်။ ချပေးပါတယ်။ အဲဒီမှာ ပြသာနာစတာပဲ။ ပါဆယ်ထည့်လာတဲ့အိတ် နှင့် Computer Bag ညှိပြီးတော်တော် အချိန်ကြာသွားတယ်။ အဲဒီအချိန် ကျွန်မကို နာမည်ကြီး Model ၁ယောက် မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။ သူက ကျွန်မ အနောက်ကလေ။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး မ နိုင်မှာလဲ။ မ မနိုင်ဘူးလေ။ မကူညီတဲ့အပြင် အဲဒီလိုပြန်ကြည့်တော့ ကျွန်မလည်း စိတ်ဆိုးလွန်းလို့ ပြန်ပြီး မျက်ထောက်နီ နဲ့ဘုကြည့် ကြည့်ပေးလိုက်ပါတယ်။ သြော် ... ပြသာနာ

ကျွန်မရဲ့အိတ်တွေကလည်း အစောကြီးထွက်လာတယ်။ အိတ်ချဖို့အကူအညီတောင်းတော့ မကူညီနိုင်ဘူးတဲ့။ အဲဒီတော့ Trolley ကို ဘေးနားကပ်ပြီး အိတ်တွေကိုဆွဲချရတော့တယ်။ အိတ်ပျက်သွားတာက အရေးမကြီးဘူး။ ဗိုက်ထဲက ကလေးဘာမှမဖြစ်တာပဲတော်သေးတယ်။ ကျွန်မ ကလေးကလည်း တော်တော်သန်ပါတယ်။ အမေက အကြမ်းပတမ်း ဘယ်လောက်လုပ်လုပ် ယနေ့အချိန်ထိ ဘာမှမဖြစ်သေးပါ။

ဒီကြားထဲကိုယ့်ဟာကိုယ်သယ်လာတာ ပြောတဲ့သူရှိသေးတယ်။ ဘာလို့စာအုပ်တွေအလေးခံပြီးသယ်လာတာလဲ။ ဒါကြောင့်လေးနေတာတဲ့။ ကိုယ်ပြန်တဲ့အချိန်မှသယ်ရတာလေ။ ကျွန်မက စာဖတ်အရမ်းပါသာနာပါတာ။ ဒီမှာဝယ်လို့မရတဲ့ စာအုပ်တွေသယ်လာတာပါ။ လူတွေရဲ့ပါးစပ်က သူများ Private ကိုတော်တော်စပ်စုချင်ကြတာပဲ။ အတင်းတော်တော်ပြောချင်ကြတာပဲ။ ကိုယ်ထမင်းကိုယ်စား နေတာ ကျေးဇူးပြုပြီး ပါးစပ်ပေါက်လေးတွေ ပိတ်ပေးကြပါ။ Plsssssss ....

သြော် ... ပြောဖို့မေ့နေတာ။ ကျွန်မကလေးက ယောက်ျားလေးပါ။ အိမ်နာမည်က MICKEY ပါ။

ရန်ကုန်ပြန်တော့ ဘာအလုပ်မှ လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေး စားချင်တာတွေကို ထိုင်စားနေယုံပဲ။ အဖေကတော့ Singapore ကိုမပြန်ခင် ပြောလိုက်ပါသေးတယ်။ ကိုယ့်အားကိုယ်ကိုရတော့မယ်တဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ Blog လေးကိုရောပေါ့။ ကျွန်မရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရလို့လေ ....

Saturday, September 5, 2009

Singapore မှာဘာကြောင့်မွေးလဲဆိုတာ

ကျွန်မ ကိုယ်ဝန် ၃လကျော်လို့ ၄လထဲမှာပါ။ ဒီမှာ မွေးကြရာမှာ ၂မျိုး ၂စားရှိပါတယ်။ ၁ချို့တွေက ရန်ကုန်ပြန်ပြီး မွေးကြတယ်။ ၁ချို့က ဒီမှာပဲ မွေးကြတယ်။ တွေ့တဲ့သူတိုင်းက မေးကြလွန်းလို့ ဖြေရတာမောတယ်။ ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။ ကျွန်မက ဒီမှာပဲမွေးမှာပါ။ ကျွန်မ Full-Time အလုပ်လဲမလုပ်ပါဘူး။ Part-Time တော့လုပ်ပါတယ်။ Full-Time လုပ်ရင် ကလေး ၁ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ကျွန်မရဲ့ Professional လမ်းကြောင်းက Programmer ပါ။ ၂၀၁၁မှFull-Time အလုပ် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဖေကတော့ ပြောပါတယ်။ Idleness ဖြစ်နေဦးမယ်တဲ့။ အလုပ်ပြန်စတဲ့အချိန် ကျတော့ အများတကာထက် ၂ဆတော့ ပိုလုပ်ရမှာပေါ့။ ၂ဆလည်း ပိုပင်ပန်းမှာပါပဲ။ အဓိက အလုပ်ဆက် မလုပ်ရတဲ့ အကြောင်းရင်းက STRESS ဒဏ်ကြောင့် ကလေးပျက်ကျမှာ စိုးရိမ်လို့ပါ။ ကလေးဆိုတာ လိုချင်တိုင်းလည်းမရပါဘူး။ ကျွန်မ အဖေပြောသလို ကလေးကလည်း ကိုယ်တို့နဲ့ ကံပါမှ၊ ထိုက်မှလည်းရတာပါ။

