Saturday, January 28, 2012

၂နှစ် မပြည့်ခင် အရွယ်

သားသားအကြောင်း ရေးမယ်ဆိုပြီး အချိန်ယူနေတာ အတော်ကြာသွားတယ်။ သားသားကို 16 Dec 2011 ကစပြီး NTUC Day Care စထားနေပါပြီ။ သားသားကို 1 Dec 2011 စထားမယ်ဆိုပြီး စီစဉ်ထား တာ ကျောင်းက အဲဒီမတိုင်ခင် ကြိုဖုန်းဆက်ပြီး Hand Foot Mouth Disease အဖြစ်များနေလို့ ၁၅ရက်ရွှေ့ပေး ပါဆိုပေမယ့် ၁၅ ရက်နေ့မှာ သားသား ဖျားနေတာနဲ့ပဲ ၁၆ရက်နေ့မှ စဖြစ်တယ်။ Full-Time ထားတာပါ။ Full-Time ပဲထားလို့ရပါတယ်။


၁နှစ်နှင့် ၈လ အရွယ်

NTUC Day Care မှာ Full-Time ကို ကျောင်းလခက ၁လ ၆၄၀ပါ။ ဒါအပြင် သားသား က ကျောင်းမှာ ကျောင်းတက်နေစဉ် ရုတ်တရက် ဖျားတာ၊ ထိခိုက်လို့ ဆေးခန်းသွားရတယ် ဆိုရင် ဆေးခန်းသွားရတဲ့ စရိတ်ပါ ထပ်ထည့်ပေးရပါတယ်။ ကျောင်းဝတ်စုံဖိုး၊ အိပ်ရာခင်းဖိုး မပါသေးပါဘူး။ ပထမလ ကျောင်းစတက်တက်ချင်းမှာ ကုန်ရတာပါ။ သားသားကျောင်းမှာ တက်တဲ့  ကလေးတိုင်း အိမ်ကမုန့်ယူလာခွင့်မရှိပါဘူး။ အားလုံး Equal Opportunities ပဲထားပါတယ်။ ကျောင်းကပဲ အကုန်ကျွေးပါတယ်။ ကလေးဖိနပ်၊ ကျောပိုးအိတ်၊ အကျီ၊ နို့ဗူး၊ Diapers ထည့်ပေးရပါတယ်။ သားသား နာမည်ပါ မှတ်ပေးလိုက်ရပါတယ်။ ဥပမာ ကလေးဖိနပ်မှာ Mickey ဆိုပြီးမှတ်ထားပေးရပါတယ်။ ၁ချို့ ကလေးတွေက ဖိနပ် လှတာမြင်ရင်ကောက်ဝတ်သွားတတ်လို့ပါတဲ့။ မနက်ကို သားသား အဖေက ပို့ပါတယ်။ ကျွန်မရုံး ကဝေးတော့ သားသားကို အိပ်ချိန်လဲပိုရအောင် ကျွန်မ တာဝန်က ညနေပိုင်းတာဝန်ပါ။ ကျောင်းက မနက် ၇ နာရီကနေ ည ၇နာရီပါ။ စနေဆိုရင် မနက် ၇နာရီကနေ နေ့လည် ၂နာရီအထိပါ။ မနက်စာ စားချိန်က 8:15 AM ပါ။ သားသားကို မနက်စာ စားပြီးမှကျောင်းပို့ပါတယ်။ ကျောင်းရောက်ရင် ဆရာမတွေက အဖျားတိုင်း လက်ဆေးပြီးမှ ၀င်ရပါတယ်။

သားသားကျောင်းမှာ  သူငယ်ချင်းတွေနဲ့ ကစားနေချိန်           

သားသားက အစပိုင်း ၂ပတ်ကျော်ကျော်လောက် ငိုပါတယ်။ နောက်ပိုင်း မငိုတော့ပါဘူး။ ခပ်တည်တည်ပဲ ၀င်သွားပါတယ်။  သားသား ကို ကျောပိုးအိတ်ထဲမှာ ရေဗူး၊ နိှု့ဗူးက ၂ဗူး (၁ဗူးကို နို့မှုန့် ၇ဇွန်း ထည့်ထားတယ်ဆိုတာ ၇ နေရာမှာ မှတ်ပေးထားရပါတယ်)၊ အကျီ ၂စုံ၊ Diapers ၃ခု၊ မျက်နှာသုတ်ပ၀ါ အလတ် ၁ခု၊ ပလပ်စတစ်အိတ် ၁ခု (ရေစိုအ၀တ်ပြန်ထည့်ပေးဖို့) မနက်ကျောင်းမသွားခင် ပြင်ဆင်ပေးရ တာပါ။ မနက်ဆိုပေမယ့် ကျွန်မက နို့ဗူး နဲ့ ရေဗူးက လွှဲလို့ အကုန်ညကတည်းက ပြင်ထားပေးပါတယ်။ သားသားကို Sunday ကနေ Thursday အထိ ညဆို ၁၀နာရီရောက်ရင် အိပ်ခိုင်းပါတယ်။ မနက်ဆိုရင် ၈နာရီမထိုးခင် သားသားကို နိုးပါ တယ်။ ကျောင်းရောက်ပြီဆိုတာနဲ့ အဖျားတိုင်း လက်ဆေးပြီးတာနဲ့ အထဲဝင်ပြီး ဆော့ရပါတယ်။ သီချင်းတွေဆိုရ တယ်။ စုပေါင်းပြီး ကစားရတယ်။ ၁၁နာရီမှာ ထမင်းကျွေး ပါတယ်။ ကိုယ့်ဟာကိုယ်ဇွန်း နဲ့စားရ တာပါ။ ထမင်းစားပြီးရင် အလှည့် ကျ ရေချိုး ရပါ တယ်။ ရေချိုးပြီး ကစားရပါတယ်။ ၁၂နာရီခွဲမှာ အိပ်ရပါတယ်။ ကျွန်မက ၁၂နာရီခွဲ အထိပဲကျောင်း မှာ နေဖူးတော့ အဲဒီအချိန်ထိပဲ သိပါ တယ်။ ကျောင်းက ရေလဲ အလှည့်ကျ ချိုးပေးပါတယ်။ ၁နေ့ကို ၁ကြိမ် မဖြစ်မနေ အိပ်ရပါ တယ်။ ကျောင်းထားလိုက်တော့ သားသားက သူကိုယ်တိုင် လုပ်ရပါတယ်။ ထမင်းကို ဇွန်းနဲ့ကိုင်ပြီး စားရပါ တယ်။ သားသားကို အိမ်မှာ ခွံကျွေးတော့ သားသားက မစားတတ်သေးတော့ နည်းနည်းပဲစားတယ်။ အခုနောက်ပိုင်း စားတတ်လာပြီလို့ ဆရာမတွေက ဖုံးဆက်ပြီး ပြောပါတယ်။ သားသားက ကျောင်းကကျွေးတဲ့ အစားကို ဂျီးမများပါဘူး။ အကုန်စားပါတယ်။ ဇွန်းနဲ့ စားရတာလေ ၁ခုပဲ။ သားသားကို အဲဒီလို ကျောင်း ကသင်ပေးလိုက်တဲ့ အတွက် အိမ်ရောက်ရင် သားသားကို မုန့်ကျွေးမယ်ဆိုရင်တောင် ကိုယ်တိုင်ယူရမှ စားပါတယ်။ ယူပြီးပေးလို့ကတော့ မစားပါဘူး။ စကားလဲ လိုက်ပြောတတ်လာပါတယ်။
Marche' သွားစားတုန်းက

သားသားကို စထားတော့ မနက်ကနေ ၁၂ခွဲထိပါ။ ၂ပတ်ခွဲလောက်ကျင့်ပြီးတဲ့ အချိန်မှာ နောက် ၃ပတ်မြောက်မှာ မနက်ကနေ ၄ခွဲထိပါ။ Maid ကို Feb 2011 ကစခေါ်ထားတော့ Maid ကပဲကြိုပါတယ်။ သားသားလဲကျောင်းမှာ အသားကျသွားလို့ Maid ကိုအပြီးပြန်ပို့လိုက်ပါပြီ။ သားသားကို ပညာကို အရမ်းတတ်စေချင်တယ်။ အဓိက က Singapore မှာနေတော့ Mandarin လိုပြော တတ်စေချင်တာ။ အဲဒါကြောင့် Full-Time ရွေးတာ။ ကျောင်းက ပြတင်းပေါက်တွေဖွင့်ထားတော့ သူတို့တွေ ကလေးတွေကို ဘယ်လို ဂရုစိုက်လဲ ဆိုတာ မြင်ရတယ်။ သားသားက အခုဆို ကျောင်းတက်တာ ၁လခွဲပဲ ရှိ ပါသေးတယ်။ ကျောင်းနဲ့ အသားသိပ်မကျသေးပေမယ့် စထားခါစနဲ့ ယှဉ်ရင် အသားကျလာပါပြီ လို့ ပြောရ မယ့် အခြေအနေမှာ ရှိပါတယ်။ သားသား ကျောင်းက ကလေးအတွက်ဆိုပြီး Record Book လေးပေးပါတယ်။ သားသား ဘယ်လောက်တိုးတက်နေပြီလဲ မိဘတွေက ဘာဖြစ်ချင်သလဲဆိုတာ ရေးပေးရတာပါ။ ၁၈လကစပြီး ကျောင်းကြီး မသွားခင်အထိထားလို့ရပါတယ်။ ၁၈လမပြည့်ခင် ၁နှစ်ကြိုပြီး စာရင်းပေးသင့်ပါတယ်။ Registerd လုပ်ပြီးတိုင်း ကျောင်းက ချက်ချင်းတက်လို့ မရပါဘူး။ အနည်းဆုံး ၁နှစ်စောင့်ရပါတယ်။
Vivo City ဆင်ရုပ်ရှေ့တွင်

သားသားကျောင်းအကြောင်းရေးပြီးသွားပြီဆိုတော့ သားသားအမူအကျင့်တွေရေးဦးမယ်နော်။ သားသားက စိတ်ကောက်တတ်တယ်။ သားသားကို ဆူရင်ပဲဖြစ်ဖြစ်၊ မျက်နှာအနေအထားနဲ့ ပြောရင်ပဲဖြစ်ဖြစ် မရပါဘူး။ သားသားက ၁ဖက်ကို မျက်နှာလွှဲသွားပြီး ကိုယ်လုံးကို ထိုင်ချရင်ထိုင်ချ၊ ထိုင်မချရင် အိပ်ပြီး မျက်လုံးမှိတ်ပြီး မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ပြ၊ မျက်လုံးပုံစံကို အမျိုးမျိုးလုပ်တတ်ပါတယ်။ ဘယ်ကတတ်လာမှန်း မသိပါဘူး။ သားသား အဲဒီလိုလုပ်နေပြီဆိုရင် သားသား အလိုမကျမှန်း စိတ်ကောက်နေမှန်း သိပါတယ်။ သားသားက အမှတ်လဲကြီးတယ်။ သားသားကို ဆူထားရင် အဲဒီဆူထားတဲ့သူ ကို သားသားက ဘယ်လိုမှ မကြည်ပါဘူး။ စိတ်ထဲမှတ်ထားပါတယ်။ တော်ရုံခေါ်လို့မရပါဘူး။ သားသားကို ပြန်ကြည်ရေးအတွက် ၃ ၄ ၅ရက်လောက် ကြာတတ်တယ်။