ဘာကြောင့်အလုပ်မလုပ်ရသလဲ၊ ဒီမှာပဲမွေးရတာလဲဆိုတာ ဒီနေရာကနေအားလုံးကို ကျွန်မရဲ့ ခံစားချက်လေးကို ရှင်းပြချင်ပါ တယ်။ ကျွန်မ မွေးတဲ့အချိန် ဘယ်သူမှဒီကိုလာပြီး မကူပါဘူး။ မထိန်းပေးနိုင်ပါဘူး။ အဖေက ငယ်ငယ်ထဲက ကိုယ့်အားကိုယ်ကိုး နိုင်အောင် သင်ထားပေးတယ်။ ပြီးတော့ ခုချိန်မှာအဖေခဏခဏပြောတဲ့စကားလေး၁ခွန်းက "ခံနိုင်ရည်ရှိအောင် အားမွေးထားပါ" တဲ့။ ဒီမှာမွေးတာ ပိုက်ဆံအရမ်းကုန်ပါတယ်။ဒါတောင် NUH မှာပြလို့။ PR လည်းဖြစ်နေလို့။ ၁ခါပြ ၁လကို ၁၅၀ ၀န်းကျင်။ ဒါ တောင်မမွေးရသေးဘူး။ မွေးပြီးရင်ဘယ်လောက်ကုန်မလဲဆိုတာ စဉ်းတောင်မစဉ်းစားရဲပါဘူး။ ကျွန်မတို့ရဲ့ကလေးပဲဟာ။ ပိုက်ဆံ ကုန်ချင်သလောက်ကုန်ပါစေ။ ပိုက်ဆံရှိနေလို့လဲမဟုတ်ပါဘူး။ အရာအားလုံးထက် အကောင်းတကာ အကောင်းဆုံးဖြစ်ချင်တာပါ။ အဖေကိုလည်း ရန်ကုန်ပြန်ပြီး ကိုယ်ကြောင့်အလုပ်တွေပိုလာမှာ၊ အမျိုးတွေလည်း ကိုယ်ကြောင့်အလုပ်ပိုလာမှာ၊ ဟိုဖက်ကလည်း ကိုယ်ကြောင့်အလုပ်တွေပိုလာမှာကိုလည်း မလိုလားပါဘူး။ ကိုယ်မွေးတဲ့အချိန် ယောက်ျားကို ဘေးနားမှာရှိချင်တာလည်း ပါတာ ပေါ့နော်။ ကိုယ်မွေးတဲ့အချိန် Singapore ရဲ့ထုံးစံအတိုင်း အလုပ်လုပ်နေတဲ့သူတိုင်း ခွင့်၁ခါယူဖို့အရေး အတော်ကိုခက်ပါတယ်။

ကျွန်မ ၄နှစ်မှာ အဖေက ပညာတော်သင်အနေနဲ့ UK ကိုသွားရတယ်။ ကျွန်မ ၅တန်းတက်ခါနီးအချိန်ကျမှ ပြန်လာတာ။ အဲဒီ အတော်အတွင်းကျောင်းကသူငယ်ချင်းတွေက "နင့်အဖေဘယ်မှာလဲ။ နင်က အဖေမရှိပဲမွေးလာတာမဟုတ်လား" ဆိုပြီး ကျွန်မကို အမြဲတမ်း စကားလုံးတွေနဲ့ထိုးနှက်ကြတယ်။ တစ်ချို့ဆို ကျွန်မကိုဆွဲဆိတ်ကြတယ်။ ကျွန်မလက်၂ဖက်လုံးမှာကျောင်းကပြန်လာရင် ဆိတ်ရာတွေချည်းပဲ။ ကျောင်းကပြန်လာတိုင်း ကျောင်းပြောင်းပေးဖို့ အမေကိုပြောရတာလည်းခဏခဏပဲ။ အမေဆို အဲဒီလိုပြော လာရင် တအားစိတ်ညစ်တာ။ ကျွန်မ ဒီကျောင်းကိုရအောင် ခက်ခက်ခဲခဲထားခဲ့ရတာဆိုတော့ ကျောင်းပြောင်းရမယ်ဆိုအမေလန့် နေပြီ။ အဖေ ပြန်လာတော့ ကျွန်မ ၁လလောက်နေမှ အဖေအနားကပ်တာ။ အဖေပြန်ရောက်တော့ ကျွန်မမှာ အဖေဆိုပြီး အဖေကို လာလာ ချောင်းရတာအမော။ မွေးလာမယ့် ကလေးကို ကျွန်မတို့နဲ့ ရင်အုပ်မကွာအမြဲထားမှာပါ။ ကျွန်မ ကလေးကို မွေးပြီး ၂ဖက်အိမ်မှာ (ရန်ကုန်မှာ)ပစ်ထားပြီး ပိုက်ဆံ၁ခု အတွက်နဲ့ ဒီကိုပြန်ပြီး အလုပ်လာလုပ်တာလည်း မလိုချင်ပါဘူး။ ကျွန်မ ငယ်ငယ်ကခံစားခဲ့ ရသလို ကျွန်မကလေးကို အဖေကော၊ အမေကော၊ မိစုံဖစုံရှိရဲ့ သားနဲ့တနယ်တကျေးမှာ ပစ်ထားတာ မျိုး ဘယ်တော့မှမလုပ်ဘူး။ ငယ်ငယ်လေးကထဲက နုနယ်လှတဲ့ ကလေးရဲ့စိတ်ဓာတ်ကို သိမ်ငယ်စိတ်ဝင်အောင် မိဘများက မလုပ်သင့်ပါဘူး။ ကျွန်မတောင် အမေနဲ့ အတူတူနေတာတောင် ဒီလို အပြောခံခဲ့ရင် မိစုံဖစုံရှိရဲ့သားနဲ့ ခွဲနေရမယ်ဆိုရင် စဉ်းစား ကြည့်ပေါ့ရှင်။ မိစုံဖစုံနေခဲ့ရတဲ့ ကလေးနဲ့ အဖိုးအဖွားတွေနဲ့နေခဲ့ ရတဲ့ကလေးကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် စိတ်ဓာတ်ရေးရာမှာ အတော်ကွာပါတယ်။ ကျွန်မ ရှင်းပြတာထက် ၁ချိန်လက်တွေ့မှာ မြင်လာမှာပါ။ ကျွန်မရဲ့ခံစားချက်ကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ကျွန်မ Singapore မှာဘာကြောင့်မွေးလဲဆိုတာ ...
- ၂ဖက်မိဘကို ကိုယ်ကြောင့်အလုပ်မပိုစေချင်ပါဘူး
- ကလေးကို မိဘနဲ့ ရင်အုပ်မကွာ အတူရှိနေချင်ပါတယ်
- အကောင်းတကာ အကောင်းဆုံးဖြစ်အောင်ပေးချင်ပါတယ်

၁ချို့တွေဆို ကျွန်မကို ရန်ကုန်မှာပဲ ပြန်မွေးဖို့ကို အတင်းကာရော တိုက်တွန်းကြပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ ၂ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခွင့်ပြုပါ။ ဘ၀ခရီးကို ၂ယောက်အတူ လျှောက်လှမ်းနေတဲ့အချိန်မှာ ကြမ်းချင်လည်း ကြမ်းမယ်။ ဒါတွေကိုလည်း ကြိုတွေးပြီးသားပါ။ ဘ၀ခရီးကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်ဆိုတာ

ကြက်သားနှင့်ကြာဇံ

ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်နှယ်ပြီး ၁ညသိပ်ထားပါတယ်။ ကြာဇံကို ရေစိမ်ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ညက်ညက်ထောင်းတာနှင့် ဆီသတ်ပါတယ်။ ကြက်သားထည့်ပါတယ်။ ကြက်သား ဆီပြန်လာ အောင်စောင့်ပြီး ရေထည့်ပါတယ်။ ကြက်သားနှုးခါနီး အချိန်ကျမှ ကြာဇံထည့်ပါတယ်။ ရေကျပြီး ကြက်သားကော၊ ကြာဇံကော နှုးပြီဆိုလျင် ချလို့ရပါပြီ။

Friday, September 4, 2009

ပူစီနံထောင်း

ပူတီနံကိုအရွက်တွေပဲသတ်သတ်ချွေထားပါတယ်။ ကြက်သွန်ဖြူ ၁မွှာ နှင့် ငရုတ်သီးစိမ်းတောင့် ၃တောင့် မီးဖုတ်၊ ထန်းလျက်ခဲ ၁ခဲ၊ မန်ကျည်းမှည့် အနည်းငယ်၊ ဆား၊ အချိုမှုန့် အားလုံးကိုရောထောင်းပါတယ်။
ကြက်သားပလာတာချက်ရာတွင် တစ်ချို့က အချဉ်အနေနဲ့သုံးကြပါတယ်။

Wednesday, September 2, 2009

ဆိတ်သားခြောက်ကြော်စပ်စပ်

ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူပါးပါးလှီး၊ ဂျင်းပါးပါးလှီး ဆီထည့်၊ နွမ်းလာပြီဆိုမှ ဆိတ်သားခြောက်ကြော် ထုတ်ကို ဖောက်ပြီး လက်ဖြင့်အမွာလေးများရအောင်ဖဲ့ထည့်ပါ။ မီးအေးအေးဖြင့် ကြော်ပါ။ ချခါနီးပြီဆိုမှ ငရုတ် သီးလေးစိပ်ကွဲ ထည့်ပါ။ ပြီးရင်ဆား၊ အချိုမှုန့်ထည့်ပါ။ဆိတ်သားခြောက်ကြော်ကို ဒီအတိုင်းမစားချင်လို့ရှိရင် အဲဒီလိုလည်း ကြော်လို့ရပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးနဲ့လည်း ချက်လို့ရ ပါတယ်။ နောက်မှ ချက်နည်းရေး ပြတော့မယ် ...

Friday, August 21, 2009

ပုဇွန်ခွက်ကြော်

ရွှေလိပ်ပြာကပ်ကြော်မှုန့် ၃/၄ ပုံခန့်ထည့်၊ ဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် ရေနွေးနဲ့ဖျော်ထားပါ။ ပုဇွန် အမြီး၊ ခေါင်းတို့ကိုကတ်ကြေး ဖြင့်ဖြတ်ပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့်နှယ်ထားပါ။ ပန်းကန်ပြားထဲမှာ ပဲပင်ပေါက် အနည်းငယ်၊ ပုဇွန် ၁ကောင်ကို ဖျော်ထားသော မုန့်နှစ်ဖြင့်နှယ်ပြီး မီးအေးအေးဖြင့်ကြော်ပါ။