IMM တွင် Chirstmas ၀န်းကျင် အမှတ်တရ

သားသားက Hi5 လို့ပြောလိုက်တာနဲ့ လက်၅ချောင်းနဲ့ လက်ချင်းရိုက်တတ်ပါတယ်။ အဲဒါကတော့ ကျောင်းက တတ်လာတာ။ ABC သီချင်းဖွင့်ထားရင် စကားသိပ်မပြောတတ်ပေမယ့် သီချင်းအတိုင်းလက်ဆိုတတ်ပါ တယ်။ အဖိုးက အလိုလိုက်ပြီး သူ့ IPad 1 လေး ပေးထားပါတယ်။ ကျွန်မက သူ့အတွက် Free Software တွေဝယ်ထည့်ပေးထားပါတယ်။ ဥာဏ်ရည်တိုးစေမယ့် Software တွေကိုတော့ သိပ်ဈေးမကြီးရင် ၀ယ်ပေးလိုက်ပါတယ်။ သားသားက Youtube ထဲက Mickey-Mouse Clubhouse ကို အရမ်းကြိုက်ပါတယ်။ IPad ကိုလည်း ကောင်းကောင်းသုံးတတ်တယ်။ IPad ကို အမြဲတမ်းပေးမသုံးပါဘူး။ ည ၈ နာရီကနေ ၁၀ နာရီ အထိပဲပေးသုံးပါတယ်။ သားသား မျက်စိပျက်မှာစိုးလို့ပါ။ အိမ်မှာ Phone လာရင် သားသားကပါပြောလိုက်ရမှ။ သားသားကိုပေးမပြောလို့ကတော့ အရမ်းကို ဂျီကျတတ်ပါတယ်။ ကျွန်မအဖေအလည်လာပြီး ပြန်သွားတုန်း က IPad ထဲမှာ အဖေ့ ဓာတ်ပုံတွေရှိတော့ သားသားက ညတိုင်း ဓာတ်ပုံကြည့်ပြီး ဖိုးဖိုး ဆိုပြီး ညတိုင်းခေါ် တယ်။ Skype ဖွင့်လိုက်ရင်လည်း ဖိုးဖိုးပဲ။ ဖိုးဖိုးကိုတွေ့လိုက်လို့ကတော့ ခုန်ပေါက်နေတော့တာ။ သားသား က ကျောင်းစတက်လိုက်တာ စကားကို သင်ပေးရင် ၂လုံးလောက် လိုက်ပြောတတ်လာတယ်။ အကုန်လုံး နားလည်ပါတယ်။ စကားမပြောတတ်သေးတာ ၁ခုထဲပါ။ English လိုပြောရင်လဲ နားလည်ပါတယ်။ Chinese လိုပြောရင် နားမလည်ပါဘူး။ ကျောင်းက ဆရာမတွေက Chinese လိုပဲပြောနေတော့ သားသားခမျာ ဘာမှနားမလည်ပါဘူး။ သားသားက မျက်မှန်အရမ်းကြိုက်ပါတယ်။ Restaurant တွေမှာ သွားစားရင် သားသားအတွက် အအေးအရင်မှာရတယ်။ ဒါမှငြိမ်တာ။ ၁ခါ၁လေ IPad ယူသွားပေးလိုက်တယ်။ အပြင်မထွက်ခင် သားသားကို ထမင်းအရင်ကျွေးတတ်တော့ သားသားက အပြင်စာ စားလေ့စားထမရှိပါဘူး။ သားသားကို မနက်စာ ၁ကြိမ် Biscuit ကို နို့နဲ့ခြေပြီး ကျွေးရင်ကျွေး၊ Cereal ကျွေးပါတယ်။ ထမင်း ၁ခါကျွေးရင် ကလေး ပန်းကန်နဲ့ ၁ပန်းကန်ခွဲစားတယ်။ ၁နေ့ကို ထမင်း ၂ကြိမ်ကျွေးတယ်။ ကြားထဲမှာ နို့သောက်တယ်။ သားသားကိုမွေးကတည်းက နို့မှုန့်ဗူး ၁လ ၅ဗူးဝယ်ရတယ်။ အခုလဲ အရင်အတိုင်းပဲ။ သားသားက နို့အရမ်း ကြိုက်တယ်။ ဖြတ်လို့မရသေးဘူး။ ညဆိုရင် သားသားက Snack စားတယ်။ အာလူးကြော်လဲ အရမ်းကြိုက် တယ်။ ဈေးသွားရင် အားလူးကြော်ထုတ် မြင်ရင် သွားဆွဲယူတာ။ ညရောက်တိုင်း အစားက ၁ခုပြီး ၁ခုပဲ။ အိပ်ခါနီးမှပဲ စားတာရပ်တော့တယ်။ သားသားက ကျွန်မတို့ဘက်လိုက်မယ်ထင်တယ်။ အစားအများကြီး စားပြီး မ၀ဘူး။ ကိုယ်လုံးကိုယ်ပေါက် အနေတော်ကလေးပဲ။

ဟေ ဘာကြည့်တာလဲ မကြည့်နဲ့ သားသားရှက်တယ်

သားသားက သူ့ ဆံပင်ကို ကိုင်ရင် မကြိုက်ပါဘူး။ ဆံပင်ညှပ်တဲ့ အချိန်ရောက်တိုင်း ကျွန်မ အရမ်းစိတ်ညစ်ရတာ။ ၀က်ဝက်ကွဲအောင်ကို ငိုတော့တာ။ သားသားကို ဆံပင်ညှပ်မယ့် ဆံပင်ညှပ်သမား က ယောင်္ကျားဖြစ်ပြီး လက်ရဲ ဇက်ရဲ ဖြစ်ပြီး ညှပ်တာ မြန်ရပါ့မယ်။ ၁ခါတုန်းက EC ဆံပင်ညှပ်ဆိုင်မှာ မိန်းမ ညှပ်တာ ၅ချက်လား ညှပ်လိုက်တယ်။ ၁၀ လဲကုန်တဲ့ အပြင် ဆံပင်က ဒုန်းရင်း ကဒုန်းရင်းပဲမို့ လို့ ယောင်္ကျားလေးကိုရွေးရတာပါ။ EC ဆံပင်ညှပ်ဆိုင်မှာ ကောင်လေး၁ယောက်ရှိတယ်။ သူနဲ့ပဲ သားသားကို ညှပ်တယ်။ သားသားအကြောင်းလဲ သိတယ်။ ညှပ်တာလဲမြန်တယ်။ ကျွန်မက အတိုဆုံးလို့ပြောပြီး ညှပ်ခိုင်းတော့တာ။ 15 Mins လောက်က world ပျက်မတတ်ပဲ (ပဆင့်တွေနဲ့မရိုက်တတ်လို့ပါ)။ သားသားရဲ့ ဆံပင်ကလည်း တအားသန်တာ လွန်ခဲ့တဲ့ ၂ပတ်ကညှပ်ထားတာ အခုတော်တော်ရှည်နေပြီ။ အရမ်းတို ကပ်နေအောင် ညှပ်ထားလို့တော်သေးတာ။ သားသားကို ခေါင်းလျော်မယ့် အချိန်ရောက်ရင်လဲ အငြိမ် မနေဘူး။ အော်ပြီးသောင်းကျန်းတာ။ 5 Mins အတွင်းအပြီးလျော်ရတယ်။ Kiddy Palace ဆိုင်ရောက် သွားလို့ ကတော့လိုချင်တာရှိရှင် ပူဆာတယ်။ မရလို့ကတော့ အိပ်ချတော့တာ။ အဲဒီလိုဆိုးလာတာ။ ကျွန်မက သားသားကို လတိုင်း ပုံမှန်ဝယ်ပေးပါတယ်။ ၁လကို ၄၀ ၀န်းကျင်လောက်ပါပဲ။


Vivo City တွင် ကားစီးရတာ ကြိုက်သော Mickey


သားသားက Vivo City မှာ ရှိတဲ့ Battery နဲ့ Car စီးရတာ အရမ်းသဘောကျတယ်။ အစက သားသားကို ကစားကွင်းမှာ ပေးဆော့ခိုင်းတာ ကလေးတွေကားစီးနေတာ မြင်တော့ အတင်းပြေးဆင်းသွားပြီး စီးမယ် ဖြစ်နေတာ နဲ့ပေးစီးလိုက်တာ။ 5 Mins ၅ကျပ်ပေးရတယ်။ အဲဒီနေ့က 10 Mins စီးခဲ့တယ်။ Vivo City ရောက်ရင် သားသားကားစီးမလားဆိုတာနဲ့ သားသားက သဘောပေါက်တယ်။ စကားမပြော တတ်ပေမယ့် မပို့ပေးလို့ကတော့ အမူအရာနဲ့သောင်းကြမ်းတော့တာ။ သားသားက IPad လိုချင်ရင် Pad Pad တဲ့။ နေကြာစေ့ စားချင်ရင်ပဲဖြစ်ဖြစ်၊ ကွာစေ့စားချင်ရင်ပဲ ဖြစ်ဖြစ် ကွာကွာတဲ့။ ဖိုးဖိုးနဲ့ Skype ကနေ စကားပြောရင် အာဘွားပေးလိုက်ဆိုရင် Monitor အနားသွားပြီး Monitor ကြီးကို ဖိုးဖိုးအမှတ်နဲ့ အာဘွားတဲ့။ ညတိုင်း ကျွန်မက မြင်းစီးမယ်ဆိုရင် ကျွန်မ နောက်ကြောကို ခွတက်တက်တယ်။ သားသားက အဖေဆိုရင် ပင်ပန်းတာတွေ မခိုင်းဘူး။ ကျွန်မပဲ ခိုင်းတာ။ တကူးကူးဆိုတာနဲ့ ခြေထောက် ၂ချောင်းကို လာခွတော့တာ။ သားသား တကူးကူး လာစီးရင် ကျွန်မခြေထောက်နာတယ်လေ။ သားသားက ဂျွမ်းလဲ ကောင်းကောင်း ထိုးတတ်တယ်။ အချိန်တိုင်းလုပ်နေလို့ ကြည့်နေရတယ်။ အဖေ ကိုခေါ်တာ Dad Dad တဲ့။ အမေကို ခေါ်တာ ကျတော့ နေနေတဲ့။ ၁ခါ၁လေကျမှ မေမေတဲ့။


သားသားရဲ့ Own Style (Marina Square တွင်)

သားသားက သူ့ကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ထိုင်ချလိုက်ပါတယ်။ အဲဒီ အပေါ်ပုံကလို ပုံစံမျိုးပဲ။ Camera မြင်တိုင်းရိုက်ခိုင်းတော့တာ။ ရိုက်ပြီးပြီဆိုရင်လဲ ပြရသေးတယ်။ သားသားက Youtube ထဲမှာ ကလေးတွေ ရယ်နေတာ တွေ့ရင် အရမ်းသဘောကျတာ။ သားသားပါ အဲဒီ အထဲကအတိုင်း လိုက်ရယ်တာ။ ဘယ်နှစ်ကြိမ် ကြည့်ကြည့် ဘယ်တော့မှမရိုးဘူး။ Angry Bird လဲဆော့တတ်တယ်။ Level 1 လောက်တော့ နိုင်တယ်။ သားသားက သူရှုံးတဲ့ဟာတွေဆိုရင် အဖေကို ကစားခိုင်းတယ်။ Bunny Game လဲကြိုက်တယ်။ အခုနောက်ပိုင်း သားသားဆော့နေတာ ABC Puzzle နဲ့ Kids Song ပဲ။ သူ့ကို ၁လ ၁ခါ Game လေးတွေ ရှာပြီးထည့်ပေးထားတယ်။ ပိုက်ဆံဝယ်ရတဲ့ A/C တွေကိုတော့ ပိတ်ထားတယ်။