ငါးကြင်းခေါင်းချဉ်စပ်ဟင်းချို


ချက်မည့်အိုးထဲမှာ ကြက်သွန်နီ ၂စိပ်၊ ဂျင်းအနည်းငယ်၊ စပါးလင် ၁ချောင်း၊ ငါးကြင်းခေါင်း၊ ငရုတ်သီးစိမ်းတောင့်ကိုခြမ်းပြီး ကိုယ်လို သလောက်ထည့်၊ ဆား၊ အချိုမှုန့်၊ TOM YAM Paste ၁ဇွန်း၊ လိုသလောက်ရေထည့်ပြီး ငါးကြင်းခေါင်းနှုးပြီဆိုမှ ခရမ်းချဉ်သီး ၁ခြမ်း ကိုစိပ်ထားတာရယ်၊ နံနံပင်ရယ် ထည့်ပေးပါ။

Thursday, August 20, 2009

ဝက်သား၃ထပ်သားချဉ်စပ်

ဝက်သားကို ဆား၊ အချိုမှုန့်နယ်ပြီး အရင်ဆုံးနှုးအောင်ပြုတ်ပါ။ ကြက်သွန်နီလေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီသတ်ပါ။ ပြုတ်ထားပြီးသား ၀က်သားထည့်ပါ။ နှုးပြီးသားဖြစ်တဲ့အတွက် ငရုတ်ချဉ်စပ် အနည်းငယ်ထည့်ပါ။ ဆီပြန်ပြီ ဆိုလျင် ချလို့ရပါပြီ။

Tuesday, August 18, 2009

ပဲပြုတ်ထမင်းကြော်

မနေ့ကကျန်တဲ့ထမင်းနဲ့ မနက်စာဖန်တီးထားတာပါ။ ဆီထည့် ဆနွင်းမှုန့်အနည်းငယ်ထည့် ကြက်သွန်နီ၁ခြမ်းကို ပါးပါးလှီးဆီသတ်၊ ပဲပြုတ်ထည့်၊ ထမင်းကို ခြေပြီးထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပြီး နှံအောင်မွေပါတယ်။

ကြက်ဥကို အနှစ်ကလေးမပျက်အောင်ကြော်ထားပါတယ်

ပန်းကန်လေးထဲမှာ ပဲပြုတ်ထမင်းကြော်၊ ကြက်ဥကြော်၊ Bacon ကြော်ဖြင့် မနက်ခင်းလေးကို ဗိုက်ပြည့်အောင်ဖြည့်လိုက်ဦးနော်..

Sunday, August 16, 2009

Chicken Spaghetti

ညနေရောက်မှ ဈေးသွားဝယ်ဖြစ်တယ်။ ဈေးသိမ်း၊ လှီးချွတ်နေတာနဲ့ အခုမှပဲရေးဖြစ်တယ်။ အ၀လည်း စားပြီးသွားပြီလေ။ ဟဲ..ဟဲ.....

Spaghetti ချက်နည်းက အဖေဆီကသင်ထားတာပါ။ အဖေကိုတော့ ဒီကပဲကျွေးလိုက်ပါတယ်။ အိမ်မှာချက်စားရင် အမဲသား တောက်တောက်စင်းထားတာနဲ့ချက်တာများတယ်။ အမဲသားကပိုပြီးကောင်းတယ်။ ကြက်သားကျတော့ အားလုံးစားလို့ရတာပေါ့။ ရန်ကုန်မှာ ခဏခဏလုပ်စားဖြစ်တဲ့ အစားအစာ၁ခုပေါ့။ အဓိကလိုတာကတော့ Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ပါ။ ပြီးတော့ Spaghetti ရဲ့အဓိကသော့ချက်က Cheese Powder ပါ။ Cheese Powder မပါရင် စားမကောင်းပါဘူး။ ဆိုင်တွေမှာသွားစားရင် Cheese Powder ထည့်ပေးတဲ့ဆိုင်က ရှားတယ်။ ကျွန်မကတော့ Cheese Powder မပါရင် ဆက်ကိုစားချင်စိတ် မရှိတော့တာ။

Chicken Spaghetti လုပ်နည်း

လိုအပ်သောအရာများ

Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ကို NTUC Fair Price မှာ ၀ယ်လို့ရပါတယ်။ ကြက်သားနှုတ်နှုတ်စင်းထားတာ ၁ထုပ်၊ ငရုတ်သီးအချိုပွ ၁လုံးကို အနေတော်လှီးပါ၊ မှိုကိုလည်း အနေတော် လှီးပါ၊ ခရမ်းချဉ်သီးကို အစိပ်လေးများဖြစ်အောင်စိပ်ပါ၊ ၀က်အူချောင်းကိုလည်း အနေတော်လှီးပါ။

တစ်ချိန်ထဲမှာ Spaghetti Noddle ကိုပြုတ်ထားပါ။ နည်းနည်းကြာတတ်ပါတယ်။

ကြက်သွန်နီ လေးစိပ်စိပ်၊ ဂျင်း ပါးပါးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သား နှုတ်နှုတ်စင်း ထားတာထည့်ပါ။ Spaghetti Sauce ကိုမှန်းပြီးထည့်ပါ။ Mayonnaise ကိုလည်းမှန်းပြီးထည့်ပါ။ ၀က်အူချောင်းထည့်ပါ။ ငရုတ်သီးအချိုပွထည့်ပါ။ မှိုထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ အားလုံးပျော့သွားပြီဆိုမှ မီးဖိုပေါ်မှချပါ။

စားခါနီးကျရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ အနှစ်ဖတ်ကိုအပေါ်ကနေထည့်၊ ပြီးတော့မှ Cheese Powder ဖြူး။ ကျွန်မက စားမယ်ဆိုရင် တစ်ထိုင်ထဲနဲ့ ၂ပွဲကုန်ပါတယ်။


မစားချင်ကြဘူးလား။ လာစားကြပါဦး........

Saturday, August 15, 2009

ရခိုင်မုန့်တီ - အာပူလျှာပူ

စားချင်စိတ်ဖြစ်လာတာနဲ့ ထချက်လိုက်တာ။ နာရီဝက်ပဲကြာတယ်။ ကျွန်မရခိုင်မုန့်တီက အာပူလျှာပူလို့ ပြောပေ မယ့် မစပ်အောင် ချက်ထားတာပါ။ အစပ်အနည်းအကျဉ်းတော့စားပါတယ်။ အများကြီး စားလို့မရလို့ပါ။ ရခိုင် မုန့်တီကို ကျွန်မချက်သလို မျှဝေလိုက် ပါတယ်။

အရင်ဆုံး မြောင်းမြဒေါ်ချိုချက်တုန်းက ကျန်တဲ့ မုန့်ဖတ်ကို ရေစိမ်လိုက်ပါတယ်။ မုန့်ဖတ်ပျော့ပြီးဆိုလျင် အိုးထဲမှာ ရေထည့်ပြီး ဆူအောင် တည်လိုက်ပါတယ်။ ရေဆူမှ မုန့်ဖတ်ထည့်ပါတယ်။

နောက်အိုး၁လုံးဖြင့် ငါးခူကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါးလင်ထည့်ပြုတ် ပါတယ်။ အနံမွေးအောင်လို့ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်ကို ညက်နေအောင် ထောင်းပါ။

နောက်အိုး၁လုံးဖြင့် ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူပြီဆိုလျင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်ပြီဆိုလျင် မီးခဏပိတ်ထားပါ။

ငါးခူတည်ထားသောအိုးမှ ငါးခူနှုးပြီဆိုလျင် ငါးခူချည်းပဲဆယ်ပြီး အအေးခံထားပါ။ ငါးခူ ပြုတ်ထားသောအိုးထဲမှ အရည်အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထားသော အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ငါးခူကို အသားချည်းပဲနွင်ပါ။ လက်ဖြင့်ငါးခူ ကိုကြေအောင်လုပ်ပါ။ ပြီးရင်အိုးထဲသို့ ငါးခူအသားများထည့်လိုက်ပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည် ထည့်ပါ။ အပေါ့အငန်မြည်းပြီလျင် ချလို့ရပါပြီ။

ရခိုင်မုန့်တီကို မန်ကျည်းမှည့်ဖျော်ထားသောအရည်၊ နံနံပင်၊ ဆီချက်၊ ပဲကြော်တို့ဖြင့်ထည့်ပြီးစားနိုင်ပါတယ်။ ကျွန်မပုံထဲမှာ အစုံပါအောင် ထည့်မရိုက်ထားဘူး။ ကျွန်မက မုန့်ဖတ်ထည့်၊ ပဲကြော်ထည့်၊ အရည်ထည့်။ ဒါက ကျွန်မစားတဲ့ပုံစံ ...

ငါးခြောက်ရိုး နှင့် ခရမ်းချဉ်သီး ငပိချက်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအပွခြောက်ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ တယ်။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခြောက်ရိုး အနေတော်စိပ်ထားတာ ထည့်ပါတယ်။ စိမ်းစားငပိအနည်း ငယ်၊ အချိုမှုန့်ထည့်ပါ။ ငါးခြောက်ရိုး နှုးပြီဆိုလျင် ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါတယ်။ နံနံပင်ကို ကတ်ကြေးနဲ့ဖြတ် ပြီးထည့်ပါတယ်။ ဆီပြန်ပြီဆိုလျင် ပန်းကန် ထဲထည့်ပြီး အပေါ်ကနေ နံနံပင်အနည်းငယ် အုပ်ပေးပါတယ်။

ကြက်တောင်ပံချဉ်စပ်

မနေ့ကချက်ထားတာ။ ပျင်းလို့မတင်ဖြစ်တာပါ။ ကြက်တောင်ပံကို ဆား၊ ဆနွင်း၊ အချိုမှုန့်ဖြင့်နှယ်ပါ။ ကြက်သွန်နီလေးစိပ်စိပ်၊ ကြက်သွန်ဖြူပါးပါးလှီးပြီး ဆီသတ်ပါ။ နွမ်းပြီဆိုလျင် ကြက်တောင်ပံထည့်၊ ကြက်တောင်ပံနှုးပြီဆိုလျင် ငရုတ်ချဉ်စပ်ထည့်ပါ (နန့်ခမ်း ငရုတ်ချဉ်စပ်ပါ။ ရန်ကုန်ကနေယူလာတာ)။