သားသား ၂နှစ်ပြည့် မွေးနေ့ အကြိုဝယ်ပေးထားတာ


ကျွန်မကတော့ အခုအချိန်မှာ သားသားကို စကားပြောပြီး နားလည်တတ်တဲ့အရွယ်ရောက်ချင်နေပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Tuesday, January 10, 2012

ရခိုင်မုန့်တီသုတ် နှင့် ရခိုင်မုန့်တီအရည် (ရခိုင် style ရှုးရှဲ)

ရခိုင်မုန့်တီ အရည် နှင့် ရခိုင်မုန့်တီ အသုတ်

အခုတလော မုန့်တီသုတ်ကို ရခိုင်လို ရှုးရှဲစားချင်နေတာနဲ့ချက်လိုက်တာပါ။ အဲဒီနေ့က တကယ့်ရှုးရှဲပါပဲ။ စားလို့လဲကောင်းမှကောင်းပါ။ မင်းလမ်းကိုတောင်သတိရမိသေးတယ်။

Seabass ငါးအသေး၁ကောင်ဝယ်ပြီးသန့်စင်အောင်၁ခါထဲဆေးခိုင်းလိုက်ပါတယ်။ Seabass ငါးကို ဓားနဲ့စောင်းစောင်းမွှန်းပါတယ်။ ဆား၊ အချို့မှုန့်နှယ်ပြီး စပါးလင်၁ချောင်းကို ၃ပိုင်းပိုင်းပါတယ်။ ဂျင်းလက် ၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာကိုထောင်းထားပါတယ်။ အိုးထဲမှာ ရေ၁၀က်ထည့်ပြီး ဆူအောင်တည် ပါ တယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ၃မွှာ ထောင်းထားတာထည့် ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ အနံပျောက်မှ Seabass ငါးထည့်ပါတယ်။ မိနစ် ၂၀လောက် ပြုတ်ပါတယ်။ ငါးအသားနွှင်ပါတယ်။ Seabass ငါးကို ၃/၄ ပုံ၊ ၁/၄ ပုံဖယ်ထားပါတယ်။

ရခိုင်မုန့်တီအရည်တည်နည်း

ရခိုင်မုန့်တီအရည် အတွက်ပြင်ထားပုံ

ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာထပ်ထောင်းပါတယ်။ဒယ်အိုးထဲတွင် ရေ၁၀က် ထည့်ပြီး ဆူအောင် တည်ပါတယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာ ထောင်းထားတာထည့်ပါတယ်။ ငါးပိစိမ်းစား အနည်းငယ်ထည့်ပါတယ်။ အနံပျောက်ရင် Seabass ငါးကို ၃/၄ ပုံထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါ တယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါတယ်။

ရခိုင်မုန့်တီသုတ် ရှူးရှဲပြင်နည်း

ရခိုင်မုန့်တီသုတ် ရှုးရှဲ အနီးကပ်


မုန့်ဟင်းခါးခြောက်ကိုရေစိမ်ထားပါတယ်။ ဒယ်အိုးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူလာရင် ရေစိမ်ထားသော မုန့်ဟင်းခါးခြောက်ထည့်ပါတယ်။ ၈မိနစ်ဆိုရင်ဆယ် ပြီး ရေစစ်ထားပါ။

ငရုတ်သီးစိမ်းတောင့် ၃၀တောင့်လောက်ကို ဒယ်အိုး၁လုံးထဲထည့်ပြီး လှော်ပါ။

ကြက်သွန်ဖြူ ၁မွှာကို မီးဖုတ်ပါ။

လှော်ထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာကို ထောင်းပါ။

မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ထားပါ။

ကြက်သွန်ဖြူ ၅မွှာကို ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက် ချက်ထားပါ။
- နံနံပင်
- ဆား
- အချိုမှုန့်
- ပဲမှုန့်

စားမယ့်ပန်းကန်ထဲတွင် မုန့်ဖတ်ထည့်၊ Seabass ငါး ၁/၄ ပုံထည့်၊ အစပ်အနည်းငယ် (လှော်ထောင်းထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာ)၊ (ကြိုက်တတ်ရင် ငပိထောင်း အနည်းငယ် ထည့်လို့ရပါတယ်)ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲမှုန့် အနည်းငယ်၊ မန်ကျည်းမှည့် အနည်းငယ်၊ နံနံပင်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက် အနည်းငယ်၊ ငါးဖယ်ကြော် ၁ခု (ကျွန်မက ငါးဖယ်ကြော် ထည့်ပြီးသုတ်စားပါတယ်) ထည့်ပြီး သုတ်ထားတာပါ။

အရင်ကလည်း ရခိုင်မုန့်တီ - အာပူလျှာပူ အကြောင်းရေးဖူးပါတယ်။ ဒီမှာပါ။

Blog လာလည်သူ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, December 4, 2011

ကြက်ဥဟင်း ဆီပြန် ရေကျန်


ပြင်ဆင်ထားရမှာက -
ကြက်ဥ - ၅လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၂မွှာ
ဂျင်း - လက်၁ဆစ်
ကုလားလေး မဆလာ - လက်ဘက်ရည်ဇွန်း ၁ဇွန်း
ဂေါ်ရံကြီး မဆလာ - အနည်းငယ်
အရောင်တင် မဆလာ - အနည်းငယ်
အနံချွတ် မဆလာ - အနည်းငယ်
ခရမ်းချဉ်သီး အလတ် - ၁လုံး
ဆီ - ဟင်းခတ်ဇွန်း ၄ဇွန်းခွဲ (ဟင်းခတ်ရင် ယူသုံးလေ့ရှိတဲ့ဇွန်းမျိုး)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်

ကြက်ဥ ၅လုံးကို ပြုတ် အခွံခွာပြီး ထက်ခြမ်းခြမ်းထားပါတယ်။ ကြက်သွန်နီ ၁လုံးကို ပါးပါးလှီး၊ ကြက်သွန် ဖြူ နှင့်ဂျင်းကို ညက်ညက်ထောင်းပါ။  ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။။ ဆီထည့်ပြီး ဆီကျက်ပြီဆိုရင် ကြက်သွန် နီ ပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်နီ နွမ်းမှ ဂျင်း ကြက်သွန်ဖြူထောင်းထားတာထည့် ပါ။ နွမ်း ရင် အရောင်တင်မှုန့် အနည်းငယ်ထည့် ပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီ ဆီပြန်လာပြီဆိုရင် ကြက်ဥ ထက်ခြမ်းခြမ်းထားတာ ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျောပြီးထည့်ပါ။ ဆား၊ အချိုမှုန့်၊ မဆလာ၎မျိုးထည့်ပါ။ (မဆလာ အမည်များကို နောက်မှပြောပြပါမယ်)။ ဆီပြန်လာပြီဆို ရင် ရေနွေး ကို ကိုယ်ကြိုက်ရာအနေအထားထည့်ပြီး ပွက်ပွက်ဆူလာရင် ချလို့ပါပြီ။

Friday, December 2, 2011

မွေးနေ့လက်ဆောင်

ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ကျွန်မ ခင်ပွန်းဆီက ဒီပန်းစည်းလေးပေးပါတယ်။ တန်ဖိုးမရှိပေမယ့် ဒီပန်းစည်းထဲမှာ အဓိပ္မာယ်ပေါင်းများစွာ ပါဝင်ပါတယ်။ Romantics ဆန်ဆန်လေးဆို ကျွန်မက အရမ်း ကြိုက်တယ်။ ၁ခါထဲမေ့လို့မရအောင်စွဲသွားတာမျိုး။ နှလုံးသားထဲမှာ အမြဲအမှတ်တရဖြစ်နေမှာပါ။ ကျွန်မ ကိုမေးစဉ်က နှင်းဆီပန်းအနီက အချစ်ကို ကိုယ်စားပြုတာဆိုတော့ ဒီပန်းစည်းလေးက အချစ်တွေ အမုန်းတွေ မပါပါဘူးတဲ့။ အရင် စဉ်းစားကြည့်ကြပါလား။ ပြီးမှအဖြေကိုဖတ်နော်။

သူရေးပေးထားတဲ့ အတိုင်းပြန်ရေးပေးလိုက်တယ်နော် .....

ဒီပန်းစည်းလေးက ကိုတို့ရဲ့ မိသားစုဘ၀ကိုကိုယ်စားပြုတာ။ ပန်းစည်းထဲမှာပါတဲ့ ပန်း၃ပွင့်က ကိုရယ်၊ မွန်မွန်ရယ်၊ သားသားရယ်ပေါ့။ ကျန်တဲ့ အလှဆင်ထားတဲ့ ပန်းတွေ အခက်တွေက ကိုယ်တို့ရဲ့ နှစ်ဖက် မိဘသားချင်း၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ကိုယ်စားပြုတာ။ ပန်းစည်းလေးကို ကာထားတဲ့ အစိမ်းနုရောင် စက်ကူလို အရာလေးကကျတော့ စည်း သို့မဟုတ် ကျင့်ဝတ်ကို ကိုယ်စားပြုတာ။  ပန်းစည်းကို ကျစ်လစ် သပ်ရပ်အောင်စည်းထားတဲ့ အဖြူရောင် ဖဲပြားလေးကတော့ ကိုယ်ကျင့်တရားကို ကိုယ်စားပြုတာ။

ဒီပန်းလေး ၃ပွင့် ရှိရုံနဲ့ လှပတဲ့ ပန်းစည်း၁ခုဖြစ်မလာနိုင်ပါဘူး။ လှပတဲ့ ပန်းစည်းလေးဖြစ်ဖို့ဆိုရင် အခြား ပန်းပွင့်လေးတွေ၊ အခက်လေးတွေ၊ အရွက်လေးတွေနဲ့ ပြည့်စုံနေမှ၊ ပြီးတော့ အပြင်က စက်ကူဖတ်လေးက လည်း ၀န်းရံထားဦးမှ ဖဲကြိုးလေး မပါရင် ပန်းစည်းက လျော့တိလျော့ရဲနဲ့ မလှမပ မသပ်မရပ် ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ လူ၃ယောက် (ကိုယ်တို့ မိသားစုဝင် ၃ယောက်) ရှိရုံနဲ့ ပြီးပြည့်စုံ လှပတဲ့ မိသားစုဘ၀ဖြစ်ပြီးလို့ တထစ်ချမပြောနိုင်ပါဘူး။ 'ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ' ဆိုတဲ့စကားလို ၁ဦးကို၁ဦး အပြန်အလှန် ခံစားနား လည်ပေး၊ ကူညီပေး၊ ၁ဦးရဲ့ လိုအပ်ချိန်တိုင်းမှာ နောက် ၁ဦးက အဆင်သင့်ရှိနေသလိုမျိုး ဆွေမျိုးသားချင်း၊ သူငယ်ချင်းများလည်းရှိမှ မိသားစုဘ၀ကပိုပြည့်စုံတာ၊ နောက်ဒီမိသားစုလေး လိုအပ်ချိန်တိုင်း ကိုယ် စိတ်နှလုံး ၃ပါးစလုံးနဲ့ စောင့်ရှောက်ပေးနေတဲ့ နှစ်ဖက်မိဘ၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေရှိနေခြင်းက လည်း ကိုယ်တို့ မိသားစုလေးကို ပိုပြည့်စုံစေပါတယ်။