Friday, August 14, 2009

တောင့်တမိသော အစားအသောက်များ

အခုတလော စားချင်နေတာတွေ အရမ်းများ နေတယ်။ ကိုယ်ချက်တဲ့ဟင်း မစားချင်ပဲ အပြင်က အစား ဆန်းဆန်း တွေ စားချင်ပါတယ်။ ရန်ကုန်ရောက်မှပဲ တစ်ဝတစ်ပြဲ စားတော့မယ်။ ဒီမှာက ကြက်သား၊ ၀က်သား၊ ပုဇွန်၊ ပြည်ကြီးငါး ဒါတွေနဲ့ပဲအပတ်တိုင်းစားနေရတာ ၃နှစ်ကျော်ပါပြီ။
  • မုန့်ဟင်းခါး(အများကသိကြတာ အင်းယားလမ်းမဖြူ မုန့်ဟင်းခါး)ကို ပဲကြော်၊ ငါးဖယ်ကြော်ဖြင့် ပဲသီး အစိမ်းတောင့် အနည်းငယ်၊ သံပုရာသီးအနည်းငယ်ညစ်ပြီး ၂ပွဲလောက် တစ်ထိုင်တည်းစားချင်နေတာ။ ပါဆယ်တစ်ပွဲ ထပ်ထည့် နေ့လယ်စာပါ စားလို့ရတယ်လေ။ လူကသေးသေးလေးပေမယ့် အရမ်းအစား ကြီးပါတယ်။
  • ဆီချက်ကိုဆီချက်မထည့်ပဲ၁ပွဲ၊ ဘဲဆီဗူးသုတ်၊ ဘဲအရည်ခွံသုတ်၊ ဘဲခြေထောက်သုတ်ထိုင်ပြီး တစ်ထိုင် တည်း စားချင်လိုက်တာ။ တစ်ထိုင်တည်း စားလို့ကုန်ပါတယ်။ အဲဒီလောက်တောင် အစားပုတ်တာ။ လူက ပေါင်၉၀ လောက်ပဲရှိတာ။ မယုံနိုင်စရာကြီးနော်။
  • အဲဒီလမ်း၂၀ကပဲ ၀က်သားပေါင်းကို ဂျင်းပါးပါးလှီးပြီး အချဉ်ရည်နဲ့တို့စားချင်ပါရဲ့။
  • Oriental House က Dim Sum ကိုလည်းစားချင်တယ်။ ၀က်နံရိုး၊ ပုဇွန်ဖက်ထုတ်၊ နိုင်လွန်ပုဇွန်၊ အစရှိသဖြင့်
  • အများကြီးပဲ။ အရင်တုန်းကဆိုရင် အရင်ဈေးနဲ့ ၂၀၀၀ဖိုးလောက်ကို ပါဆယ်ဆွဲပြီး တစ်ယောက်ထဲ စား တာ။ ဟီး..ဟီး...။
  • စမ်းချောင်းကမင်းလမ်း မဟုတ်ဘူးနော်။ ရခိုင်တွေဖွင့်တာ။ ရေခူသုပ်စပ်စပ်လေး၂ပွဲ၊ ပုဇွန်ကင်... ရှိသမျှ အကင်ပေါင်းစုံစားချင်လိုက်တာ။
  • ဆာတေး၂ပွဲလောက်ကတော့ အသာလေးပဲ။ ပြီးတော့ ကြက်ကင်၊ အဆီဗူးကင်က ၅ကင်လောက်၊ရုံးပတေသီးကင်၊ ဟူး...။
  • ကုလားကြက်သားသုတ်။
  • ရွှေဇင်ယော်က Mandalay နန်းလတ်၊ အကြွပ်ရှောင် ၁ပွဲ။
  • စိန်ပန်းပြာက Mandalay မြီးရှည်၊ အဲဒါထက် Mandalay ဗထူးကွင်းနားကမြီးရှည်။
  • လမ်းဘေးဆိုင်က ၀က်သားတုတ်ထိုးကို စိမ်ပြေနပြေထိုင်စားချင်၏။
  • ကောက်ညင်းပေါင်းကို အဖြူနဲ့ငချိတ်ကို နှမ်းထောင်းများများ၊ အုန်းသီးဖတ်အပေါ်ကဖြူးလို့။
  • ခေါပုတ်မဲမဲကိုကြော်ပြီး သကြားလေးနဲ့တို့စားချင်လှ၏။
  • ရန်ကုန်က တောသည်တွေရောင်းတဲ့ဆီက ဂဏန်းကို ကိုယ်တိုင်ချက်ပြီး ဂဏန်းရေပြန်ဆီကျန် စားချင် တယ်။
  • ငါးသလောက်ဥကြော်စားချင်တယ်။
  • ငါးရံအူဟင်းစားချင်တယ်။
  • ကြာဇံချည်းပဲကိုအရည်နဲ့ဝက်သားကြေးအိုး၊ ဒီကကြေးအိုးတွေက ၁ခုခုလိုနေသလိုပါပဲ။
  • ဆိတ်ဦးနှောက်ဟင်း။
  • အမှတ်တရဆိုင်က ရှမ်းငါးထမင်းနယ်ကို ဂျုးမြစ်ကိုက်ပြီးစားချင်တယ်။
  • ခေါက်ဆွဲသုတ်ကို ဟင်းခါးပူပူလေးနဲ့စားချင်လိုက်တာ။
  • ပုဇွန်ခွက်ကြော်သုတ်လည်းစားချင်တယ်။
  • ရွှေရင်အေး၊ မုန့်လက်ဆောင်းသောက်ချင်တယ်။
  • ရွှေပုဇွန်က ကူဖီးရေခဲမုန့်၊ ချောကလက်ကိတ် (ချောကလက်ကိတ်ပဲသိတာ။ ဘယ်လိုခေါ်မှန်းမသိ၊ ဘေး နားမှာမြေပဲပါတယ်)။
  • ပလို့ပြောင်းဖူးစားချင်တယ်။ စီးစီးလေး။ တစ်ထိုင်တည်းစားလို့ကတော့ ၅ဖူးလောက်က အသာလေးပဲ။
  • ငါးရံဆန်လောဟင်းချို သောက်ချင်လိုက်တာ။
  • ပုဇွန်ထုတ်အကြီးကြီးကို ကင်ပြီး သံပုရာသီးလေးညစ်ပြီး စားချင်တယ်။
  • ပူစီနံချပ်တနီးထောင်းစားချင်တယ်။
  • မဂိုလမ်း ဗလီအောက်က ဆိတ်ခါးပတ်စားချင်တယ်။
  • ငပိရည်ကျိုတောင်မှ ရှောင်နေရတယ်။ စားရင်သွေးတိုးလို့။ ငပိရည်ကျိုကိုလည်း ၁နှစ်လောက်ရှောင်ရ ဦးမယ်။
  • မြစ်ပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ တမာချဉ်၊ ပဲတီချဉ်တို့ဖြင့် တို့စားလိုက်ရရင်။
    သြော် ... ကျွန်မဘ၀ကသနားစရာ.. ဟင်းးးးးးးး
ချဉ်ခြင်းတပ်နေတာတွေပါ။ ဘယ်မှာရှာရမလဲနော်။ သတိရရင်ကျန်တာတွေ ထပ်ဖြည့်ဦးမယ်။ ရန်ကုန်ရောက်ရင် အစားအသောက် အရမ်းသောင်းကျန်းတာ။ အောင့်ထားရဦးမယ်။ ရန်ကုန်ပြန်ဖို့ ၂လလောက်တောင် လိုသေးတယ် ...