ကိုတို့မှာတော့ လိုအပ်တိုင်းကူညီဖို့ အသင့်ရှိတဲ့  နှစ်ဖက်မိဘ၊ ဘကြီး၊ ဦး၊ ဒေါ် ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းနှင့် သူငယ်ချင်းတွေအားလုံးကို ရယူပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် ဒီပန်းစည်းလေးထဲမှာ အခြား ပန်းအရွက်လေးတွေ အနေနဲ့ ကိုယ်စားပြုပြီးထည့်ထားတာ။

အဲဒီလိုပဲ မြန်မာဓလေ့ထုံးစံအရ ယောင်္ကျားကျင့်ဝတ်၊ မိန်းမကျင့်ဝတ်၊ မိဘ၀တ်၊ သား၊ သမီးဝတ် အစရှိသဖြင့် လူကျင့်ဝတ်လေးတွေကြောင့် မြန်မာလူမျိုးတို့ရဲ့ မိသားစုဘ၀ဆိုတာ နွေးထွေးမှု၊ စည်းလုံးမှု၊ စာနာနားလည် မှုတွေနဲ့ ပြည့်စုံနေတာပါ။ အဲဒါတွေမရှိရင်ပြီးပြည့်စုံတဲ့  မိသားစုဘ၀လို့ ခေါ်လို့မရနိုင်သေးဘူး။ ဒါကြောင့် ပန်းပွင့် အခက်အားလုံးကို ကာထားတဲ့ စက်ကူဖျော့ဖတ်လေးကတော့ ကိုယ်တို့ရဲ့ မြန်မာလူနေမှုထုံးစံအရ 'ကျင့်ဝတ်' ကိုကိုယ်စားပြုတာ။ အဲဒီကျင့်ဝတ်တွေကိုလိုက်နာဖို့ ကိုယ်ကျင့်တရားက အရေးကြီးသွားပြီ။ ဒါကြောင့် ပန်းစည်းလေး သပ်ရပ်လှပဖို့ အတွက် ချည်နှောင်ထားတဲ့ ဖဲပြားလေးက အရေးကြီးသလို ကိုယ်တို့ရဲ့ မိသားစုဘ၀လေးပြည့်စုံလှပဖို့ အတွက် လည်းကိုယ်ကျင့်တရားက အရေးအကြီးဆုံးပဲ။

အချုပ်အနေနဲ့ပြောရရင် ဒီပန်းစည်းလေး နောက်ဆုံးကြွေနွမ်းပျက်စီးသည်အထိ သပ်ရပ်လှပဖို့ လိုအပ်သလို ကိုယ်တို့ရဲ့ မိသားစုလေးလည်း နောက်ဆုံးထွက်သက်အထိ ရိုသေလေးစားရသော မိဘဆွေမျိုးသားချင်းများ၊ ချစ်ခင်ရပါသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနဲ့ မြန်မာဓလေ့လူကျင့်ဝတ်တွေကိုလိုက်နာပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးအဖြစ် ကြိုးစား ကြရအောင် .....

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Thursday, December 1, 2011

Happy Birthday & Happy Sweet December

ဒီနေ့ Sweet December ကျွန်မ မွေးနေ့ပါ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့စနေနေ့က Marche' Restaurant မှာ သွားစားဖြစ်တယ်။ အမှန်က ကျွန်မ မွေးနေ့ရောက်မှ သွားစားချင်တာပါ။ မအားတာနဲ့ပဲ အားတဲ့နေ့ကို ရွေးလိုက်တာ။

... စားသောပန်းကန်

ကျွန်မစားသောပန်းကန်

မွေးနေ့မှာ ခွင့်ယူပစ် လိုက်တယ်။ ကျွန်မရဲ့ စိတ်ကို အေးချမ်းစွာနဲ့ နေချင်လို့။ ကျန်တဲ့အချိန်က အရေး မကြီးဘူး။ ကျွန်မရဲ့ အယူကမွေးနေ့မှာ စိတ်ချမ်းသာရင် နောက်နှစ်မွေးနေ့အထိ စိတ်ချမ်းသာချင်လို့ပါ။ ကျွန်မမွေးနေ့ အတွက် ကျွန်မရဲ့ Customers တွေကို ရုံးနဲ့နီးတဲ့ Boon Tone Kee Restaurant မှာကျွေးဖြစ်တယ်။ အဲဒီ့ဆိုင်က Chicken Rice ကောင်းတယ်ဆိုပြီး Singapore မှာ နာမည်ကြီးတယ်။ Main ကကျွန်မနဲ့ လုပ်ဖော် ကိုင်ဖက်တွေတောင် အခုထိမကျွေးရသေးဘူး။ Main သွားဖြစ်တယ် ဆိုရင် ကျွေးဖို့ အစီအစဉ် ရှိပါတယ်။

ဘာသာရေးအတွက်ကတော့ မွေးနေ့ကစပြီး သရဏဂုံကို စပြီးကျင့်တော့မယ်လို့ ရည်မှန်းထားတယ်။ အရင် ကလည်းရေးဖူးပါတယ်။ ဒီမှာပါ။

ဒီ၁ခေါက် မွေးနေ့ အထိမ်းအမှတ် လက်ဆောင် အဖြစ် သူ့ဆီက ကတိ ၁ခုပဲတောင်းတယ်။ ကျွန်မရဲ့ အဖေက Lancome Cosmetics ၀ယ်ပေးတယ်။ ဒီ၁ခါ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို Coach Hand Bag ၁လုံး လက်ဆောင်ပေးတယ်။ ကျေးဇူးတင်ပါတယ် ... အချစ်ဆုံးသူငယ်ချင်းလေးရေ

Sweet December မှာ Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, November 26, 2011

From Yangon to Singapore

ကျွန်မရဲ့ Blog လေးကို ပစ်ထားတာ လနဲ့ချီနေပါပြီ။ ရေးစရာအကြောင်းအရာများလည်းရှိပါတယ်။ အလုပ် မအားတာက၁ကြောင်း၊အလုပ်ဒဏ်ပိနေတာက ၁ကြောင်း အကြောင်းကြောင်းသော အကြောင်း တွေကြောင့် မရေးဖြစ်တာပါ။

Yangon ကနေ Singapore ကိုလာလည်တဲ့သူတိုင်း အိမ်က ကျွန်မစားချင်သော အစားအစာများထည့်ပေးတတ် ပါတယ်။ အမျိုးအရင်းတွေဆိုရင် အသားတွေကို ရေခဲရိုက်ပြီးယူလာပါတယ်။ ကျွန်မအဖေလာတယ်ဆိုရင် သားစိမ်းငါးစိမ်းတွေအပြင် ဒီ၁ခေါက်က မနက်လေယာဉ်စီးလာရလို့ Mandalay နန်းကြီးမုန့်တီ၊ Mandalay မြီးရှည် ယူလာပါတယ်။ ညနေလေယာဉ်ဆိုရင်တော့ YKKO က ကြေးအိုးဆီချက်သယ်လာပါတယ်။

ကျွန်မအကြိုက်ဆုံး မပါမဖြစ်ယူလာရတာကတော့ ငါးရံအူ၊ ငါးသလောက်ဥ၊ ပုဇွန်ထုတ်၊ ငါးပုဏား၊ ငါးဖယ်တွေပါ ပဲ။ နောက် ငါးကြင်းပါယူလာပါတယ်။ ကျွန်မက ဒီက ပုဇွန်တွေကိုမစားပါဘူး။ ရန်ကုန်က ပုဇွန်လောက်အရသာ မရှိဘူးလို့ ခံစားရတယ်။ ကျွန်မ မမှာလဲ အဖေကသူ့ဟာသူ ထပ်သယ် လာသေး တာတွေရှိသေးတယ်။ အဖေ့ကို မနည်း ဘရိတ်အုပ်ထားရတယ်။ ကျွန်မက ဒီမှာဝယ် လို့မရတဲ့ အရာတွေ စားရရင် ပြီး တာပါပဲ။ 


အဖေယူလာတွေ


ဒီ၁ခါ ဆောင်းဦးစမို့လို့ Mandalay က သဲပုရစ်တွေအပိုပါလာပါတယ်။ အမတွေပါ။ အမတွေက ဥတွေနဲ့ပိုပြီး စားကောင်းပါတယ်။ ဦးလေးက Mandalay မှာနေလို့ နှစ်စဉ်နှစ်တိုင်း အမျိုးတွေစားဖို့ မိသားစုပုံးကြီးနဲ့ အပြည့်ပို့နေကြ။ ကျွန်မအတွက်ဝေစုက အကောင် ၁၂၀။ စားလိုက်ရင်မွှေးပြီးစိမ့်နေတာပါပဲ။ အဒေါ်တွေက ပုရစ်တွေကို ကောင်းကောင်းကြော်တတ်တယ်။ ဂျင်း ကြက်သွန်ဖြူ အနံမွေးမွေးလေးနဲ့ တအားစားကောင်းပါ တယ်။ အဖေနောက် ၁ခေါက်ထပ်လူကြုံရှိရင် ထည့်ပေးဦးနော်ဆိုတော့ တော်လောက်ပြီတဲ့။ ပုရစ်က စားကောင်းပေမယ့် သွေးတက်ပါတယ်။ ကျွန်မက အဖေရှေ့မှာ ၁၀ကောင်လောက် ပန်းကန်ထဲထည့်ပြီး စားတတ်ပေမယ့် အဖေလစ်ရင် Fridge ဖွင့်ပြီး ၃ကောင်လောက်နှိုက်စားလိုက်နဲ့ ပုရစ်အကောင် ၁၂၀ က ၄ရက်ထဲနဲ့ပြုတ်ကော။

အဖေကို ဒီ၁ခေါက် စားသောက်ဆိုင်ကောင်းကောင်းလေးတွေခေါ်ပြီးကျွေးဖြစ်တယ်။ Jumbo Seafood, East Coast သွားပြီးစားကြသေးတယ်။ ဆိုင်ကို ၅နာရီခွဲလောက်ရောက်တယ်လေ။ အဲဒီအချိန် အကောင်းဆုံးပဲ။ လူလဲသိပ်မများသေးဘူး။ Jumbo မှာ မမှာမဖြစ်တာကတော့ Chilli Crab ပဲလေ။ Cereal Prawn ကလဲချိုပြီး စားကောင်းတယ်။ အဲဒီအထဲမှာပါတဲ့ ပျဉ်တော်သိမ်ရွက်က မွေးပြီးစားလို့ကောင်းတယ်။ Seafood Fried Rice လဲအတော်လေးစားကောင်းတယ်။ နောက်ပြီး ဒီက Singaporean တွေနဲ့ သွားစားရင် မမှာမဖြစ်မှာစားကြတာ အဲဒီအရွက်ပဲလေ။ ဘယ်လိုခေါ်လဲတော့ မသိဘူး။


Jumbo မှာ မှာစားဖြစ်ခဲ့တာတွေ

Marche' Restaurant, Vivo City မှာလည်းသွားစားဖြစ်တယ်။ အဖေအကြိုက်ပေါ့။ အစားငမ်းနေတာနဲ့ ဓာတ်ပုံ ရိုက်ဖို့မေ့သွားတယ်။ ဆိုင်အပြင်အဆင်လေးကိုကြိုက်တယ်။ အဲဒီနေ့က အဖေမှာစားတာ အကောင်းဆုံးပဲ။ အဖေက ကောင်းကောင်းမှာစားတတ်တယ်။ အဲဒီဆိုင်က ၁ယောက် ၁ Card ပေးပြီး ကိုယ်စားချင်တာ မှန် သမျှ အဲဒီ Card ထဲရောက်တာ။ ပြီးမှ Card အားလုံးပေါင်းရှင်းတာ။ ကျွန်မတို့ သိပ်ပြီးမှာမစားတတ်တော့ စား လို့ သိပ်မကောင်းဘူး။ နောက် ၁ကြိမ် ကျွန်မမွေးနေ့မှာ သွားစားဦးမယ်လို့ စိတ်ထဲကနေ ကြုံးဝါးထား တယ်။  Golden Miles က ယိုးဒယား ဆိုင်မှာ သွားစား ဖြစ်ကြတယ်။ အဲဒီဆိုင်မှာ စားရင် အရမ်းစားကောင်းတယ်။ ကျွန်မတို့ရဲ့ ၃နှစ်ပြည့် မင်္ဂလာ နှစ်ပတ် လည် အနေနဲ့သွားစားဖြစ်တာ။ အဖေ နောက် ၁ကြိမ်လာရင် ဒီဆိုင်တွေအပြင်နောက် ဆိုင်တွေမှာ  ထပ်စား ဦးမယ်။

Weekend ဆို အပြင်ထွက်စားဖြစ်တယ်။ အဖေက သူယူလာတွေ မစားချင်ဘူး။ ကျွန်မတို့ အတွက်ကတော့ မစားရတာကြာလို့ စားကောင်းပေမယ့် အဖေ့ အတွက်က စားနေကြဆိုတော့ ရိုးနေပြီလေ။ အဖေက ၄ရက် ထမင်း ဟင်းချက်ကျွေးသေးတယ်။ အဲဒီချက်ကျွေးတဲ့နေ့တွေက ကျွန်မရုံးမှာ ပင်ပန်းနေမှန်း သိလို့ အဖေချက် ကျွေးခဲ့တာ။ အဖေချက်တာ ပုံစံ မတူတော့ စားကောင်းတယ်။

Birthday Present from My Daddy

1st December က ကျွန်မ မွေးနေ့လေ။ အဲဒီအတွက် အဖေက Birthday Present ဆိုပြီး Lancome ၀ယ်ပေးခဲ့ တယ်။ ကျွန်မ Crazy အဖြစ်ဆုံးက Cosmetics မှာ ဆိုရင် Lancome, ဖိနပ်၊ အိတ်၊ ကုန်ပြီနဲ့တူတယ်နော် ဟီးးးးး ဟီးးးးးးး။ ကျန်တာ ဒီလောက် Crazy မဖြစ်ဘူး။ နောက်မှ ကျွန်မ အကြိုက်များဆိုပြီး ခေါင်းစဉ်တပ်ပြီး ရေး ဦးမယ်။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, August 20, 2011

၁၈လပြည့် သားသား

၁၈လပြည့် သားသား


သားသားရဲ့ အကြောင်း ရေးမယ်နဲ့ချိန်နေတာ အတော်ကြာသွားပြီ။ အလုပ်များနေတာလဲပါပါတယ်။ သားသားက အခုဆို ၁၈ လပြည့်ပြီ။ ၁နှစ်ခွဲပြီပေါ့။ စကားကတော့ သိပ်မပြောသေးဘူး။ ကျွန်မက ၃နှစ်မှ စကားစပြောတာ ဆိုတော့ သားသားလည်း စကားပြောနောက်ကျမလား မသိဘူး။


Sky Park နှင့် သားသား


သားသားက ၁၁လကတည်းက လမ်းကောင်းကောင်းလျှောက်တတ်တာ။ တာတာ၊ ဘွား၊ နည်းနည်း၊ ဘိုင်၊ ဂျာ။ အဲဒါတွေပဲပြောတတ်သေးတယ်။ Mickey ရေခေါ်လိုက်ရင် ဂျာတဲ့ ပြန်ထူး တယ်။ သားသားက သူ့စိတ်ကလေး လိုမှ လုပ်တာ။ စိတ်မကြည်ဘူးဆိုရင် ဘာမှမလုပ်တော့ဘူး။ အပြင်သွား မယ်ဆိုရင် တာတာတဲ့။ ၁ခါ၁လေ Bye တဲ့။ Fly Kiss ပေး တယ်။ အိမ်မှာသားသားထိန်း တဲ့ ကောင်မလေး ကျန်ခဲ့ရင် ကရော် ကရော်တဲ့။ ကရော် ကရော်က လက်၅ချောင်း လုံးထောင်ပြီးလုပ်တာ။ ချိုမိုင်မိုင်လုပ်သ လိုပဲ။ ဖေမေက အာဘွား လာပေးပါဆိုရင် ပါးလေးကိုနမ်းပြီးရင် ဘွားတဲ့။ shake hands ပြော လိုက်ရင် သူ့လက် ၁ဖက်လာပြီး လုပ်တတ် တယ်။ သားသားက အစအနောက်လဲ ၀ါသနာပါတယ်။ ကျွန်မ Computer သုံးနေရင် အနောက်ကနေလာပြီး ၁ခုခု လာလုပ်တတ်တယ်။ အကျီစလေးလာဆွဲလိုက်တာ၊ အကျီကိုလန်ပစ်လိုက်တာ။ အဲဒီလိုလေး မထိတထိ စတတ် တယ်။ နောက်လှည့်ကြည့်လိုက်ရင် ပြုံးဖြဲဖြဲနဲ့။


၁၇လ ပြည့် သားသား


သားသားကို ၁နေ့ ၃ကြိမ်ကျွေးတယ်။ မနက်ဆိုရင် Biscuit ကိုနို့နဲ့ခြေပြီး ကျွေးတယ်။ ၁၈လ မရောက်ခင်အထိက ဆန်ပြုတ်လိုမျိုးပြုတ်ကျွေးတယ်။ ကြက်သား၊ ၀က်သား၊ ပုဇွန်၊ Broccoli၊ မုန်လာဥနီ၊ အာလူး၊ ကြက်ဥ ကျွေးတယ်။ အရင်က Blander နဲ့ကြိတ်ကျွေးရတယ်။ အခု ၁၈လ ကစပြီး ကြိတ်မကျွေးတော့ဘူး။ ၀ါးစားတတ်အောင် ကျင့်ပေးနေတယ်။ သားသား သွားတွေလဲ ပေါက်နေပြီ။ ၁၆ချောင်းရှိတယ်။ ကျွေးလိုက်ရင် မျိုချပစ်လိုက်တာ များနေတယ်။ သားသားက အိမ်စား ကြိုက်တယ်။ အပြင်သွားမယ်ဆိုရင် သားသားကိုအရင် ထမင်းကျွေး ထားရတယ်။ အပြင်ရောက်ရင် သိပ်မစားတော့ဘူး။ သားသားအပြင်မှာ စားတာဆိုလို့ KFC က အားလူးပဲရှိတယ်။ အခု ချိုလိမ် ပြတ်သွားပြီ။ နို့လဲသိပ်မစို့တော့ဘူး။ ညဆိုရင် Jelly or Chocolate ကျွေးတယ်။ ထမင်းလဲ အများကြီး စားတယ်။ ထမင်းစားရင် ၀ိုင်းစုခိုင်သိန်း သီချင်း VCD ဖွင့်ပေးရတယ်။ Music သံ ခပ်မြူးမြူးကြားရင် ထပြီး ကတော့တာပဲ။ သေချာကြည့်ပြီးလိုက်လုပ်တာ။ သားသား အကကို ၁ခါ၁လေမှ ကြည့်မိတယ်သူဆိုရင် မှတ်မိမှာမဟုတ်ဘူး။ ကကွက်ကလေးတွေပြောင်းသွားတာ။ မနက်မိုးလင်းလို့နိုးလာပြီဆိုတာနဲ့ Cartoon ကားကြည့်ပြီး မနက်စာ စားတာ။ ၁ခါ အလုပ် သွားခါနီး Okto Channel ကနေ ကလေးကာတွန်းကားထဲမှာ ကား ၆စီးလောက်တွေ့တာ သားသားက ရုတ်တရက်ထ လက်ညိုးထိုးပြီး ကား ကား ဆိုပြီးအော်တော့တာ။ သားသားက သနပ်ခါးအရမ်းကြိုက်တယ်။ သနပ်ခါးလိမ်းချင်ရင် ဗူးယူလာပြီး ပေးတယ်။


Universal Studio တွင်


သားသားက အခုဆိုပူဆာတတ်စ ပြုလာပီ။ အအေးထည့်ထားတဲ့စက်နားဖြတ်သွားလို့ကတော့ လက်ညိုးထိုးပြီး ပူဆာတော့တာ။ ၁ခါ၁လေ အကြွေစေ့မရှိရင် စိတ်ညစ်ရရော။ ဇွဲကလည်းကောင်းတယ်။ မရမချင်း ငိုပြီးတောင်း တာ။ အတင်းပြန်ခေါ်လာရတယ်။ အအေးအရမ်းကြိုက်တယ်။ Jelly လဲစားတတ်လာပီ။ Jel Jel စားမယ်ဆိုရင် Fridge နားကိုပြေးလာတယ်။ ကျွန်မက Jelly ကို Fridge ထဲထည့်ထားတတ်တာ သားသားက သိနေတယ်လေ။ ကွာစေ့လည်းကြိုက်တယ်။ ကွာစေ့ယူလာပြီဆိုရင် စစားပြီဆိုရင်အစေ့ ၂၀လောက် ကို အနားကနေ မခွာတော့ဘူး စားတော့တာပဲ။ ကျွန်မကခွာပြီး ၀ါးကျွေးတယ်။ ဒီအတိုင်းတော့ မကျွေး ဘူး။ ဖေမေရုံးက ပြန်လာပြီဆိုရင် တအားပျော်တာ။ ခုန်ပေါက်နေတော့တာ။ ၁ခါ၁လေ အဲဒီလိုမျိုးဆိုရင် စိတ်တောင် မကောင်း ဘူး။ သားသားကို ၁နှစ် အထိ တောက်လျောက် ကိုယ်နဲ့နေခဲ့ရတော့ သနားတယ်။ ကျွန်မမှာမလွှဲသာလို့သာ လုပ်နေရတာ။


Sentosa မှာ


သားသားက စကားသာမပြောတာ။ အကုန်နားလည်နေပြီ။ မျက်နှာ အရိပ်အကဲလည်းကောင်းကောင်း ကြည့် တတ်တယ်။ အမေက မျက်နှာထားလေးနဲ့ကြည့်လိုက်တာနဲ့ အောက်နှုတ်ခမ်းချပြီး စိတ်ကောက်တော့တာပဲ။ ၁ခါ၁လေခေါင်းတောင်ငုံလိုက်သေးတယ်။ ရိုက်လိုက်လို့ရှိရင် အမေရိုက်ရင် အဖေဆီပြေးတယ်။ အဖေရိုက်ရင် အမေဆီပြေးတယ်။ သားသားက ငိုပြီးဆိုရင် မေ လို့အသံရှည်ကြီးဆွဲခေါ်တယ်။ ၁ခါ၁လေ သားသား ဒါမလုပ်ရ ဘူးနော် ... ဟွန်း ပြောလိုက်တာနဲ့ ခေါင်းကြီးငုံပြီး စိတ်ကောက်တော့တာ။ အခုအချိန်မှာ သားသား စိတ်အ၀င်စား ဆုံး အရာ က တန်းတွေ့ပြီဆိုတာနဲ့ ခိုတော့တာပဲ။ အိမ်အောက်ဆင်းပြီး ဆိုရင် Lift ထဲမှာရှိတဲ့ တန်းက သူမှီတော့ ခိုပြီးဆင်းလာတာ။ အိမ်ရှေ့တံခါးကိုလည်းတွဲတက်တာပဲ။ ယောင်္ကျားလေးမွေးထားတော့ လဲမျောက်လောင်းလေး ၁ယောက် ရထားသလိုပါပဲ။