အစားအသောက်မီးလိုတောက် ... ဟီးးးးးးးးးးး

Monday, August 10, 2009

မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး

လွယ်လွယ်လေးပါ။ မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကို ၀ယ်ပါတယ်။ ရေထည့်ပြီး ဆူလာတဲ့အခါမှာ ဟင်းအနှစ်ထုပ်ထည့်ပါတယ်။ တစ်ချိန်တည်းမှာ ငါးခူကို ငံပြာရည်နဲ့နယ်၊ စပါးလင်ကိုထုပီ၊ လှီးပီ၊ ကြိုးချည်ပြီးပြုတ်ပါတယ်။ အအေးခံပြီး ငါးခူကိုအသားချည်းပဲ အမွာမွာဖြစ် အောင်မွာပါ။ ငါးခူပြုတ်ရည်ကို မသွန်ပစ်ပဲ မုန့်ဟင်းခါးဟင်းရည်အိုးထဲထည့်ပါ။ ကြက်ဥကိုလည်းပြုတ်ထားပါတယ်။ ကြက်ဥကျက် သွားတဲ့အခါမှာ အစိပ်လေးများစိပ်ပြီး မုန့်ဟင်းခါးအိုးထဲထည့်ပါတယ်။ ကြက်သွန်နီကို လေးစိပ်စိပ်ပြီး မုန့်ဟင်းခါး ဟင်းရည်အိုးထဲ ထည့်ပါ။ အချိုမှုန့်ပဲထည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်က အစကထဲကိုက ငန်နေလို့။ ကျွန်မ အတွက်ကတော့ ပြန်ပြင်ပြီးချက်ရပါတယ်။ ကျွန်မက အပေါ့ပဲစားတတ်တယ်။ နံနံပင်ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။သံပုရာသီးကိုလည်း အစိပ်လေးများစိပ်ပြီး ပန်းကန်ထဲထည့် ထားပါ။ ငရုတ်သီးမှုန့်ကိုလည်း ပန်းကန်လေးထဲထည့် ထားပါ။ ဆီချက်ကို ကြက်သွန်နီ ပါးပါးလှီးပြီးချက်ထားပါ။ မုန့်ဟင်းခါးဖတ်ကိုလည်း ရေဆူဆူမှာထည့်ပြီးပြုတ်ထားပါ။

လာလည်သူအားလုံးအားမနာတမ်းသုံးဆောင်သွားကြနော်။ ပဲကပ်ကြော်က စားခါနီးမှပဲဖောက်ထည့်လိုက်နော်။

နောက်မှပဲ ကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါးလာစားကြနော် ...

Wednesday, August 5, 2009

ဗိုလ်စားပဲသီးနှင့်ကြက်ဥကြော်

ဗိုလ်စားပဲသီးကို ဘေးကဟာတွေဖယ်ထုတ်ပြီး စောင်းစောင်းလေးလှီးပါ။ ကြက်သွန်နီပါးပါးလှီးပြီးဆီသတ်ပါ။ ဗိုလ် စားပဲသီးနှုးမှကြက်ဥဖောက်ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။

Tuesday, August 4, 2009

Mandalay မြီးရှည်

Mandalay ဗထူးကွင်းနားမှာ ရောင်းတဲ့ မြီးရှည် အရမ်းစားချင်နေတာ။ ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ် တတ်သလောက် မှတ်သလောက် လုပ်စားလိုက်ပါတယ်။ လာစားကြပါဦးလား...