Singapore Zoo တွင်


သားသားကို မြန်မြန်စကားပြောအောင် ကြက်ဆီဗူးဝယ်ကျွေးမယ်။ Sheng Siong ရတယ်။ မနေ့က သွားဝယ် တာမရှိဘူး။ ကုန်နေလို့မရခဲ့ဘူး။ စကားပြောတတ်လာအောင် နောက်၁နည်း ဘယ်လိုလုပ်ရမလဲ။ သားသားကို NTUC Child Care မှာ ၁၈လပြည့်ရင်ထားမလို့ ၁၁လကတည်းက ကြိုစာရင်းသွင်းထားတာတောင် Waiting List ဖြစ်နေသေး တယ်။ ဒီမှာ ကလေးကျောင်းထားရတာ မလွယ်ဘူး။ ၁နှစ်ကြိုပြီး စာရင်းလုပ်ထား တာတောင် Waiting List တဲ့။ ကျောင်းထားလိုက်ရင် ကလေးတွေနဲ့နေပါများတော့ ပြောတတ်လာမယ်ထင်တယ်။ သား သား အောက်မှ ညနေ ဆင်းဆော့ရင် သားသားထက် ၂နှစ်လောက်ကြီးတဲ့ကောင်မလေးက သင်ပေးတာ ချက် ချင်းတတ်တယ်။ လက်ညိုး ၁ချောင်းထောင်ပြီး ရှူးတိုးတိုး ဆိုပြီး ချက်ချင်းလိုက်လုပ်တာ။


ပဲများနေတာ


သားသားက IPhone IPad ကိုပိတ်ထားရင် ဘယ်လိုဖွင့်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ဖုံးလာပြီဆိုရင် သူကလည်း နည်းနည်းပါးပါးပြောလိုက်ရမှ။ မိဘဆိုတော့လည်း သားသမီးအကြောင်းပြောရရင် မမောနိုင်မ ပန်းနိုင်ပါပဲ။ ၁ခါ၁လေ သားသား စိတ်လိုလက်ရရှိရင် ဖုံးပြောနေတာ အကြာကြီးပဲ။ ဖုံးကိုင်လိုက်ရင်ခလုတ်နှိပ် ပြီးမှပြောရတယ် ဆိုတာလဲ သိတယ်။ ရေထဲမှာဆော့နေရင် တအားပျော်၊ ခေါ်လို့တောင် မရဘူး။ မနည်းခေါ်ယူရ တယ်။ သားသားကို အရုပ်ဝယ်ပေးရင် သူ့လက်ထဲ ထည့်ပေးလိုက်ရင် ပြန်ကို မပေးတော့ဘူး။ ကိုင်ထားတော့တာ။ အဲဒီတော့ ၀ယ်ပေးလိုက် ရတယ်။ ဈေးသွားရင်လဲ ဈေးရောက်ပြီဆိုတာနဲ့ သူ့ကတောင်းတော့တာ။ ၁ခုခု ပေးထားရတယ်။ ငယ်ငယ်တုန်း က ဘယ်သူ ချီချီလိုက်တယ်။ အခု မလိုက်တော့ဘူး။ သားသားကိုချီ မယ်ဆိုရင် သူ့နှုတ်ခမ်းကို ထော်ပစ်လိုက်တယ်။ အိမ်မှာဧည့်သည်လာရင် စစ ချင်းတော့ နည်းနည်းစိမ်းနေသေးတယ်။ နောက်တော့ အဲဒီအနားက မခွာတော့ဘူး။ ပြန်သွားရင် သူပါ အောက်လိုက်ချင်နေတာ့တာ။ နောက်များမှပဲ ဆက်ရေးတော့မယ် ပရိတ်သတ်ကြီးရေ ... သားသား အကြောင်းကတော့ ဒီလောက်နဲ့ပဲကျေနပ်ပါလို့။

Saturday, August 13, 2011

ဝက်သားလုံး ချိုချဉ်ကြော်


ဝက်သားလုံး ချိုချဉ်ကြော်အတွက်ပြင်ဆင်ထားရမှာက

ဝက်သားကြိတ်သား ၁ထုတ်
ပန်းဂေါ်ဖီ ၁/၄ ပုံ
ခရမ်းချဉ်သီး ၁လုံး
မုန်လာဥနီ ၁လုံး
Broccoli ၁/၄ပုံ (or) ဗိုလ်စားပဲသီး ၁၀ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
ဂျင်း လက် ၃ ဆစ်
ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ
အချိုမှုန့် အနည်းငယ်
တရုတ်နံနံ ၅ပင်
Sweet and Sour Sauce ၁ထုတ်
ပြောင်းဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း တို့ပါဝင်ပါတယ်။

ဇလုံ၁ခုမှာ ၀က်သားကြိတ်သား၊ (ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက် ၂ဆစ် ထောင်းထား ပြီးသား)၊ ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ အချိုမှုန့် အနည်း ငယ်၊ ပြောင်း ဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း ကို လက်ဖြင့် သမအောင်နှယ်ပြီး နာရီဝက် နှပ်ထား ပါတယ်။ နှပ်ထားပြီးလျင် ၀က် သား ကြိတ်သား ကို လုံးပါ။

ဝက်သားလုံးနှပ်ထားချိန်မှာ မုန်လာဥနီ ၁လုံးကို အခွံခွာပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီး ၁လုံးကို ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ်ကို ထောင်းထားပါ။ ပန်းဂေါ်ဖီကို လှီးထားပါ။ Broccoli ကိုလည်း လှီး ထားပါ။ (or) ဗိုလ်စားပဲသီး ၁၀ တောင့်ကို ၁တောင့်ချင်းဆီကို စောင်းစောင်းလှီးထားပါ။

ဒယ်အိုးထဲမှာ ဆီ ထည့်ပါ။ ဆီကျက်လျင် လုံးထားသော ၀က်သားများကို မီးအေးအေးဖြင့်ကြော်ပါ။ နီလာလျင် ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါ။

နောက်ထပ် ဒယ်အိုး ၁လုံးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ် ထောင်းထားပြီးသားကို ဆီသတ်ပါ။ brocoli ထည့်ပါ။ ပန်းဂေါ်ဖီထည့်ပါ။ မုန်လာဥနီထည့်ပါ။ ကြော်ထားပြီးသော ၀က်သားထည့်ပါ။ Sweet and Sour Sauce ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ချခါနီး အချိန်မှ တရုတ်နံနံ အုပ်ပါ။

Saturday, June 4, 2011

ဂေါ်ရခါးညွှန့်ကြော်ချက်

ဂေါ်ရခါးညွှန့်ကို Golden Miles သွားတုန်းက၀ယ်လာတာပါ။ သိပ်အကြိုက်ချည်းထဲမှာမပါပါဘူး။ ဂေါ်ရခါးညွှန့်ကို အရင်ဦးဆုံး ခြွေပါတယ်။ အရိုးရင့် အောက်ပိုင်းကိုဓားဖြင့်လှီးပြီးဖြတ်ထုတ်လိုက်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာကို ဓားပြားရိုက်၊ ကြက်သွန်နီ ၁၀က်ကို ပါးပါးလှီးဆီသတ်၊ ဆား၊ အချိုမှုန့်ထည့်ပြီ ကြော်ထားတာပါ။

Friday, June 3, 2011

ကိုက်လန်အရိုး ခရုဆီကြော်

NTUC မှာ ကိုက်လန်အရိုးချည်းပဲ ရောင်းပါတယ်။ ဒါပေမယ့် ၁ခါ၁ရံမှသာ တွေ့တတ်ပါတယ်။အကြီးကြီး၁ချောင်း ထဲပါ။ Kai Lan Stem လို့ရေးထားပါတယ်။

ကိုက်လန်အရိုးအရင်းပိုင်းကိုဓားဖြင့်ဖြတ်ထုတ်လိုက်ပါတယ်။အပေါ်ယံအရေခွံကိုလဲခြစ်ထုတ်လိုက်ပါတယ်။ လက် ၂ဆစ်အရှည်လောက်လှီးပါတယ်။ ကြက်သွန်ဖြူ၃မွှာကို ဓားပြားရိုက်ပြီးအခွံခွာထားပါတယ်။ ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဓားပြားရိုက်ထားတာထည့်ပြီး ဆီသတ်ပါတယ်။ ကိုက်လန်အရိုးထည့်၊ ဆား၊ အချိုမှုန့်၊ ခရု ဆီတို့ကိုတပြိုင်တည်းဆက်တိုက်ဆိုသလိုထည့်ပါတယ်။ ၇မိနစ်လောက်ဆိုရင်ရပါပြီ။ စားရတာ ထုတ်ထုတ်နဲ့ အရသာ အရမ်းရှိပါတယ်။

လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် ......

Thursday, June 2, 2011

ဆိတ်သားခြောက် ဆီပြန်ဟင်း

ဆိတ်သားခြောက်ကို လက်ဖြင့်ဖဲ့ပြီး ဆီ၊ ဆား၊ အချိုမှုန့်နှယ်ပြီး ကြာရှည်စားလို့ရသလို ချက်ပြီးလည်းစားလို့ရ ပါတယ်။ ကျွန်မချက်ထားတာ ၁ထုတ်ရဲ့ ၃/၄ ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် ရင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါ။ ခရမ်းချဉ်သီးကြေပြီ ဆို လျင်ဆိတ်သားခြောက်ကို လက်ဖြင့်ခြေပြီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ခဏလောက်ထားပြီးမှ ငရုတ် သီးစိမ်းတောင့်ထည့်ပါတယ်။ ဆီပြန်ရင် ရပါပြီ။

Wednesday, June 1, 2011

ဖက်ထုတ်



ကျွန်မငယ်ငယ်က ဖက်ထုတ်အရမ်းကြိုက်တဲ့ ဆိုင်လေး ၁ဆိုင်ရှိပါတယ်။ ကျွန်မဖက်ထုတ်စ စားဖူးခဲ့တဲ့ဆိုင်လေး ပါ။ စစားခဲ့တုန်းက ကောင်းတဲ့ဆိုင်စားခဲ့ရတော့ နောက်စားခဲ့တဲ့ဆိုင်က ယခင်စားတာလောက်ကောင်းတယ်လို့ မ ထင်မိဘူး။ မေမေက ကျောင်းကပြန်တိုင်း ၁ခါ၁လေ ၀ယ်ကျွေးတယ်။ ကျွန်မထက် ကြီးတဲ့သူတွေက မှတ်မိကြ ပါလိမ့်မယ်။ မှတ်မှတ်ရရ ကျွန်မ ၄တန်းမရောက်ခင် အချိန်ကပါ။ ၁၉၈၅ မကျော်ခင်။ အဲဒီအချိန် ဖေဖေက UK မှာ။ ဆိုင်လေးက Yangon University Main Entrance ရှေ့ကလှည်းနဲ့ရောင်းတဲ့ဆိုင်လေးပါ။ (စိတ်မရှိပါ နဲ့နော်။ ကျွန်မပဆင့်တွေနဲ့မရိုက်တတ်ဘူး။ ပြောရရင် ဘယ်နားရှိမှန်းမသိလို့ပါ)။ ကျွန်မကိုယ်တိုင်လုပ်စားကြည့် ချင်လို့လုပ်ကြည့်တာပါ။ အခု အဲဒီ့ဆိုင်လေး မရှိတော့ပါ :(


လုပ်နည်းပြောပြမယ်နော်။ NTUC ကနေ wanton အဖတ်ဝယ်လာပါတယ်။ ကြက်သားကြိတ်ထားပြီးသားပါဝယ် ပါတယ်။ အရင်ဆုံး ကြက်သားကြိတ်ထားပြီးသားထဲက ၁၀က်သုံးပါတယ်။ ဇလုံ ၁ခုထဲမှာ ကြက်သားကြိတ်သား ၁၀က်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက်၊အကြည်၊ ကော်မှုန့် အနည်းငယ် ကြိုက်တတ်ရင် ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ)၊ ကြက်ဥကိုဖောက်ပြီးထည့်ပါတယ်။ ကျွန်မကဒီမှာ ကြက်သွန်မြိတ် ထည့်မထားပါဘူး။ ၁၅မိနစ် လောက်နှပ်ထားပါတယ်။ စပြီးဖက်ထုတ်လုပ်တော့မယ်ဆိုရင် လက်၂ဖက်လုံး ခြောက်သွေ့နေရပါ မယ်။ ရေမစိုစေရပါဘူး။ ရေစိုရင် ဖက်ထုတ်လုပ်ရာမှာ ဖက်ထုတ်အရွက်ကို ထုတ်မရဖြစ်တတ်ပါတယ်။ ဖက်ထုတ် ၁ရွက်ယူ၊ နှပ်ထားသောကြက်သားအနည်းငယ်ယူပြီး အလယ်ခေါင်ကိုပုံလိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်းထုတ်လိုက်တာပါ။ စိတ်ရှည်ရှည်လုပ်ရပါတယ်။ နောက်၁ကြိမ်လုပ်စားဖြစ်မယ်မထင်ပါ။ ထည့်တဲ့အစာများသွားရင်လည်းအလယ်ကမကျက်တာဖြစ်တတ်ပါတယ်။ဖက်ထုတ်ပေါင်းလုပ်စားဖို့ရာအဆင်ပြေ မယ်မထင်ပါ။ ကျွန်မအိမ်မှာ ပေါင်းအိုးလဲ မရှိပါ။ ကျွန်မဖက်ထုတ်ကြော်မကြိုက်ပါ။ ဒါနဲ့ပဲဖက်ထုတ်ပြုတ်ဖြစ်သွား ပါတယ်။ လက်ကျန်ကြက်ရိုးကလဲရှိနေသေးတယ်လေ။ ဒယ်အိုး၁လုံးမှာ ရေထည့်၊ ရေဆူလာရင် ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်၊ ကြက်သွန်ဖြူအနံပျောက်မှ ကြက်ရိုးထည့်၊ ၁၀မိနစ်နေမှ ဖက်ထုတ်အားလုံးကို ၁ခုချင်း ဆီဖြေးဖြေးထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ၁၅မိနစ်နေရင် ရပါပြီ။

Tuesday, May 31, 2011

ကြက်မြစ် ကြက်သဲဆီပြန်ဟင်း


ကြက်မြစ်၊ကြက်သဲဟင်းကို ဆား၊အချိုမှုန့်၊ကြိတ်မဆလာတို့ဖြင့်နှယ်ပြီး ၁ညနှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသော အရာများကိုထည့်ပါ။ နွမ်းလာပြီဆိုလျင် နှပ်ထားသောကြက်မြစ်ကြက်သဲထည့်ပါ။ ရေ၃ရေထည့်ပြီး ဆီပြန်လာရင် ရပါပြီ။

Monday, May 30, 2011

ငါးရံခြောက်ဟင်း/ငါးခြောက်ဟင်း

ငါးရံခြောက်ပြားကို ၂မြောင်းဖြတ်လိုက်ပါတယ်။ လက်၁ဆစ်အရွယ်လှီးပြီး ရေ၁၀မိနစ်ခန့်စိမ်လိုက်ပါတယ်။ ငါးရံခြောက် အသားပွတက်လာအောင်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံးညက်နေ အာင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးပါးပါးလှီး ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် ငါးခြောက်အတုံးလေးတွေထည့်ပါ။


ရေ၁ရေနှုးပြီးလျင်နောက်ထပ်၁ရေထပ်ထည့်ပါ။ ရေစိမ်ထည့်တာထက်ရေနွေးဆူပြီးသားထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ကိုထက်ခြမ်းခြမ်းပြီးထည့်ပါတယ်။ ကျွန်မကအဲဒီလိုချက်စားရင် ငရုတ်သီးစိမ်းတောင့် ကိုက်စားရတာအရမ်းကြိုက်လို့များများထည့်ပါတယ်။ ချခါနီးမှ နံနံပင်အုပ်ပါ။

လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, May 29, 2011

ငါးသလဲထိုး ဆီပြန်ဟင်း

City Hall ကနေ ငါးသလဲထိုး စားချင်နေလို့ဝယ်လာခဲ့ပါတယ်။ အရမ်းအကြိုက်ကြီးထဲမှာမပါပါဘူး။ ချက်စား တာ တော်တော်ကိုရှားပါတယ်။ ငါးသလဲထိုးကြော်ထက် ဟင်းကိုပိုကြိုက်ပါတယ်။ ငါးသလဲထိုး ၁၀က်ကိုရေ စင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသောအရာများ ကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံး ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် နှယ်ထားသောငါးသလဲထိုးများ ထည့်ပါတယ်။ ပုဇွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ဆီပြန်လာလျင် နံနံပင်အုပ်ပြီး သုံးဆောင်နိုင် ပါပြီ။

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, May 28, 2011

အိမ်လုပ် Pizza



ဒီ၁ခါ အိမ်လုပ် Pizza အကြောင်းပြောပြမယ်နော်။ ကျွန်မ Pizza အရမ်းကြိုက်ပါတယ်။ နာနတ်သီးပါတဲ့ Pizza ကလွှဲရင်ကျန်တာအကုန်စားပါတယ်။ Pizza အိမ်မှာဘယ်လိုလုပ်ရလဲဆိုတာ နည်းလမ်းပေးသော Aunty Sweet ကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်။

ကျွန်မ Pizza ဘယ်လောက်ကြိုက်လဲဆိုရင် သားသားကိုယ်ဝန်ဆောင်ထားစဉ်က Pizza အရမ်းကြိုက်လို့ မှာ Online ကနေ Delivery မှာစားတာလေ။ အိမ်နဲ့ Pizza Hut ကနီးနီးလေးကို ... :)

ကျွန်မလုပ်ပုံလုပ်နည်းပြောပြမယ်နော် ...


ပုံမှာပါတဲ့အတိုင်းအားလုံး Fair Price မှာဝယ်လို့ရပါတယ်။ Pizza အောက်ခံက ၁ထုတ်ကို ၅ချပ်ပါပါတယ်။ ကျွန်မသုံးထားတာ Italian Sauce ပါ။ Pizza ပေါ်ဖြူးရတဲ့ Cheese ကိုဝယ်ပါတယ်။ အထုတ်မှာရေးထားတတ် ပါတယ်။
ဒီပုံက Pizza မှာပါတာတွေကို ပြင်ဆင်ထားတာပါ။ အရင်ဦးဆုံးကြက်သားကို အသားချည်းပဲ ပြုတ်ပါတယ်။ ကြက်သားဟင်းချက်စဉ်က ဖယ်ထားတဲ့ အသားတွေကို ဆား၊ အချိုမှုန့်နှယ်ပြီးပြုတ်လိုက်ပါတယ်။ မှို၅လုံးကို လှီးထားပါတယ်။ ပန်းငရုတ်ပွ ၁လုံးရဲ့ ၁၀က်ကို သေးသေးလေးတွေလှီးထားပါတယ်။ Picnic Ham ကိုလေးတောင့်ပုံစံလေးတွေလှီးထားပါတယ်။

Pizza Base ၁ချပ်ကိုယူပြီး Intalian Sauce ကို ပေါင်မုန့်သုတ်တဲ့ ဓားဖြင့် ပေါင်မုန့်သုတ်သလိုပုံစံ သုတ်လိုက်ပါ တယ်။ မထူမပါးသုတ်လိမ်းပေးရပါမယ်။ အရမ်းထူလွန်းအားကြီးလဲမကောင်းပါဘူး။ ကြက်သားပြုတ်ထားပြီးသား ကိုအနှံတင်ပါတယ်။ Picnic Ham ကိုလဲနေရာအနှံတင်ပါတယ်။ မှိုလဲတင်ပါတယ်။ ပြီးရင် ပန်းငရုတ်ပွတင် ပါတယ်။ နောက်ဆုံးမှ Cheese ကို နေရာအနှံဖြူးပါတယ်။ ကျွန်မအိမ်မှာ Oven မရှိတဲ့ အတွက် Oven လိုပုံစံပေါင်မုန့်မီးကင်စက်နဲ့ အပေါ်နှင့်အောက် မီးအပူဖြင့် ၁၀မိနစ်ခန့်ကင်ပါ တယ်။ မကင်ခင် ကင်မယ့် သံပြားကို မကပ်အောင် ထောပတ်/ဆီအနည်းငယ် သုတ်လိမ်းပေးပါ။

နောက်ဆုံးမှာ ဒီလိုလေးဖြစ်လာပါတယ်။

အားလုံးပဲကျန်းမာရွှင်လန်းပါစေရှင် .....

Friday, May 27, 2011

ပဲပုတ်ချက်

City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည် သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။


အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

ပဲပုတ် (အနီးကပ်)

Thursday, May 26, 2011

ကိုယ်တိုင်ချက် မုန့်ဟင်းခါး

ကျွန်မမုန့်ဟင်းခါးကိုကြိုက်ပါတယ်။ရန်ကုန်ပြန်ရင်စားနေကျဆိုင်လေးရှိတယ်။ မောင်သိန်းမုန့်ဟင်းခါးခေါ်အင်း ယားလမ်းမဖြူ မုန့်ဟင်းခါးဈေးကိုကသူများထက် ၂ဆ၊၃ဆဈေးအရမ်းကြီးပါတယ်။ အဲဒီမုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်လဲဆိုရင် ရောက်တဲ့နေ့မှာ အဲဒါပဲစားတာ။ ထမင်းတောင် မစားတော့တာ။ မေမေရှိစဉ်က ဘယ်လိုချက်သလဲဆိုတာ မေးဘူးတယ်။ သူတို့က ဘယ်တော့မှနည်း မပေးဘူး။ မေမေ မေးပါများတော့မှ ငါး ကျည်း၊ ငါးခူနဲ့ ချက်တာဆိုတာသိရတယ်။ ဒါပေမယ့်ချက်ကြည့်တော့လဲ မတူပါဘူး။ ကျွန်မက ဒီမှာ Seabass ငါးခူ၊ငါးကျည်းနဲ့၃မျိုးချက်တယ်။ ငါးကျည်းကအကောင်းဆုံးပဲ။ ကျွန်မငါးကျည်းနဲ့ချက်ပုံချက်နည်းပြောပြမယ်နော်။

ကုလားပဲလက်၁ဆုပ်စာကို ၁ညရေစိမ်ထားပါတယ်။ မနက်ရောက်လျင်ကုလားပဲကိုပြုတ်ပါတယ်။ ပြီးရင်Blender နဲ့ကြိတ်ထားပါတယ်။

မွှေးတံဆိပ် ဆန်စိမ်းမှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းကို ရေအေးနှင့်ဖျော်ထားပါတယ်။