လာစားကြသော သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ပထမဆုံးအကြိမ် မြီးရှည်ကို ကိုယ်တိုင်လုပ်ထားတာပါ။

ပါဝင်သောအရာများ




နန်းလတ်အဖတ်ကို ရေနွေးဖြင့်စိမ်ထားပါ။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည် အနည်းငယ် ထည့်ပြီး နှုးအောင်ပြုတ်ပါ၊ ပြီးရင် ၀က်သားကို နုတ်နုတ်စင်းပါ။ ပဲပင်ပေါက် ကို ရေနွေးဖျော် ထား ပါ။ ကော်မှုန့်ကျိုပါ။ ၀က်သားအရည်ကို တစ်ဝက်ဖယ်ထားပြီး တစ်ဝက် ကို ရေနွေးစိမ်ထားသော နန်းလတ် အဖတ်ဖြင့် ဇကာလေးထဲမှာ ၃၊၄ကြိမ်စစ်ပါ။ ပြီးရင် ပန်းကန်လေးထဲမှာ နန်းလတ် အဖတ် ကို ပုံထားပါ။ ထို့နောက် ပဲငပိအနည်းငယ်၊ ကြက်သွန်ချဉ်၊ ကြက်သွန်ဖြူ ငါးမွှာကို မီးဖုတ်ပြီး ထောင်းပြီး နံနံပင် ရှာလကာရည် နှင့်ရော၊ ဆီထည့်ပြီး ဆီကျက်ပြီး ခဏကြာမှ ငရုတ်သီး အရောင်တင်မှုန့ှ်၊ ငရုတ်သီးမှုန့်၁ဇွန်းရော၊၀က်သားနုတ်နုတ်စင်း၊ ဆား၊ အချိုမှုန့်၊ ပဲပင်ပေါက်၊ ဆီချက်အနည်းငယ်၊ ကော်မှုန့် အနည်း ငယ်၊ ရှမ်းကြက်သွန်ချဉ် တို့ကိုထည့်ပါ။ အပေါ်ကနေ စအုကြော်၊ တရုတ်နံနံ (သို့မဟုတ်) ကြက်သွန်မိတ် (ကျွန်မ က စအုကြော်၊ တရုတ်နံနံ၊ ကြက်သွန်မိတ် မကြိုက်လို့မထည့်ထားတာပါ)

အရည်သောက်အတွက်ကတော့ ၀က်ပြုတ်ရည်ကို မသွန်ပစ်ပဲ ငရုတ်ကောင်းမှုန့်ဖြူးပြီး နံနံပင် ခတ်ထားတာပါ





Mandalay မြီးရှည် လုပ်နည်းက အခုမှရောက်လာလို့။ နောက်မှ Mandalay မြီးရှည် ထပ်ပြီးလုပ်ကျွေးဦးမယ်။ အခုတော့ အဖြစ်လောက်ပဲ။ အာသာပြေမြီးရှည်ပေါ့။

ကုလားဗယာကြော်

ကုလားဗယာကြော် လုပ်နည်း
ကုလားဗယာကြော်မှုန့်ကိုဝယ်၊ အမှုန့်တစ်ဝက်ထည့်၊ ရေအနည်းငယ်၊ ကြက်သွန်နီပါးပါးလှီး၊ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း တောင့်ကိုလှီးပြီးထည့်၊ တစ်ညလောက် ရေစိမ်ပြီးနှပ်ထားပါ။ အနေတော်အ ရွယ်လေးတွေ ယူပြီးမီးအေးအေးဖြင့်ကြော်ပါ။

အချဉ်အတွက်ကတော့ မန်ကျည်းမှည့်ကိုရေနွေးဖျော်၊ နံနံပင်လှီး၊ ငရုတ်သီးစိမ်းတောင့်ကိုလှီး၊ ဆား၊ အချိုမှုန့် ထည့်ပါ

ရေနွေးကြမ်းလေးသောက်ခြင်းဖြင့် အလွန်ကိုလိုက်ဖက်လှပါတယ် ...

Monday, August 3, 2009

ကြက်ချဉ်စပ်

ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း ပါးပါးလှီး ထားပြီး ဆီထည့်၊ ဆီပူလာလျင် ဆီသတ်ပါ။ ကြက်သားကို အချိုမှုန့်၊ ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ပါ။ ဆီသတ်လို့ မွေးလာပြီ ဆိုလျင် ကြက်သား နယ်ထားတာ ထည့်ပါ။ ကြက်သားနှုးပြီဆိုမှ ငရုတ်ချဉ်စပ် အနည်းငယ်ထည့်ပါ။ ဆီပြန်လာပြီဆိုလျင် သုံးဆောင် လို့ရပါပြီ။

ငပိထောင်း

စိမ်းစားငပိကို ယောင်းမဖြင့် မီးဖုတ် ပြီးရင် ငရုတ်ဆုံထဲမှာ စိမ်းစားငပိဖုတ် ပြီးသား၊ ငရုတ်သီးစိမ်း မီးဖုတ်ပြီးသား၊ အချိုမှုန့်နည်းနည်း၊ ပုဇွန်ခြောက်မှုန့်၊ မန်းကျည်းမှည့် အနည်းငယ် ရောထောင်းပါ။ သံပုရာညစ်ပြီး သုံးဆောင် လျင် အလွန်လိုက်ဖက်လှပါတယ်။

Sunday, August 2, 2009

ခရမ်းသီးနှပ်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းသီးကို အနေတော် အပိုင်းလေးများ ဖြစ်အောင် လှီးပါ။ ဆီထည့်ပါ။ ဆီပူလာလျင် ထောင်းထားသော အရာများကို ဆီသတ်ပါ။ ပုဇွန်ခြောက်မှုန့်ထည့်ပါ။ ခရမ်းသီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ အပေါ့အငန်မြည်းပြီး ဆီပြန်လာပြီဆိုလျင် ချလို့ရပါပြီ။