မြေပဲကို ငရုတ်ဆုံနဲ့ မညက်တညက်လေးထောင်းထားပါတယ်။

ကြက်ဥ ၅လုံးပြုတ်၊ အခွံခွာပြီး ပါးပါးလှီးထားပါတယ်။

အရင်ဦးဆုံး City Hall က နေ၀ယ်လာတဲ့ ငါးကျည်း ၁ထုတ်ကို ၁၀က်တိတိ သုံးပါတယ်။ ငါးကျည်းကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါး လင် ၁ချောင်းကို ၃ပိုင်းပိုင်း၊ ဂျင်းလက်၁ဆစ်ပါထည့်ပြီး ပြုတ်ပါတယ်။ ငါးငြီနံပျောက်အောင် ပါ။ ၁၅ မိနစ်ဆိုရင် ငါးကျည်းနူးလောက်ပါပြီ။ ငါးကျည်းကို ဆယ်ပြီး အအေးခံထားပါတယ်။ အေးသွားပြီဆိုလျင် ငါးကျည်းကို အသားချည်းပဲနွံပါတယ်။ ငါးကျည်းအရိုးကို သတ်သတ်ဖယ်ထားပါတယ်။

ငါးကျည်းအရိုးကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင်ပြန်ထောင်းပါတယ်။ အရည်ထွက်လာအောင်ပါ။ ငါးကျည်း အရည်ကိုသပ်သပ်ပန်းကန်ထဲမှာ ထည့်ထားပါတယ်။

ဂျင်းလက်၂ဆစ်၊ ကြက်သွန်ဖြူ ၅တောင့်၊ စပါးလင် ၁ချောင်းကိုရောပြီး Blender နဲ့ကြိတ်လိုက်ပါတယ်။ ပြီးရင် ငရုတ်ဆုံထဲထည့်ပြီးညက်အောင် ထပ်ထောင်းပါတယ်။

မုန့်ဟင်းခါးချက်မယ့်အိုးမှာ ဆီအနည်းငယ်ထည့်ပြီး ဆနွင်းမှုန့်ထည့်ပါ။ ပြီးမှဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်ထောင်း ထားတာကိုဆီသတ်ပါတယ်။ မွေးလာပြီး အ၀ါရောင်သန်းလာပြီဆိုလျင် အရောင်တင်မှုန့်အနည်းငယ် ထည့်ပါ တယ်။ ငါးကျည်းနွှင်ထားပြီးသား အသားကိုထည့်ပါတယ်။ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးနေပါ။ ဆီပြန်လာခါနီး အချိန်မှ ငါးကျည်းပြုတ်ထားသောအရည်ကို ထည့်ပါတယ်။ ပြီးရင် ငါးကျည်းထောင်းထားသော အရည်ထည့်ပါတယ်။ ပွက်ပွက်ဆူအောင်စောင့်ပြီး ဆန်စိမ်းမှုန့်အရည်ဖျော်ထားတာရယ်၊ ကုလားပဲထောင်း ထားပြီးသားကို ထည့်ပါတယ်။ မြေပဲထောင်းထားပြီးသားပါ ထည့်ပါတယ်။ ကြက်သွန်နီ အလုံးသေးသေးလေးတွေ ထည့်ပါတယ်။ ကြက်ဥ ပါးပါးလှီးထားတာပါ ထည့်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်ကျအောင်တည်ပါတယ်။

မုန့်ဟင်းခါးဟင်းရည်ပျစ်ပျစ်ကြိုက်သူများက Seabass ငါးနှင့်ချက်လျင်ကောင်းပါတယ်။ ကျွန်မကတော့ ငါးကျည်း နှင့်ချက်တာကိုပိုကြိုက်ပါတယ်။

ငှက်ပျောအူရှိရင်ငှက်ပျောအူပါးပါးလှီး၊ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီးရေစိမ်ပါ။ပြီးရင်အိုး၁လုံးမှာထည့်ပြီးနှုးအောင်ပြုတ်ပါ။

မုန့်ဟင်းခါးထဲကို ပဲကြော်၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးမှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင် ....

ငါးကျည်းနှင့်ချက်သောမုန့်ဟင်းခါး (အနီးကပ်)

ငါးကျည်းနှင့်ချက်ထားသော မုန့်ဟင်းခါးအိုး (အနီးကပ်)

ငါးခူနှင့်ချက်သောမုန့်ဟင်းခါး

Seabass ငါးနှင့်ချက်သော မုန့်ဟင်းခါး

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် ...

Wednesday, May 25, 2011

လမ်းသရဲမုန့်

လိုအပ်သော ပစ္စည်းများ

Blog မရေးဖြစ်တာ အတော်ကြာသွားပြီ။ ဒီ၁ခါ အားလုံးသိပြီးပြီဖြစ်တဲ့ လမ်းသရဲမုန့် ခေါ် ရေမုန့် ခေါ် မုန့်ရေပါး အကြောင်း ပြောပြမယ်နော်။ ကျွန်မ အရမ်းကြိုက်တဲ့ မုန့်ပါ။ ကျော်စားတဲ့နေ့ဆို ၁ခါ၁လေ ထမင်းနည်းနည်းပဲစား တာ။

ဆန့်မှုန့် ဆန်ခြင်ခွက် ၁ခွက်၊ ရေ ဆန်ခြင်ခွက် ၂ခွက်၊ ဆန်မှုန့် နှင့် ရေက ၁:၂ ဖြစ်ရပါမယ်။ လက်နဲ့ မွှေပေးပါ။ ဆား၊ အချိုမှုန့် ထည့်ပါ။ ဂေါ်ဖီထုတ်ပါးပါးလှီး၊ ပဲပြုတ်၊ နံနံပင် ပါးပါးလှီး၊ ငရုတ်သီးစိမ်းတောင့် ပါးပါးလှီး၊ ခရမ်းချဉ် သီး ၁လုံး ပါးပါးလှီး၊ ကုလားလေး မဆလာ အဆင့်သင့် လုပ်ထားပါ။ ဒယ်အိုးပြားဖြစ်ရပါမယ်။ ဆီက ၁ချပ်ကို ဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပါ။ ဆီပူလာလျင် ယောက်ချို ဇွန်း ဖြင့် အနီးကပ် လောင်းထည့်ပါ။ အနီးကပ်လောင်း ထည့်မှ ၀ိုင်းဝိုင်းလေး ဖြစ်လာမှာပါ။ တဆက်ထဲ ဂေါ်ဖီဖြူး၊ ပဲပြုတ်ဖြူး၊ ခရမ်းချဉ်သီးဖြူး၊ နံနံပင်ဖြူး၊ မဆလာဖြူး ပြီး အဖုံးအုပ်ထားပါ။ ဘေးသား ကျွတ်လာရင် ရပါပြီ။ ဘေး သား မကျွတ်ခင် မမွှေပါ နဲ့။ မွှေလိုက်ရင် ပုံစံပျက်ပြီး ပစ်လိုက်ရတတ်ပါတယ်။ အိုးကို နည်းနည်းလှုပ်ပါ။ ၅ခုလောက်တော့ ရပါတယ်။

၂ယောက်လုံးကလည်း အရမ်းကြိုက်တော့ နောင်အမြဲလုပ်စားဖြစ်မယ့် မုန့်လေး ဖြစ်လာဦးမှာပါ။

အနီးကပ်

လမ်းသရဲမုန့်

ကျွန်မ ချက်ထားပြီး မတင်ဖြစ်တာတွေ အများကြီးပါ။ ကြိုးစားပြီးတင်ပါ့မယ်။ စောင့်မျှော်ပါဦးနော်။ လာကြည့်ပြီး ဘာမှမရှိပဲ ပြန်သွားရတဲ့ အတွက် အားလုံးကို အားလဲ အရမ်းအားနာပါတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် ...

Thursday, March 17, 2011

သခွားသီးသုတ်

သခွားသီးသုတ် ဆိုပေမယ့် ကျွန်မက သဘောင်္သီး မကြိုက်လို့ သခွားသီးနဲ့သုတ်ကြည့်တာပါ။ အရမ်းစားကောင်း ပါတယ်။ ကျွန်မကချဉ်ချဉ်စပ်စပ်ဆိုရင်အရမ်းကြိုက်တာ။ ကိုယ်တိုင်လုပ်စားချင်နေတာကြာပြီ။ သခွားသီးနဲ့ သုတ် ရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ ကျွန်မက အဲဒီလိုပေါက်တတ်ကရတွေလည်း ၁ခါ၁လေ လုပ်တတ်တယ်။ အထူးအဆန်းပေါ့။ စားကောင်းတော့လည်း နောက်ထပ်ချက်ရမယ့်ဟင်း ၁ခွက် တိုးသွားတာပေါ့ရှင်။ အခုလဲ ကျွန်မအတွက် နောက်ဟင်း ၁ခွက် တိုးသွားပါပြီ။ စကားမစပ် ဒီနေ့ သားသား အသက် ၁နှစ် ၁လပြည့် သွားပါပြီ။

အရင်ဦးဆုံး သခွားသီး ခပ်လတ်လတ်၁လုံးကို အခွံခွာ၊ ထိပ်ပိုင်း ၂ခုကိုဖြတ်ပစ်ပါတယ်။ ရေဆေးပါတယ်။ ထက် ခြမ်း ခြမ်း ပြီး အစေ့အကုန်လုံးကို ဓားနဲ့ထုတ်ပစ်ပါတယ်။ ဓားဖြင့် သေးသေးရှည်ရှည်လှီးပါတယ်။ စိတ်တော့ အတော်ရှည်ရတယ်။ ပန်းကန်လေးထဲမှာ လှီးထားပြီးပြီဖြစ်သော သခွားသီးတွေကို ပုံထားပါတယ်။ ပဲသီးတောင့် ကိုရေဆေးပြီး အနေတော် လှီးထားပါတယ်။ လက်၂ဆစ် အရွယ်ဆိုရပါတယ်။ စိမ်းစားငပိကို မီးဖုတ်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာကို အခွံမချွတ်ပဲ မီးဖုတ်ပါတယ်။ ငရုတ်သီးစိမ်းတောင့် ၁၀ တောင့်ကို အညာခြွေပြီး လှော်ပါ တယ်။ ငရုတ်ဆုံထဲမှာ စိမ်းစားငပိဖုတ်ပြီးသား၊ ကြက်သွန်ဖြူ ဖုတ်ပြီး အခွံနွာပြီးသား၊ ငရုတ်သီးစိမ်း တောင့် မီးဖုတ်ပြီးသားကို အားလုံး ၁ခုပြီးမှ ၁ခု ညက်နေအောင်ထောင်းပါတယ်။ ညက်ပြီးဆိုလျင် ပန်းကန်ထဲမှာထည့် ထားပါတယ်။ သံပုရာသီး ၁စိတ်လှီးပါ။ ကျွန်မက ၁ခြမ်းလုံးထည့်ချင်တာ။ မြေပဲအနည်းငယ်ကိုထောင်းပါတယ်။ မြေပဲက ထောင်းထားတာကော၊ မြေပဲကော ၂မျိုးလုံးထည့်ပါတယ်။ ခရမ်းချဉ်သီးအသေး၁လုံးကို ပါးပါးလှီးထား ပါတယ်။ အားလုံး အသင့်ဖြစ်ရင် ဆား၊ အချိုမှုန့်ထည့်ပြီး သုတ်လို့ရပါပြီ။

အစေ့လွတ် သခွားသီး မသုတ်ခင်

အစေ့လွတ် သခွားသီး သုတ်အပြီး

အားလုံးပဲ ကျန်းမာရွင်လန်းပါစေရှင် ...